ပွင့်ဖြူမြို့တွင် စစ်ကောင်စီနှင့် ပျူစောထီးတို့ ဒေသခံများကို VPN စစ်ဆေးပြီးငွေညှစ်

0
41

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက လမ်းသွားလမ်းလာများကို နေ့စဉ် VPN စစ်ဆေးနေပြီး ဒဏ်ကြေးငွေ တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၁၅ ရက်မှ စ၍ နေ့စဉ် ရှောင်တခင်စစ်ဆေးနေခြင်းဖြစ်ပြီး VPN ပါလာသည့် ဖုန်းများအတွက် ဒဏ်ကြေးငွေ ကောက်ခံခြင်းမျိုး ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“VPN က သူတို့ အတွက် စားပေါက်ဖွင့်ပေးသလို ဖြစ်သွားတာပေါ့။ ဖမ်းဆီးခံရတာမျိုးတော့ မကြားသေးပေမယ့် ငွေတော့ညှစ်တယ်။ သုံးလေးသောင်း လေးငါးသောင်းက စလို့ ရှစ်သိန်းလောက်ထိ တောင်းတယ်ပြောတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ပွင့်ဖြူမြို့နယ်မှ စက်မှု ၁ ထိပ်၊ ကနီ၊ မဒဲ၊ အင်းကုန်း၊ ကျောင်းကုန်းကြီးနှင့် မဲဇလီတံတား၊ ရှောက်တော-ပွင့်ဖြူ တံတားတို့တွင် VPN ကို အဓိကထားပြီး ရှောင်တခင်စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီက စစ်ဆေးရေးလုပ်ဆောင်ရန်နှင့် ဂိတ်များစောင့်ရန် ပျူစောထီး တစ်ယောက်ကို တစ်လလျှင် လေးသိန်းဝန်းကျင်နှင့် လက်နက်တပ်ဆင်ပြီး ငှားရမ်းထားသည်ဟု သိရသည်။

ငှားရမ်းထားသော ပျူစောထီးများ၏ လစာကို ဝါစိုက်ပျိုးရေးတပ်နှင့် ရွာပျူစောထီးခေါင်းဆောင်များက ခေါင်းပုံဖြတ်တောက်ယူမှုကြောင့် တစ်သိန်းခွဲဝန်းကျင်သာ ရရှိသည့်အတွက် ပြည်သူများဆီမှ တောင်းရမ်းရရှိသော ငွေကြေးကို ခွဲယူကြသည်ဟု ဆိုသည်။

မကွေးတိုင်း စလင်းမြို့နယ်တွင် ဇွန်လ ပထမပတ်အတွင်းက VPN အသုံးပြုသူ ၇၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့သည့်အပြင် တစ်ဦးလျှင် ၈ သိန်း မှ ၁၅ သိန်းဝန်းကျင် အထိ ကောက်ခံပြီး လူဦးရေ ၄၀ ကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၃၀ နီးပါးကို စစ်မှုထမ်းရန်အတွက် စုဆောင်းသွားကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here