“အခုချိန်မှာတော့ စစ်ကောင်စီနဲ့ CNF တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ နှစ်ဖက်ညှပ် ပူးပေါင်းတိုက်ခိုက်မှုကို အပြင်းအထန် ခုခံကာကွယ် နေပါတယ်။ တိုက်ခိုက်ခံနေရတုန်း အချိန်မှာတော့ တွေ့ဆုံညှိနှိုင်းဖို့ ခက်ပါမယ်။ ကျွန်တော်တို့က ချင်းအချင်းချင်း သွေးထွက်သံယိုမဖြစ်အောင် တော်လှန်ရေး စတင်ကတည်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ တည်ဆောက် လာတဲ့မူကို အမြဲကိုင်စွဲထားပါတယ်” ဆလိုင်းယောမာန် – ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ

0
72
ပုံစာ - ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်

ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုနှင့်ပတ်သက်၍ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့က စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားသည်။

မတူပီမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့က ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန် လုပ်ဆောင်နေစဉ် CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းညီနောင်က ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ချင်းလဲန်းကောင်စီကလည်း မတူပီမြို့ ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်လျှက်ရှိရာ ဇွန်လ ၁၇ ရက်တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့က  မတူပီမြို့တွင်းမှ စစ်ဘေးရှောင်အရပ်သားများ အကြိုအပို့ဆောင်ရွက်နေသော ၎င်းတို့ရဲဘော်တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ သည့်အပြင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ ၁၄၀ ကြား အဟန့်အတားပြုလုပ်၍ စစ်ဆင်ရေး မဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၁၈ ရက်နေ့မှာပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ် သိရှိနိုင်စေရန် ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။    ။ မတူပီစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေကို CNF/CNA နဲ့ ပူးပေါင်းတပ်ဖွဲ့က အလစ်ဝင် တိုက်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်တာတွေ့ရပါတယ်။ ဘယ်လိုဖြစ်တာလဲ ရှင်းပြပေးပါဦး။

ဖြေ။     ။ ကျွန်တော်တို့ထုတ်ပြန်ချက်မှာတော့ အကျဉ်းချုံးဖော်ပြပြီး ဖြစ်ပါတယ်။ မတူပီမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ချင်းညီနောင်စစ်ဆင်ရေးကို ဇွန်လ ၉ ရက်နေ့က အစပြုတယ်။ ၁၇ ရက်နေ့မှာ ခမရ ၃၀၄ ကို သိမ်းနိုင်ခဲ့တယ်။ ဆက်လက်ပြီး စစ်ဆင်ရေးစီမံချက်အတိုင်း ကျန်နေတဲ့ ခလရ ၁၄၀ နဲ့ ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတုန်းမှာပဲ ၁၈ ရက်နေ့ မနက်မိုးမလင်းခင်မှာ နောက်ကျောကနေ CAN နဲ့ လက်အောက်ခံတပ်များရဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံလိုက်ရတာပါ။

ကျွန်တော်တို့ကို နှစ်ဖက်ညှပ်ပြီး စတိုက်ခါစမှာတော့ သူတို့ရဲ့လော်ဘီတွေ အသုံးပြုပြီး  စစ်ရှောင်တွေကို ခေါ်ထုတ်ဖို့ သွားတဲ့ CNA ရဲဘော်ကို ပစ်သတ်လိုက်လို့ လက်စားချေတဲ့သဘောနဲ့ ဝါဒတွေ ဖြန့်ခဲ့ကြတာ online ပေါ်မှာ တွေ့ကြမှာ ပါ။  တိုက်ပွဲဖြစ်နေတုန်း တိုက်ပွဲဇုန်ထဲမှာ ခွင့်ပြုချက်မရှိပဲ စစ်ကောင်စီရဲ့ စခန်းဘက်ကို ဦးတည်ပြီး မောင်းသွားတာ ဖြစ်လို့ တားမြစ်ထိမ်းသိမ်းပြီး နောက်နေ့မနက်မှာ ပြန်လွှတ်ပေးဖို့ ပြင်ဆင်ထားတဲ့‌အကြောင်း ပြည်သူကို ကျွန်တော်တို့ ဘက်က အဖြစ်မှန်ချပြလိုက်တဲ့အခါ narrative ပြောင်းသွားပြီး သူတို့တိုက်မယ့် စစ်ကောင်စီစခန်းကို ကျွန်တော်တို့က တိုက်တာ မကျေနပ်လို့ တိုက်ရပါတယ်ဆိုတဲ့သဘောနဲ့ ထုတ်ပြန်ချက်တွေ ဖြေကြားချက်တွေ တွေ့ရပါတယ်။

အခုချိန်မှာတော့ ကျွန်တော်တို့ဟာ တဖက်က အကြမ်းဖက်စစ်ကောင်စီ၊ တဖက်က CNA နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ နှစ်ဘက်ညှပ်တိုက်ခိုက်ခြင်း ခံနေရတာမို့ တော်တော်အခက်အခဲရှိတာကြောင့် စစ်အာဏာရှင်ကို တိုက်နေတဲ့ ပြည်သူတွေ၊ အမှန်တရားမြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ ကိုယ်နီးစပ်ရာ အဖွဲ့အစည်း တွေကို ဆက်သွယ်ပြောပြပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ၁၀၀% အတည်မပြုနိုင်သေးတဲ့ သတင်းအရဆိုရင် စစ်ကောင်စီကလည်း သူတို့စခန်းတွေ ခုခံနေရာကနေ ထိုးစစ်အဖြစ်ပြောင်းလဲပြီး ကျွန်တော်တို့ကို နှစ်ဖက်ညှပ်တိုက် ချေမှုန်းဖို့ ကြိုးစားမယ့်သဘော တွေ့နေရပါတယ်ခင်ဗျ။

မေး။    ။ ချင်းလဲန်းကောင်စီဘက်ကလည်း အဲဒီဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်ညပိုင်းကပဲ ထုတ်ပြန်ချက်ထုတ်ပါတယ်။ အဲဒီထုတ်ပြန်မှုနဲ့ ပတ်သက်လို့ ဘယ်လိုများ ပြောချင်ပါလဲခင်ဗျာ။

ဖြေ။     ။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း အဖြေရှိပါတယ်။ (၁) အချက်အနေနဲ့ ကျွန်တော်တို့ ခမရ (၃၀၄) သိမ်းပြီး၊ ခလရ (၁၄၀) နဲ့ ဗျူဟာကုန်းဆက်သိမ်းနေချိန်မှာတောင် သူတို့ဘက်က စစ်ရေးပြင်ဆင်မှုပြုလုပ်နေတုန်းပဲ ဆိုတာကို ဖော်ပြထားပါတယ်။ (၂) အချက်အနေနဲ့ ပြင်းထန်နေတဲ့ တိုက်ပွဲဇုံထဲမှာ ညှိနှိုင်းခွင့်ပြုချက်မရှိပဲ ရန်သူ့စခန်း ဘက် ဦးတည်သွားတာဖြစ်လို့ နယ်မြေလုံခြုံ ရေးအရ ထိမ်းသိမ်းခဲ့တာဖြစ်ပြီး ညအချိန်ဖြစ်လို့ နောက်နေ့မနက်ပြန်လည် လွှတ်ပေးဖို့ကိုလဲစီစဉ်ထားပြီးဖြစ်ပါတယ်။

စစ်ရေးစစ်ရာ နားလည်သူများအနေနဲ့ ဒါဟာထုတ်ပြန်ချက်ထဲကလို “အကြောင်းမဲ့” ထိန်းသိမ်းတာ မဟုတ်ကြောင်း သိကြမှာပါ။ (၃) အချက်အနေနဲ့ စစ်ကောင်စီစခန်းတွေကို အကျအဆုံး ထိခိုက်ဒဏ်ရာများစွာနဲ့ တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားနေတာ သိသိချည်းနဲ့ သူတို့တိုက်ဖို့ ဟန့်တားလို့ တိုက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ မေးခွန်းထုတ်စရာတွေ အများကြီးပါ။

ဖနိုင်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီကို ဇွန်လ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ ချင်းညီနောင်တပ်ဖွဲ့က စတိုက်ပြီး ၁၇ ရက်နေ့မှာ အပြီးအပိုင် ရှင်းလင်းရေးလုပ်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ခလရ ၁၄၀ နဲ့ ဗျူဟာကုန်း ထိုးစ‌စ်တောင် စတင်နေပြီ ဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်နဲ့ အခြားဖြေကြားချက်ရဲ့ Timeline တွေနဲ့ တိုက်ကြည့်ရင် သိနိုင်ပါတယ်။

မေး။    ။ ချင်းလဲန်းကောင်စီအနေနဲ့ မတူပီမြို့ ခလရ ၁၄၀ နဲ့ ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်နေတဲ့အချိန်မှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက စစ်ဆင်ရေးဖော်ဆောင်လို့မရအောင် အဟန့်အတား လုပ်တာကြောင့် ခုလိုထိတွေ့မှု ဖြစ်ရတာလို့ ပြောဆိုမှုလည်းရှိပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်ပါလဲခင်ဗျာ။

ဖြေ။     ။ မတူပီမြို့ဟာ တပ်မဟာ (၁) ရဲ့ နယ်မြေဖြစ်တာ အားလုံးသိကြပါတယ်။ ဒါကြောင့် မတူပီမြို့ စစ်ကောင်စီ ကင်းစင်ရေးအတွက် ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ လချီစီမံချက်ဆွဲ စနစ်တကျပြင်ဆင်ပြီးမှ တိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့‌လောက်ကောင် အကြမ်းဖက်စစ်ကောင်စီ မတူပီမြို့က တိုက်ထုတ်နေတာကို နှောင့်ယှက်ပြီး နောက်ကျောဓားနဲ့ထိုး တိုက်ခိုက်တာက သူတို့ဖြစ်ပါတယ်။

ပိုပြီးစိုးရိမ်ရတာက အခုလိုနှစ်ဘက်ညှပ် တိုက်ခံနေရချိန်မှာ အသံတော့မဖမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ သူတို့ walkie talkie ချိတ်ဆက်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကို လမ်းညွှန်ပေးတာ ကြားရတယ်ဆိုတဲ့ မြေပြင်တပ်မှုး တွေရဲ့ သတင်းပို့မှုပါ။ အပေါ်မှာ ဖြေကြားခဲ့သလို စစ်ကောင်စီနဲ့ နှစ်ဘက်ညှပ် စစ်ရေး ၊နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဆိုရင်တော့ အတော့်ကိုဝမ်းနည်းစရာပါ။

ကျွန်တော်တို့တိုက်နေတဲ့ နွေဦးတော်လှန်ရေးကြီးကိုလဲ မေးခွန်းထုတ်စရာ အများကြီး ဖြစ်လာပါတယ်။ CNF/CNA ကို ထောက်ပံ့နေတဲ့ ပြည်တွင်းပြည်ပက ထောက်ပို့တွေ၊ EAOs  တွေ၊ NUG အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဖိအားပေးကြဖို့ ဒီကနေ တောင်းဆိုပါတယ်။

မေး။    ။ မတူပီက ဒီဖြစ်စဉ်နဲ့ ဒီကိစ္စတွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းကြဖို့ ရှိမလဲခင်ဗျာ။ ချင်းတပ်ဖွဲ့အချင်းချင်း ကြား ဖြေရှင်းနိုင်ဖို့ ဆရာတို့ဘက်က ဘယ်လိုသဘောထား ရှိပါလဲ။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းနိုင်မယ့် အခြေအနေ ရှိကြလားခင်ဗျာ။

ဖြေ။     ။ အခုချိန်မှာတော့ စစ်ကောင်စီနဲ့ CNF တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ နှစ်ဖက်ညှပ် ပူးပေါင်းတိုက်ခိုက်မှုကို အပြင်းအထန် ခုခံကာကွယ်နေပါတယ်။ တိုက်ခိုက်ခံနေရတုန်း အချိန်မှာတော့ တွေ့ဆုံညှိနှိုင်းဖို့ ခက်ပါမယ်။ ကျွန်တော်တို့က ချင်းအချင်းချင်း သွေးထွက်သံယိုမဖြစ်အောင် တော်လှန်ရေး စတင်ကတည်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ တည်ဆောက်လာတဲ့မူကို အမြဲကိုင်စွဲထားပါတယ်။

မေး။    ။ ဒီပြသနာရဲ့ အဓိက အကြောင်းအချင်းအရာက ဘာဖြစ်မလဲခင်ဗျာ။

ဖြေ။     ။ မတူပီဗျူဟာက ချင်းပြည်တောင်ပိုင်းအတွက် စကစရဲ့ အဓိက ခြေကုတ်စခန်းဖြစ်ပါတယ်။ ဆိုတော့က ဖြစ်နိုင်ချေ (၂) ခု က (၁) ချင်းညီနောင် မတူပီနဲ့ချင်းပြည်တောင်ပိုင်းကို ထိန်းချုပ်နိုင်မှာကို မလိုလားတဲ့အတွက်ကြောင့် ထိုးစစ်ဆင်တာ ဖြစ်နိုင်ပါတယ်။ (၂) အနေနဲ့ကတော့ သံသယဖြစ်မိတဲ့အရာပါ။

စစ်ကောင်စီအတွက် မတူပီဗျူဟာက အလွန်အရေးပါတာကြောင့် ဗျူဟာမကျအောင် အထက်က ဖိအားများ ရှိနေလို့လားပေါ့။ စစ်ကောင်စီကိုတိုက်နေတဲ့ တောင်လှန်ရေးတပ်ဖွဲ့ကို အင်အားအလုံးအရင်းနဲ့ နောက်ကနေ တိုက်တယ်ဆိုတာ မြန်မာပြည်သမိုင်းမှာတော့ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့အဖွဲ့တွေကပဲ လုပ်လေ့လုပ်ထ ရှိကြတာ အားလုံးသိကြမှာပါ။

မေး။    ။ မတူပီမြို့က ချင်းညီနောင် စစ်ဆင်ရေးမှာ AA/ ULA က ဘယ်လို ပူပေါင်းပါဝင်နေတယ်ဆိုတာ ရှင်းပြပေးလို့ ရလားခင်ဗျာ။

ဖြေ။     ။ နွေဦးတော်လှန်ရေး စတင်ကာစ ကျွန်တော်တို့ တူမီးနဲ့စခဲ့ကြပြီး KIA နဲ့ အခြား EAO တွေဆီမှာ စစ်သင်တန်းနဲ့ လက်နက်ထောက်ပံ့ပေးဖို့ အကူအညီတောင်းတဲ့အခါ CNF/ CNA တားမြစ်လို့ မပေးနိုင်ပါဘူးဆိုတဲ့ အဖြေပဲ ရတဲ့အချိန်၊ NUG အစိုးရ ကိုယ်တိုင်ကလည်း CNF နဲ့ MOU ထိုးထားမှုကြောင့် ထိထိရောက်ရောက် အကူအညီ မပေးနိုင်တဲ့အချိန်မျာ အိမ်နီးချင်း မဟာမိတ် AA က စစ်သင်တန်းအပြင် လက်နက်ခဲယမ်းကိုပါ တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့လို့ စစ်ရေး၊ နိုင်ငံရေး တိုက်ခိုက်မှုတွေကြားမှာ အခုလို ချင်းညီနောင် ရပ်တည်နိုင်ခဲ့တယ်ဆိုတာ ပြည်သူတွေ ပွင့်ပွင့်လင်းလင်းသိဖို့ လိုအပ်ပါတယ်။

ချင်းပြည်မှာ ဘာကြောင့် AA ကို ခေါ်တာလဲဆိုတဲ့ မေးခွန်တွေနဲ့ ပြည်သူတွေကို အမုန်းတရားပွားအောင် CNF ခေါင်းဆောင်တွေကိုယ်တိုင် မှိုင်းတိုက်နေကြတာ ဝမ်းနည်းဖွယ် ကောင်းအောင် တွေ့နေရပါတယ်။ မြန်မာပြည်အနှံ့မှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေမှာ အများဆုံး ဖြန့်ကျက်ထားပြီး တိုက်ခိုက်ပေးနေတာ Arakan Army ဆိုတာ ဘယ်သူမှငြင်းနိုင်ကြမယ် မထင်ပါဘူး။ ကချင်ပြည်လွတ်မြောက်ရေး တိုက်ပွဲတွေ၊ ကရင်ပြည်နယ် လွတ်မြောက်ရေးတိုက်ပွဲတွေ၊ လတ်တလော ရှမ်းပြည်လွတ်မြောက်ရေး တိုက်ပွဲတွေမှာ အင်အားအလုံးအရင်းနဲ့ အသက်ကို ပဓာနမထားပဲ တိုက်ပေးနေကြပါတယ်။ ကျွန်တော်တို့ကို ကူညီနေတာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညီရင်းအစ်ကိုသဖွယ် ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီကင်းစင်ရေးအတွက် အကူအညီပေးနေတာသာ ဖြစ်တယ်ဆိုတာ ပြည်သူတွေသိရှိနားလည်ကြမယ် ထင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here