“အဆောက်အဦး လိုအပ်ချက်ကတော့ တစ်ပြည်နယ်လုံးပါပဲ။ အထူးသဖြင့် ကျောင်းမှာသင်ခွင့်မရတဲ့ ကျေးရွာတွေမှာဆိုရင် ရွာအပြင် စစ်ရှောင်စခန်းမှာ မိုးကာတဲနဲ့ တဲထိုးပြီး သင်ကြားနေရတဲ့အဆင့် ဖြစ်တယ်။ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်တဲ့ စာသင်ကျောင်းများမှာ မသင်ဘဲနဲ့ ပြည်သူတို့ရဲ့နေအိမ်မှာ အကန့်တွေခွဲပြီး သင်ကြားနေတာ ရှိပါတယ်။” ဦးဘယ်ညာမီးနို (ဒုဌာနမှူး၊ IEC ပညာရေးဌာန)

0
35
ပုံစာ - ကရင်နီပြည်နယ်တွင်းရှိ စာသင်ကျောင်းတစ်ကျောင်း။

ကရင်နီ (ကယား) ပြည်၊ IEC ပညာရေးဌာနလက်အောက်ရှိကျောင်းများတွင် ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး IEC ပညာရေးဌာန ဒုဌာနမှူးဦးဘယ်ညာမီးနိုနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်အရေအတွက် တိုးပွားလာနေတာကြောင့် ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ လက်အောက်တွင် ပညာရေးဌာနကို ဖွင့်လှစ်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ကြားမှုကို ဆက်လက်လုပ်ဆောင်ပေးနေသည်။

လက်ရှိ မိုးရာသီကာလတွင် IEC လက်အောက်ရှိ စာသင်ကျောင်းများ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရ ပါလဲ။ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများနှင့် တက်ရောက်သင်ယူနေကြသည့် ကျောင်းသားကျောင်းသူများ အခြေအနေနှင့် စာသင်ကျောင်းများအတွက် မရှိမဖြစ် လိုအပ်သည့် ထောက်ပံ့မှု အခြေအနေများနှင့် ပတ်သက်ပြီး IEC ပညာရေးဌာန ၊ ဒုဌာနမှူး ဦးဘယ်ညာမီးနိုကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ လက်ရှိ ကရင်နီပြည်နယ်အတွင်း IEC ကနေ ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းပေါင်း ဘယ်လောက် အထိ ဖွင့်လှစ်ထားပြီလဲ။ ကျောင်းသား၊ကျောင်းသူတွေရဲ့ တက်ရောက်မှုက ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ လက်ရှိ ကရင်နီပြည်နယ် IEC ပညာရေးဌာနကနေ ဖွင့်ထားတဲ့ ကျောင်းပေါင်း လေးရာငါးဆယ့်ခြောက် (၄၅၆ ကျောင်း) ကျောင်းလောက် ရှိပါပြီ။ ကျောင်းသား၊ကျောင်းသူပေါင်းကတော့ လေးသောင်းခြောက်ထောင့်လေးရာခုနှစ်ဆယ့်ငါးဦး (၄၆,၄၇၅ ဦး) အထိ ရှိနေပါပြီ။ သင်ကြားရေး ဆရာ၊ဆရာမတွေကတော့ သုံးထောင့်ငါးရာလေးဆယ့်သုံးဦး (၃၅၄၃ ဦး) ရှိနေပါပြီ။

မေး။    ။ ဒီထဲမှာ ဆရာဆရာမ အရေအတွက်၊ သင်ကြားရေးပိုင်းက စွမ်းရည်မြှင့်တင်ရေးနဲ့ ထောက်ပံ့ကြေး တွေမှာ ဘယ်လိုမျိုးလိုအပ်ချက်ရှိနေပါလဲ။

ဖြေ။     ။ ဒီသင်ကြားရေးမှာ ၀င်နေတဲ့ ဆရာ၊ဆရာမ အားလုံးထဲမှာ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေ အများကြီး ပါပါတယ်။ ဒါကြောင့်မို့ သင်ကြားရေးစွမ်းအင် မြှင့်တင်မှုအတွက် အခြေခံမူလတန်း၊ အခြေခံ အလယ်တန်း ဘာသာရပ်မှူးက သင်တန်းတွေ လုပ်ထားတာရှိပါတယ်။ နောက် အခုလောလောလတ်လတ် ဆယ့်နှစ်တန်း သင်ရိုးဘာသာရပ် ကျွမ်းကျင်မှုသင်တန်းကို ကျွန်တော်တို့ ဖွင့်ဖြစ်ပါတယ်။

အဲဒီမှာ ကျွန်တော်တို့ မြေပြင်မှာကြတော့ သင်ကြားရေးနဲ့ သင်ထောက်ကူပစ္စည်းတွေ အင်မတန်လိုပါတယ်။ ရှိတဲ့အခြေအနေ ရှိတဲ့ဟာလေးနဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားဖို့ရှိပါတယ်။ ထောက်ပံ့ကြေးအနေနဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က ကျောင်းပေါင်းစုံ သုံးရာခြောက်ဆယ့်တစ်ကျောင်း (၃၆၁ ကျောင်း) ထောက်ပံ့ ပေးနိုင်ခဲ့တယ်။ ဆရာ၊ဆရာမ နှစ်ထောင့်ရှစ်ရာလေးဆယ့်နှစ်ဦး (၂၈၄၂ ဦး) ကို ငါးလ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒီနှစ်ကတော့ လူဦးရေပိုများလာခဲ့တယ်။ ကျောင်းပေါင်းလည်း ပိုများမယ်။ လူတွေ ပိုများလာတဲ့အခါကျ သင်ကြားရေး ဆရာ၊ဆရာမတွေ ထောက်ပံ့ကြေးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အလှူရှင်များကို ပူးပေါင်း စည်းရုံးပြီး အလှူမထပ်အောင် ပရောဂျက်မထပ်အောင် လုံး၀မရသေးတဲ့ကျောင်းတွေ ထောက်ပံ့ကြေးပေးနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ကနေ ၂၂ အထိ ဆောင်ရွက်ပေးခဲ့ပြီးပါပြီ။

မေး။    ။ သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေ အဆောက်အအုံတွေကရော ဘယ်လိုမျိုး လိုအပ်ချက်တွေရှိနေလဲ။

ဖြေ။     ။ သင်ကြားရေး အထောက်အကူပစ္စည်းကတော့ တော်တော်လေး လိုအပ်ချက်ရှိပါတယ်။ အထူးသဖြင့် သိပ္ပံလက်တွေ့ လုပ်ဆောင်တဲ့အခါမှာ ဓာတ်ဆားရည်တွေ ဓာတ်ပစ္စည်းတွေ မရှိပါဘူး။ မူလတန်း၊  အလယ်တန်း မှာလည်း သင်ထောက်ကူပစ္စည်းတွေ အလုံမလောက်မရှိတာ အမှန်ပါပဲ။ တခြားဒေသမှာလည်း ဒီလိုပဲနေမှာပါ။ ကရင်နီပြည်နယ် တစ်ခုတည်းမှာပဲ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။

သို့သော် ရှိတဲ့အခြေအနေနဲ့ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဆောက်အဦး လိုအပ်ချက်ကတော့ တစ်ပြည်နယ်လုံးပါပဲ။ အထူးသဖြင့် ကျောင်းမှာ သင်ခွင့်မရတဲ့ ကျေးရွာတွေမှာဆိုရင် ရွာအပြင် စစ်ရှောင်စခန်းမှာ မိုးကာတဲနဲ့ တဲထိုးပြီး သင်ကြားနေရတဲ့အဆင့် ဖြစ်တယ်။ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်တဲ့ စာသင်ကျောင်းများမှာ မသင်ဘဲနဲ့ ပြည်သူတို့ရဲ့နေအိမ်မှာ အကန့်တွေခွဲပြီး သင်ကြားနေတာရှိပါတယ်။

တချို့ရွာမှာ မနေနိုင်တဲ့သူတွေကတော့ စစ်ရှောင်စခန်းက တောထဲမှာ ရွက်ဖျင်တဲထိုးပြီး စာသင်ကြားနေပါတယ်။ လိုအပ်ချက်တွေကိုတော့ ကျွန်တော်တို့ IEC က အမိုးအကာ၊ ရွက်ဖျင်တဲတွေ မိုးကာလောက်ပဲ ပေးနိုင်ပါတယ်။ သို့သော် အခုလောလောဆယ် အလုံအလောက် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းတော့ မရှိပါဘူး။ သို့သော်လည်း ကျွန်တော်တို့ ဆက်လက်ကြိုးစားနေပါတယ်။ လိုအပ်ရင် အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

မေး။    ။ အဆင့်မြင့် ပညာရေးကောလိပ်တို့ သက်မွေးဝမ်းကျောင်းတွေမှာရော IEC အနေနဲ့ ဖွင့်လှစ်ထားတာ ရှိနေလား၊ ဒါမှမဟုတ် လွတ်လပ်တဲ့အဖွဲ့အစည်းတွေ INGO တွေကနေ ပုဂ္ဂလိကသဘောမျိုး ဖွင့်လှစ်ထားတာမျိုး ရှိနေလား။

ဖြေ။     ။ အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ပြီး အခုလက်ရှိမှာ သိပ္ပံ၊ဝိဇ္ဇာ‌ တက္ကသိုလ်တွေ ဖွင့်လှစ်နေပါပြီ။ ကရင်နီ ပြည်နယ်မှာရှိတဲ့ ပညာရေးဒီဂရီ ကောလိပ်ကျောင်းတစ်ကျောင်းလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ IEC နဲ့ ပတ်သက်တဲ့ အသက်မွေးပညာရပ်ကတော့ ကျွန်တော်တို့ အော်တိုနစ်တစ်ကျောင်းမှာပဲ ဖွင့်ပါတယ်။

ဆိုတာက သူရဲ့အလှူရှင်နဲ့ ကိုယ်ထူကိုယ်ထ ဖွင့်ထားတာ ဖြစ်ပါတယ်။ ကရင်နီ ပြည်သူပြည်သားအတွက် အကျိုးရှိတဲ့ကျောင်း ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့က အပြည့်အဝ မပံ့ပိုးပေးနိုင်ပါဘူး။ အခုလောလောဆယ် သူတို့အလှူရှင်နဲ့ သူတို့ဆောင်ရွက်နေပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာရေးနဲ့ ပတ်သက်ရင် ကိုယ်ထူကိုယ်ထကျောင်းတွေကပဲ ဆောင်ရွက်နေပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here