ထောင်ပြောင်းခံရသည့် ကျိုက်မရောထောင်ကအကျဉ်းသူများ ဒိုက်ဦးထောင်တွင်ရိုက်နှက်နှိပ်စက်ခံရ

0
34
ပုံစာ - ဒိုက်ဦးအကျဉ်းထောင် (Photo - Social Media)

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်ကနေ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ထံ ထောင်းပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသူများအပါအဝင် တခြားအကျဉ်းသူများပါ ရိုက်နှက်နှိပ်စက်ခံရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရသည်။

ထောင်ဆူပူမှုဖြစ်ပြီးနောက် ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်၌ ကျိုက်မရောထောင်က နိုင်ငံရေး အကျဉ်းသူ၊အကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၆၀ ကျော်ကို နာမည်ဆိုးနှင့် ကျော်ကြားနေသော ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည့် အကျဉ်းသူများပါလာသော ပစ္စည်းတွေကို ရှာဖွေရေး လုပ်ဆောင်ချိန်၌ ကျိုက်မရောထောင်မှပါလာသည့် အသုံးအဆောင်နှင့် အစားအသောက်များကို ထောင်ဝန်ထမ်းတွေက သိမ်းယူထားလို့ အကျဉ်းသူများက ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထိုသို့တောင်းဆိုမှုကို အမျိုးသမီးထောင်ဝန်ထမ်းများက ဖြေရှင်းပေးခြင်းမရှိဘဲ အမျိုးသား အရာရှိထောင်ဝန်ထမ်းများကို ခေါ်ယူဖြေရှင်းခိုင်းခဲ့ရာ အကျဉ်းဦးစီးအရာရှိဝန်ထမ်းများက သေနတ်ပစ်ဖောက်ပြီး နိုင်ငံရေးအကျဉ်းသူများကို အော်ဟစ်ဆဲဆို ရိုက်နှက်ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်သားများကွန်ရက် ပြောခွင့်ရကိုသိုက်ထွန်းဦးက “နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေက ရိုက်နှက်ခံခဲ့ရတယ်ပေါ့နော်။ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုးတွေ၊ ကျင်စက်တွေနဲ့ပါ ရိုက်နှက်ခံရပါတယ်။ အမျိုးသမီး ၃၀ ကျော်လောက်ကတော့ ရိုက်နှက်ခံခဲ့ရပြီး ကျန်တဲ့ ၅၀ ကျော်ကလည်း လေးခွမှန်ထားပြီး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်ပေါ့။ ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရခဲ့တဲ့သူ ၅ ဦးကျော်လောက်ရှိခဲ့တယ်” ဟု  နိုင်ငံရေးအကျဉ်းသူများ၏ဖြစ်စဉ်ကို ပြောဆိုပါသည်။

အကျဉ်းထောင်အာဏာပိုင်များ ရိုက်နှက်မှုကြောင့် ထောင်ပြောင်းနှင့် ရောက်ရှိလာသော နိုင်ငံရေးအကျဉ်း သူ ၃၀ ကျော်နဲ့ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။

ရိုက်နှက်ခံထားရသော နိုင်ငံရေးအကျဉ်းသူများကို ထောင်အာဏာပိုင်တို့က တိုက်ပိတ်ထားပြီး ဦးခေါင်းပေါက်ပြဲ ထိခိုက်ဒဏ်ရာရတဲ့ အကျဉ်းသူ ၅ ဦးကျော်လည်း ဒိုက်ဦးအကျဉ်းထောင်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

အမျိုးသမီးအကျဉ်းသူများကို အရှက်ရစေရန်ဆဲဆိုပြီး ညစ်ညမ်းသော စကားအသုံးအနှုန်းများနှင့် လူမဆန်စွာ ရိုက်နှက်ညှင်းပန်း နှိပ်စက်နေသည့် အကျဉ်းဦးစီးဝန်ထမ်းများကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးပြီး ထိရောက်သည့် အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်ပေးရန် PPNM က တောင်းဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇွန် ၁၇ ရက်နေ့အထိ အချက်အလက်များအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှ လူပေါင်း ၂၇၀၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက ၂၀၀၀၀ ကျော် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here