“ကျွန်တော်တို့ ဆက်လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်ပေါ့နော်။ ဘယ်တော့မှ ကျွန်တော်တိုက စွန့်မှာ မဟုတ်ပါဘူး။ မဖယ်ပေးလည်း ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်မှာပဲပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲဆိုရင် ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ချင်တာ” ဆလိုင်းထက်နီ – CNF/CNA ပြောရေးဆိုခွင့်ရှိသူ

0
38
ပုံစာ - ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

မတူပီမြို့က ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့က ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန် လုပ်ဆောင်နေစဉ်မှာ CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ် အခြေအနေ၊ ချင်းပြည်၏ စစ်ရေးအခြေအနေများ သိရှိနိုင်ရန် ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ မနေ့ (ဇွန် ၁၈ ရက်) က ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ထားပါတယ်။ ချင်းအမျိုးသားတပ်ဦးနှင့် ပူးပေါင်းတပ်ဖွဲ့တွေက သူတို့ မတူပီစစ်ဆင်ရေးလုပ်တဲ့အခါမှာ အနောက်ကနေ အလစ်ဝင်တိုက်တယ်ဆိုပြီး ပြောထားပါတယ်။ အဲဒီအခြေအနေကို ရှင်းပြပေးလို့ရမလား

ဖြေ။     ။ ဟုတ်ကဲ့။ မတူပီမြို့ပေါ်မှာရှိတဲ့ ၃၀၄ နှင့် ၁၄၀ ပေါ့၊ ၁၄၀ က ဗျူဟာနဲ့ ပေါင်းထားတယ်။ စစ်ဆင်ရေး လုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်တယ်။ အဲဒီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-မတူပီ တပ်မဟာ ၂ နဲ့ ကျနော်တို့နဲ့ စစ်ဆင်ရေးလုပ်ဖို့ ပြင်ထားတာ ဖြစ်ပါတယ်။ ၁၄၀ နှင့် ဗျူဟာကုန်းကို CDF မတူပီ တပ်မဟာ ၂ နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့က သိမ်းဖို့၊ ၃၀၄ ကို AA (ချင်းညီနောင်) ဦးဆောင်တဲ့အဖွဲ့ သိမ်းဖို့ဆိုပြီးတော့ ညှိနှိူင်းချက်ကို ဧပြီ ၂၆ မှာ ညှိကြတယ်။

အဲဒါနဲ့ တဆက်တည်းမှာပဲ ကျွန်တော်တို့ တပ်မဟာ ၂ မတူပီဘက်က အဲဒီ ၁၄၀ နဲ့ ဗျူဟာကုန်းကိုသိမ်းဖို့ အဲဒီမှာ အနီးစပ်ဆုံးဖြစ်တဲ့ ဗျူဟာခရိုင်ရုံးမှာရှိတဲ့ ကောင်စီတပ်တွေကို အရင်သိမ်းမယ်ပေါ့။ အဲမှာ AA ဦးဆောင်တဲ့ အဖွဲ့တွေက ၃၀၄ ကို တိုက်တယ်။ တိုက်ပြီးတော့မှ သူတို့နယ်မြေရှင်းလင်းရေး အပြီးအစီးမလုပ်ခင်မှာ ကျွန်တော်တို့နဲ့ ၁၄၀ တပ်ရင်း ကြားထဲမှာ ဝင်လာပြီးတော့ နေရာယူကြတယ်။

၁၄၀ တပ်ရင်းကို ကျွန်တော်တို့ သိမ်းဖို့ပြင်ဆင်နေတဲ့အချိန်မှာ နာရီပိုင်းအတွင်းမှာ အဲသလိုလာပြီးတော့ နှောက်ယှက်ပြီးတော့ ၁၄၀ တပ်ရင်းကိုပစ်တယ်။ အဲဒီမှာ ရွာသားတွေက ပိတ်မိနေတဲ့ဟာရှိတယ်။ ကျွန်တော်တို့ ကို အကူအညီလာတောင်းတော့ ကျွန်တော်တို့က ကားတစ်စီးနဲ့ သွားကြိုတယ်။ ကျွန်တော်တို့ရဲ့ ကားနဲ့ ကားသမားကိုပါ ဖမ်းဆီးလိုက်တယ်။

အဲဒါနဲ့ ကျွန်တော်တို့က နေရာဖယ်ပေးဖို့ ကျွန်တော်တို့ ဝင်လာတော့မယ်လုပ်တော့ အဲဒါနဲ့ အပစ်အခတ် ဖြစ်ကြတယ်။ အဓိကကတော့ ကျွန်တော်တို့ မတူပီမြို့ထဲ မဝင်နိုင်အောင် ၁၄၀ ကိုပါ သူတို့က သိမ်းချင်တဲ့ လုပ်ရပ်တွေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ကို လုပ်သွားတယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်ပေါ့နော်။

မေး။    ။ ဘယ်လိုကြောင့် ပစ်ခတ်မှု ဖြစ်သွားတာပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ လူကိုဖမ်းတယ်။ အဲဒါနဲ့ ဘာဖြစ်လို့ ကျွန်တော်တို့တိုက်မယ့်ဟာကို လမ်းပိတ်တာလဲ၊ ဖယ်ပေးပါဆိုတာကို သူတို့မဖယ်ပေးချင်ဘူး။ မဖယ်ပေးချင်လို့ နှစ်ဘက်ပစ်ခတ်မှုဖြစ်တယ်။ အမှန်ဆိုရင်တော့ သူတို့ကို လုံးဝ ကျွန်တော်တို့မပစ်ချင်ဘူး။ ကျွန်တော်တို့က ၁၄၀ တပ်ရင်းကို ဦးတည်ပြီး တိုက်ဖို့လုပ်တဲ့ဟာ သူတို့က မနာခံဘူးပေါ့။ အဲဒီလို။ သူတို့က ညှိထားတဲ့ဟာကို ချိုးဖောက်တာ။

မေး။    ။ ၃၀၄ တပ်ရင်းကို ချင်းညီနောင်ဘက်က သိမ်းမယ်၊ ၁၄၀ တပ်ရင်းကို ချင်းလဲန်းကောင်စီဘက်က သိမ်းမယ်ဆိုပြီးတော့ သဘောတူထားတာကို ချင်းညီနောင်ဘက်က ချိုးဖောက်တယ်ဆိုတဲ့သဘောလား

ဖြေ။     ။ ဟုတ်တယ်။ ကျွန်တော်တို့ကို မပစ်နိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့ စစ်ကြောင်းထိုးမဲ့လမ်းမှာ သူတို့က လာပြီးပိတ်ထားတာ။ အဲဒီလို။ ကျွန်တော်တို့ ဟားခါး၊ မတူပီ လမ်းကြောင်းကနေ ခရိုင်၊ ခရိုင်ရုံးကနေ ၁၄၀ တပ်ရင်းဘက်သိမ်းဖို့ အဲဒီလိုလုပ်တဲ့ဟာကို သူတို့က တမင်သက်သက် လာပိတ်တာဖြစ်တယ်။

မေး။    ။ လက်ရှိမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားသေးလား၊ အခြေအနေလေး ပြောပေးပါအုံး။

ဖြေ။     ။ ဒီနေ့မနက်ပိုင်းကတော့ ကျွန်တော်တို့ အောက်ခြေမြေပြင်သတင်းကတော့ မရသေးဘူး။ ဆိုတော့ ကျွန်တော်တို့ ဘာမှမသိရသေးဘူးပေါ့နော်။

မေး။     ။ မတူပီမြို့က ၃၀၄ ကို ယမန် (ဇွန်လ ၁၈ ရက်) နေ့က ချင်းညီနောင်က သိမ်းလိုက်ပြီလို့ သိရပါတယ်။ ဆိုတော့ အခု ၁၄၀ရဲ့ ဗျူဟာကုန်းကို သိမ်းမယ့်အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ကတော့ အဲဒီဟာကို target လုပ်နေတာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်ပေါ့နော်။ ဘယ်တော့မှ ကျွန်တော်တိုက စွန့်မှာမဟုတ်ပါဘူး။ မဖယ်ပေးလည်း ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်မှာပဲပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲဆိုရင် ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ချင်တာ။

အမှန်တော့ ၃၀၄ နဲ့ ၁၄၀ ဆိုတာ မတူပီမြို့အစွန်အဖျားမှာ နည်းနည်းကျတယ်။ ၃၀၄ နဲ့ ၁၄၀ က ၃ မိုင်လောက် ဝေးတယ်။ သူတို့က ၃၀၄ ကို ပစ်မယ်ဆိုပြီးတော့ မြို့ထဲမှာ အကုန်လုံးနေရာယူကြတာ။ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်ကို ဂျက်ဖိုက်တာနဲ့ ကြိုက်သလို လာပစ်တော့တာ။ ပြည်သူ့ဆေးရုံလဲ လုံးလုံးပျက်ဆီးသွားတဲ့အထိဖြစ်တာ။

ကျွန်တော်တို့က ကိုယ့်ပြည်သူကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆိုပြီးတော့မှ စခန်းသိမ်းတာကို လုပ်လေ့ ရှိတယ်။ ကျွန်တော်တို့မှာ လိုင်လင်းပီတို့၊ ရေဇွာတို့၊ ရိတို့၊ တွန်ဇံတို့ ပြီးတော့ သိုင်ငဲင်းတို့ အဲဒီလို သိမ်းတဲ့အခါမှာ ပြည်သူလူထုထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်လေ့ရှိတယ်။ အဲဒါတော့ ပြည်သူလူထုအားလုံး အသိဖြစ်မှာပါ။

မေး။    ။ အခုလိုမျိုး ချင်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုတွေရှိတော့ ချင်းပြည်သူတွေက စိုးရိမ်ပူပန်နေကြတယ်။ ဆိုတော့ ဒီကိစ္စကို ဆက်လက်မဖြစ်ပွားအောင် ဘယ်လိုကိုင်တွယ်သင့်လဲပေါ့နော်

ဖြေ။     ။ ပြည်သူတွေအနေနဲ့ တရားခံက ဘယ်သူလဲဆိုတာကို သိဖို့၊ စိစစ်ဖို့ လိုပါလိမ့်မယ်။ ချင်းလဲန်းကောင်စီ ဆိုပြီးတော့ အဲဒီမှာရှိနေတဲ့ ချင်းတပ်မတော်၊ ကာကွယ်ရေးတပ်ဖွဲ့တွေက ချင်းပြည်အတွင်းမှာ သူများနယ်မြေ၊ သူများပြည်နယ်ကို သွားပြီးတော့ မထိန်းချုပ်ဘူး။ အကူအညီလာတောင်းရင်တော့ အဲဒီလိုလုပ်တာ ရှိတယ်။ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြတာဖြစ်တယ်။

အဓိကတော့ AA ကို သွားခေါ်ကြတယ်။ အဲဒါ ပထမဆုံးအမှား၊ ကျနော်တို့ CNA အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအားလုံး ချင်းပြည်ကို ကိုယ့်ဟာကို မသိမ်းနိုင်စရာအကြောင်း မရှိဘူး။ ကောင်းကောင်းကို ကျွန်တော်တို့ သိမ်းနိုင်တယ်။ AA အနေနဲ့ အဲဒီလိုမျိုး စစ်ကောင်စီစခန်းကို သိမ်းချင်သပဆိုရင် ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီ စခန်းတွေ မသိမ်းနိုင်သေးတာ အများကြီးရှိပါတယ်။ ဆိုတော့ တပ်ကိုပြန်ရုတ်သိမ်းပြီးတော့မှ ရခိုင်ပြည်နယ်ကို စစ်ခွေးတွေ ကင်းစင်အောင် သွားလုပ်ပါ။ အဲဒါကတော့ ရှင်းရှင်းလင်းလင်းနဲ့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ CNA ရယ်၊ CDF တွေရယ် ဒီညီနောင် ၆ ဖွဲ့ ဆိုတဲ့ဟာတွေကတော့ ညှိနှိုင်းဖို့ လုံးဝလုပ်လို့ ရတဲ့ဟာတွေ ဖြစ်တယ်၊ ဘာမှ မခက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသ၊ ကိုယ့်ပြည် ချင်းလဲန်းစစ်ရေး အခြေအနေကတော့ ကျွန်တော်တို့ ကိုယ့်ဟာကိုလုပ်သွားတာက အကောင်းဆုံး ဖြစ်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here