မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်ကျေးရွာအတွင်း လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ

0
46

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ  မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင် မျောက်ချောကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစ၍ မျောက်ချောကျေးရွာတွင် နှစ်ဖက်တပ်အကြား လက်နက်ကြီး လက်နက်ငယ်ဖြင့်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၂ စီးဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“မနက်ပိုင်းကတည်းက စပစ်နေကြတာ။ ပစ်လိုက် နားလိုက်နဲ့ ညနေ ၅ နာရီလောက်မှ တိတ်သွားတာ၊ လူထိ သွားတာတော့ မကြားဘူး။ အိမ်တွေမီးလောင်သွားတယ်လို့ ကြားတယ်။ အခြားဟာတွေ သေချာမသိပေမယ့် လေယာဉ်နဲ့ဗုံးကြဲနေတာက တကယ်ပဲ။ အခုအခြေအနေက ငြိမ်နေတယ်” ဟု‌ ရေဖြူဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းဖြင့် ပစ်ခတ်မှုအပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခံနေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာ နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင် တိုက်ပွဲအခြေအနေ ပြန်လည်ငြိမ်သက်နေသော်လည်း မျောက်ချောကျေးရွာ အနီးတဝိုက်တွင် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေဆဲဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း ဒေသခံနေအိမ်များအပြင် မွန်ပြည်သစ်ပါတီ ဌာနဆိုင်ရာအဆောက်အအုံတချို့ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်း မရှိသေးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတို့လည်း  အတည်ပြုနေဆဲ ဖြစ်သည်။

IMNA

LEAVE A REPLY

Please enter your comment!
Please enter your name here