နောင်ချို TNLA စခန်းချနေရာကို စစ်ကောင်စီတပ် ဒရုန်းဗုံးကြဲ၊ TNLA တပ်သား ထိခိုက်ကျဆုံးမှုရှိ

0
43

သျှမ်းပြည်၊ နောင်ချိုမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စခန်းချ နေရာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ကျေးရွာအနီးရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA စခန်းချနေရာကို ဇွန်လ ၁၈ ရက် ညနေ ၃ နာရီကျော်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ၂ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့က ညနေ ၃ နာရီကျော်လောက်မှာ အုမ္မတီးလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ ဆမ္မဆယ်မှာရှိတဲ့ TNLA စခန်းချနေရာကို ဒရုန်းနဲ့ ဗုံးထပ်ပစ်တာ၊ အဲ့မှာ TNLA တပ်သားနှစ်ယောက် ဆုံးသွားပြီး ၅ ယောက် ဒဏ်ရာ ရတယ်။ အခုထက်ထိ နှစ်ဘက်တင်းမာနေတုန်းပဲ၊ စစ်ကောင်စီလက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်း ၂  စင်းဖြင့် နောင်ချိုမြို့နယ်ရှိ ၎င်းတို့တပ်စခန်းရှိရာသို့ လာရောက်ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် TNLA တပ်ဖွဲ့ဝင် ၁ ဦး အသက်ပေးလှူခဲ့ရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA တပ်ဖွဲ့ဘက်က ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ TNLA တပ်သားများ ထိခိုက်ကျဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ကို TNLA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ဇွန်လ ၉ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး အသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားတွင် လာရောက်ကြဲချခဲ့ရာ TNLA တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မတီးလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းဖြင့် လာရောက်ဗုံးကြဲချမှုကြောင့် အမျိုးသမီးတစ်ဦး ခြေလက်ထိမှန် ဒဏ်ရာရပြီး ပြည်သူနေအိမ်များ ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ဇွန်လ ၁ ရက်နေ့မှ ၁၆ ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး ၄ လုံး၊ လက်နက်ကြီး ၄၂ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု TNLA တပ်ဖွဲ့မှ ဇွန်လ (၁၇) ရက်တွင် သတင်းထုတ်ပြန် ထားသည်။

စစ်ကောင်စီတပ်သည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး TNLA တပ်ဖွဲ့ တည်ရှိရာကို နေ့စဉ်လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း TNLA ဘက်မှ ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here