ဂွမြို့တွင် AA ထိုးစစ် ခုခံရန် စစ်ကောင်စီ ခံစစ်ပြင်ဆင်နေ

0
32

ရခိုင်ပြည်တောင်ပိုင်းရှိ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့တို့ကို AA က ထိုးစစ်ဆင်နေမှုကြောင့် ဂွမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ကာ ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။

ရခိုင်တွင် ဂွနှင့် မာန်အောင် မြို့ ၂ ခု၌သာ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးပေ။ ဂွမြို့တွင် တောင်ကုတ် စကခ (၅) လက်အောက်ခံ ခမရ ၅၆၂၊ ၅၆၃ တို့ အခြေစိုက်ထားသည်။

သံတွဲတိုက်ပွဲ ပြင်းထန်ပြီးနောက် ဂွအခြေစိုက် တပ်ရင်းများတွင် ဧရာဝတီဘက်မှ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်း၊ ခြံစည်းရိုးပတ်လည်၌ မိုင်းထောင်ထားခြင်းများ ပြုလုပ်ထားကြောင်း ဒေသခံများက ပြောသည်။

“၅၆၃ တပ်ရင်းမှာ အရင်က လူအင်အားတစ်ရာလောက်ပဲရှိတာ။ အခုလေးရာကျော် ရှိသွားပြီ။ တပ်ရင်းရဲ့ ခြံစည်းရိုးကိုလည်း သုံးထပ်လောက်ကာပြီး ခံစစ်အတွက် အပြင်းအထန် လုပ်နေတာပါ။ ကတုတ်ကျင်းတွေလည်း ပတ်ပတ်လည်  တူးနေတယ်။ ဒေသခံတွေကို အနားမကပ်ခိုင်းဘူး” ဟု ဂွဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဂွမြို့အဝင်ထွက်ကိုလည်း စစ်ဆေးရေးတင်းကြပ်ထားပြီး ယခုရက်ပိုင်း မြို့ခံတချို့ကို ဖမ်းဆီးခြင်း၊ အချိန်မရွေး ဧည့်စာရင်းဝင်စစ်ခြင်း၊ ကင်းလှည့်သွားလာခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းအစပ် ကျေးရွာများတွင်လည်း စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်ထားကြောင်း သိရသည်။

“စစ်ရေးအငွေ့အသက်တွေ ပိုပြီးများလာကို တွေ့လာရတယ်။ မြို့တွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲသွားလာနေတာကို တွေ့နေရတော့ ဒေသခံတွေမှာ စိုးရိမ်မှုတွေ ရှိနေကြတယ်” ဟု ဂွဒေသခံ နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက သစ်ကောက်၊ ပေါက်တူး၊ ချောင်းသာကြီး စသည့် ကျေးရွာများမှ စစ်သင်တန်းဆင်း ဦးရေ ၅၀ ခန့်ကိုလည်း ခမရ ၅၆၃ တပ်ရင်းတွင် အင်အားဖြည့်ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစ၍ AA သည် ပလက်ဝနှင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားသည်။

ရခိုင်တပြည်လုံးကို သိမ်းပိုက်သွားမည်ဟု အာရက္ခတပ်တော် (AA) က ကြေညာထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here