နောင်ချိုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနှင့်ဗုံးကြဲမှုကြောင့် ပြည်သူနေအိမ်ပျက်စီး

0
27

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးကြဲမှုများကြောင့် ပြည်သူနေအိမ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မသီး လမ်းခွဲတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့ကတော့ ညပိုင်း သုံးလေးလုံး လာပစ်တာရှိတယ်။ တမြန်နေ့ကတော့ တနေကုန် ပစ်တာ။ ရှေ့ရက်ကတော့ ရွာထဲ ဒရုန်းဗုံးသီးကျပြီး လူနေအိမ်ပျက်စီးတာရှိတယ်။ စစ်တပ်က ညီနောင်မဟာမိတ်နဲ့ PDF တွေ ရွာထဲမှာ ရှိတယ်အထင်နဲ့ ဆမ္မဆယ်ကတော့ ပြောရရင် နေ့တိုင်းလိုလို လက်နက်ကြီးကျတယ်” ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည်  ဆမ္မဆယ်ကျေးရွာရှိ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ထိမှန်ကာ ခြေလက်ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

အလားတူ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး ၄ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့တွင်လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ဆမ္မဆယ်ကတော့ ၂ ရက်ဆက်တိုက် ကျတာပေါ့၊ ရွာသားတွေတော့ တော်တော်များများ မနေရဲကြတော့ဘူး။ တချို့နေရာတွေမှာလည်း စစ်ကောင်စီက စစ်နေတာရှိတယ်။ ဆီဆုံ၊ ပါဟက်၊ ချောင်းကြီး ၇/၈ ရွာတွေကို တိုက်ပွဲ မဖြစ်ဘဲနဲ့ ညီနောင်မဟာမိတ်တွေက ရှေ့နှစ်ပတ်ကတည်းက ရှောင်ခိုင်းနေတာရှိတယ်” ဟု နောင်ချိုမြို့ခံ အမျိုးသားက ပြောပါသည်။

နောင်ချိုမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ပြန်လည်စတင်လာသည့် တကျော့ပြန်တိုက်ပွဲ ၂ လ နီးပါးအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

ထို့အပြင် ဇွန်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး ၄ လုံးကြဲချခဲ့ပြီး လက်နက်ကြီး ၄၂ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့က ဇွန်လ ၁၇  ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here