“ကျွန်တော်တို့ လိုအပ်တဲ့ အခက်အခဲက ဘာလဲဆိုတော့ လက်နက်ခဲယမ်းပဲ။ ရဲဘော်တွေ အယောက်တိုင်း အယောက်တိုင်း အကုန်လုံးကို လက်နက်တပ်ဆင်ပေးချင်တယ်။ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ရဲဘော်တွေ အကုန်လုံးကိုလည်း လက်နက်ကိုယ်စီနဲ့ တိုက်ပွဲကောင်းကောင်းဝင်နိုင်မယ့် အခြေအနေမျိုးနဲ့ မြင်ချင်တယ်” ရေးဘီလူးအဖွဲ့ခေါင်းဆောင်

0
40
Photo – ရေးဘီလူး

ရေးဘီလူးအဖွဲ့ တော်လှန်ရေးလှုပ်ရှားမှု ဖြတ်သန်းမှုအတွေ့အကြုံများ၊ အခက်အခဲများအပေါ် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသူတွေထဲတွင် အဓိကအားဖြင့် မွန်ပြည်နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ကို ပြည်သူအများ သိရှိနေခဲ့ကြပြီး ရေးမြို့တခွင်၌ အာဏာရှင်စနစ် အထူးသဖြင့် စစ်ကောင်စီကို တွန်းလှန်သည့်နေရာတွင် ယနေ့အချိန်အထိ အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ကို မြင်တွေ့ကြရသည်။

လက်ရှိအချိန်ထိ ဒေသအတွင်းမှာ အာဏာရှင်စစ်ကောင်စီကို ဦးဆောင်တော်လှန်နေသည့် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်အား တော်လှန်ရေးသမား တစ်ယောက်အဖြစ် ဖြတ်သန်းရပုံ၊ သူ့ရဲ့တော်လှန်ရေးကာလ ဖြတ်သန်း လှုပ်ရှားမှု အတွေ့အကြုံများ၊ စိန်ခေါ်မှု အခက်အခဲများ၊ လိုလားချက် မျှော်လင့်ချက်များကို မေးမြန်းတင်ပြထားပါသည်။

မေး။    ။ ပထမဆုံး တော်လှန်ရေးသမားတစ်ယောက်အဖြစ် ခံယူဖြစ်ခဲ့ပုံကို စပြောပေးပါဦး။

ဖြေ။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့လူတွေပေါ့၊ သပိတ်လမ်းကြောင်းတွေနဲ့ ဆန္ဒပြခဲ့တယ်။ ကမ္ဘာ့က သိစေမြင်စေအောင် ဆန္ဒပြခဲ့ပေမယ့် ဘယ်သူမှ အသိအမှတ်မပြုတဲ့ အခြေအနေမျိုးတွေ သိလာမြင်လာ ရတယ်။ ၅၀၅ (က) တွေ ထုတ်ပြန်ခံရတယ်။ ဒီမိုကရေစီလမ်းစဉ်ကို လိုချင်ရင် လက်နက်ကိုင်၊ တော်လှန်ရေး လမ်းစဉ်ကပဲ ရယူမှပဲ ပြန်ရမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချပြီး လက်နက်ကိုင်တော်လှန်ရေးခေါင်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

မေး။    ။ ကိုယ့်ရဲ့ခံယူချက်ကြောင့် မိသားစုဝင်ကို စစ်ကောင်စီက ဘယ်လိုမျိုး ထိခိုက်အောင်လုပ်ဆောင်ခဲ့လဲ။

ဖြေ။     ။ တော်လှန်ရေး လမ်းစဉ်ထဲကို ဝင်ပြီးတဲ့အချိန် ရေးဘီလူးဆိုတာကို စစ်ကောင်စီကသိလာတဲ့အချိန်မှာ မိသားစုဝင်တွေ တစ်ယောက်မှ မြို့ပေါ်မှာနေလို့မရဘူး။ အခြားနေရာဒေသမှာ ရှောင်တိမ်းနေရတယ်။ ရှောင်တိမ်းနေရပေမယ့် ရက်ကာလတွေ အများကြီးကြာလာတဲ့အခါ အဆင်မပြေဘူး။

ဆွေမျိုးသားချင်း ဆိုတာကလည်း ဒုက္ခရောက်ချိန်မှာ ခဏတဖြုတ် ကောင်းပေမယ့် အချိန်တွေကြာရင် အဆင်မပြေတော့ တာကြောင့် မိသားစုဝင်တွေ တိုင်းတပါးကို ရှောင်ပေးရတယ်။ ကျွန်တော်တို့တွေလည်း ဒုက္ခအများကြီး ကြုံတွေ့ခဲ့ရတယ်။ မိသားစုဝင်တွေနဲ့ကွဲကွာပြီး တောထဲမှာဖြတ်သန်းဖို့ ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုတွေ၊ မြို့ပေါ်ကနေ တောထဲကိုရောက်ပြီး တောထဲမှာနေသားကျဖို့အတွက် အချိန်အများကြီး ကျော်ဖြတ်ခဲ့ရတယ်။

မေး။    ။ လက်ရှိလှုပ်ရှားနေတဲ့ စစ်ရေးအခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ။     ။ ကျွန်တော်တို့ လက်ရှိလှုပ်ရှားနေတဲ့ အခြေအနေမှာဆိုရင် ထဲထဲဝင်ဝင် စစ်ရေးကစားနေတဲ့ နေရာသုံးခုရှိတယ်။ ခေါဇာရှိမယ်၊ ရေးမြို့ရှိမယ်၊ လမိုင်းမြို့ ရှိမယ်။ ဒီမြို့နယ်တွေထဲမှာမှ ပိုင်နက်ကျေးရွာ အသီးသီးမှာ စစ်ကစားမှုတွေရှိတယ်။ မြို့နယ်သုံးမြို့နယ်မှာလည်း စစ်ကစားမှုတွေ ရှိတယ်။ အခုအချိန် စစ်ရေးအခြေအနေတွေမှာဆိုရင် ကျွန်တော်တို့ဘက်က အားသာချက်တွေ အများကြီးရှိတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတယ်။

ကျွန်တော်တို့လုပ်သမျှ စစ်ကောင်စီခံနေရတဲ့ အခြေအနေမျိုးဖြစ်တယ်။ စစ်ကောင်စီတွေ လွယ်လွယ်ကူကူ သွားနိုင်တဲ့ အခြေအနေမျိုးမရှိဘူး။ သူတို့မိသားစုဝင်တွေတောင်မှ နေ့တိုင်း ဈေးဝယ်ထွက်တဲ့ အခြေအနေမျိုး မရှိဘူး။ သွားလာလှုပ်ရှားမှုတွေမရှိဘဲ တပ်ရင်းထဲကနေ ဘယ်မှမသွားရဲတဲ့ အနေအထားမျိုး မြင်တွေ့ရတယ်။ နေရာတိုင်းမှာလည်း ကျွန်တော်တို့ရဲဘော်တွေ ရှိနေတယ်။

ကျွန်တော်တို့ဘက်ကတော့ အသင့်အနေအထားပဲ။ လစ်ရင်လစ်သလို ကြုံရင်ကြုံသလို ပစ်လို့ရအောင်ချမှာ။ ကျွန်တော်တို့ဘက်က အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားတယ်။မြို့နယ်တွေထဲမှာ လုပ်ကိုင်ဖို့အတွက် မစ်ရှင်တွေမှာ မကြုံနေရဘူးဆိုပေမယ့် နယ်မြေခံတွေနဲ့တိုင်ပင်ပြီး စစ်ကြောင်းကြီးတွေဖွဲ့ပြီး ကျေးရွာတွေဘက်ကို နယ်မြေစိုးမိုးမှုတွေ ပြန်လည် ပြုလုပ်လာတဲ့ အခြေအနေရှိပါတယ်။

မေး။    ။ ပြီးခဲ့တဲ့ မစ်ရှင်တွေနဲ့ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေရှိပါလဲ။

ဖြေ။     ။ မစ်ရှင်တိုင်း မစ်ရှင်တိုင်းမှာ လွယ်ကူတာမျိုးမရှိဘူး။ အမြဲတမ်း အခက်အခဲရှိတယ်။ နောက်တစ်ခုက စစ်ကောင်စီ ဆယ်ယောက်ကိုလည်း ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က တစ်ယောက်၊ နှစ်ယောက်တည်းနဲ့ ဖြစ်သွားတာမျိုး။ စစ်ကောင်စီ အယောက် နှစ်ဆယ်လောက်ဆိုရင်လည်း လေးငါးယောက်နဲ့ ခံပစ်ရတဲ့ အခိုက်အတန့်မျိုး ရှိပါတယ်။ မစ်ရှင်တွေမှာ မမျှတမှုနဲ့ ဖြတ်သန်းရတယ်။ ဒါကစစ်ရေး။ စစ်အင်အားရဲ့ လှုပ်ရှားအခြေအနေပေါ့။

တကယ်တမ်း မစ်ရှင်တစ်ခု လုပ်မယ်ဆိုရင် ကားတစ်စီးလုံး ဆုံးရှုံးရတဲ့အထိ ကြုံတွေ့ရပါတယ်။ မစ်ရှင်တွေ အတွက် ကားတစ်စီး အသုံးပြုတယ်။ ဒီမစ်ရှင်အောင်သွားရင် နောက်မစ်ရှင်မှာ အသုံးပြုတယ်။ မစ်ရှင် မအောင်ဘူးဆိုရင် ကားတွေ ပြင်းထန်တဲ့အခါ ကြေမွပြီး ပျက်စီးတာမျိုးရှိတယ်။ ခေါဇာမှာဆို ကျွန်တော့် ကားတစ်စီး ဆုံးတယ်။ ချောင်းသာမှာ တစ်စီးဆုံးတယ်။ မစ်ရှင်ပြုလုပ်မယ်ဆိုရင် ငွေအများကြီးကုန်တယ်။ ဆိုင်ကယ်တွေ မြို့ဘက်တွေ သွားလာဖို့ အရေး ဖန်တီးရတယ်။

နောက်စားဝတ်နေရေးတွေ အများကြီး ပြင်ဆင်ရတယ်။ plan တွေ နည်းဗျူဟာတွေ ဆွဲရတယ်။ ကျွန်တော်တို့ ဘက်က ပိုင်နိုင်တဲ့ အခြေအနေမျိုး ကြုံလာမှသာ မစ်ရှင်ပြုလုပ်လေ့ရှိပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ ကာလမျိုး မှာတော့ အားလုံးက အခက်အခဲတွေ ချည်းပါပဲ။ အခက်အခဲတွေလို့ ကျွန်တော်တို့က အသိအမှတ်မပြုဘဲနဲ့ အကောင်းဆုံးဖြစ်အောင် ရပ်တည်ခဲ့ရတယ်။ ဇီးရိုးကနေ စခဲ့ရတာကြောင့် အခက်အခဲတွေ အများကြီး ရှိပါတယ်။

မေး။    ။ တော်လှန်ရေးကိုအောင်မြင်အောင် လုပ်ဆောင်နေတဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အခက်အခဲက ဘာဖြစ်မလဲ

ဖြေ။     ။ ကျွန်တော်တို့ အကြီးမားဆုံး ကြုံနေရတဲ့အခက်အခဲ မြေပြင်မှာစစ်တိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေ ဆုံးရှုံးသွားမှာ ပျက်စီးသွားမှာတို့တွေက ကျွန်တော်တို့တွေရဲ့ အခက်အခဲမဟုတ်ဘူး။ ဒါကို ကျွန်တော်တို့က သေရဲတယ်။ ရင်ဆိုင်ရဲတယ်။

ကျွန်တော်တို့ လိုအပ်တဲ့ အခက်အခဲက ဘာလဲဆိုတော့ လက်နက်ခဲယမ်းပဲ။ ရဲဘော်တွေ အယောက်တိုင်း အယောက်တိုင်း အကုန်လုံးကို လက်နက်တပ်ဆင်ပေးချင်တယ်။ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ရဲဘော်တွေ အကုန်လုံးကိုလည်း လက်နက်ကိုယ်စီနဲ့ တိုက်ပွဲကောင်းကောင်း ဝင်နိုင်မယ့် အခြေအနေမျိုးနဲ့ မြင်ချင်တယ်။ အဲဒီလိုမျိုးပဲဖြစ်စေချင်တယ်။

မေး။    ။ မစ်ရှင်တွေလုပ်ဆောင်တာနဲ့ ပတ်သက်လို့ရော မွန်ပြည်သူလူထုကို ဘာတွေတောင်းဆိုချင်လဲ။ ဘာတွေပြောပြချင်လဲ။

ဖြေ။     ။ ကျွန်တော်တို့အနေနဲ့ မွန်လူထုတွေကိုတော့ အများကြီး တောင်းဆိုစရာမရှိပါဘူး။ လူထုတွေ လုပ်သမျှကို ကျွန်တော်ဘက်က အကောင်းမြင်တယ်။ လူထုနဲ့ ကျွန်တော်တို့ ပြုလုပ်နေတဲ့ နေရာမျိုးမှာ ဆန့်ကျင်ဘက် ဖြစ်နေရင်တောင်မှ တော်လှန်ရေးလုပ်နေတာ သဘောမကျဘူးတို့ မကောင်းဘူးလို့ ထင်ရင်တောင်မှ လူထုတွေ‌ဝေဖန်တဲ့ အသံဖြစ်လို့ လူထုကိုအပြစ်မပြောဘူး။ ကျွန်တော်တို့ရဲ့ခံယူချက်က ဒီမိုကရေစီလမ်းစဉ်ကို လိုချင်တယ်။

လူထုရဲ့ အခြေအနေကလည်း ဒီမိုကရေစီလမ်းစဉ်ကို လိုချင်တာများပါတယ်။ တချို့က နိုင်ငံရေးကို စိတ်မဝင်စားတဲ့သူတွေ ရှိတယ်။ တချို့က အသက်အရွယ်ကြောင့် နိုင်ငံရေးကို နားမလည်တာမျိုး ရှိတယ်။ ကျွန်တော်တို့ကတော့ လူထုကို ဘယ်လိုပဲဖြစ်ဖြစ် တောင်းဆိုချင်တာမျိုး အများကြီးမရှိဘူး။ မစ်ရှင်လုပ်နေတဲ့ အချိန်မှာ ပစ်ကွင်းထဲကို ရန်သူတွေ ပစ်မှတ်တွေထဲ ဝင်လာတဲ့အချိန်မှာ ပြည်သူလူထုကိုငဲ့ပြီး ပြန်ပြီးဆုတ်ခွာရတဲ့ အခြေအနေတွေရှိတယ်။

မစ်ရှင်တစ်ခု လုပ်ရတာမလွယ်ကူဘူး။ အချိန်အများကြီး ပေးရတယ်။ မစ်ရှင်တွေတိုင်းမှာ ကိုယ်ကအသာစီးနဲ့ လုပ်ရတဲ့ပွဲတွေ မရှိဘူး။ ကိုယ့်ဘက်က လူအနည်းငယ်နဲ့လုပ်ရတဲ့ ပွဲတွေဖြစ်လို့ အခက်အခဲတော့ရှိတယ်။ လူထုအနေနဲ့ အသွားအလာပိုင်းလေးတွေ နည်းနည်းလေး ရှောင်ကျဉ်ပေးရင် ပိုအဆင်ပြေတယ်။ မသွားသင့်ဘူးထင်တဲ့ နေရာမျိုးတွေကို နည်းနည်းပါးပါး ရှောင်ပေးလိုက်ရင် အဆင်ပြေတယ်။ လူထုလုပ်သမျှ အရာလုံးကို လက်ခံတယ်။ လူထုကို အလေးထားတယ်။

မေး။    ။ NUG အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းလုပ်ဆောင်တာမျိုးရှိလား။ ဘာတွေဆက်ပြီး လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။     ။ ကျွန်တော်တို့ NUG နဲ့ ပူးပေါင်းဆောင်ရွက်ပြီး NUG လက်အောက်စစ်သားတွေ ဖြစ်သွားပြီဆိုတော့ ဘာလုပ်လုပ် NUG ရုံးကို ကြေးနန်းပို့ပေးရတယ်။ ဘာပဲဖြစ်ဖြစ် SOF တပ်ဖွဲ့ နဲ့ တိုင်ပင်ပြီးတော့ စစ်ဆင်ရေး ပြုလုပ်ရင် စစ်ကူပေးမယ်။ မွန်ပြည်နယ်မှာ လှုပ်ရှားတဲ့အပိုင်းဆိုရင် စစ်ကူလိုအပ်တဲ့အချိန်မျိုးမှာ ကျွန်တော်တို့ကို စစ်ကူခေါ်တယ်။ တပ်ရင်းနဲ့ တိုင်ပင်သွားလေ့ရှိတယ်။ နယ်မြေခံတပ်ဖွဲ့ဝင်တွေဆို KNU နဲ့လက်တွဲပြီး လုပ်လေ့ရှိတယ်။

မေး။    ။ စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထဲကို ရောက်ရှိလာတဲ့ သင်တန်းသား တွေကိုရော ဘယ်လိုလေ့ကျင့်ပေးလဲ။ သင်တန်းသားတွေကို အများကြီး လက်ခံရတဲ့ အခါမှာရော ဘာတွေ လိုအပ်ချက်တွေရှိပါလဲ။

ဖြေ။     ။ သင်တန်းသားတွေ အဓိကလိုအပ်တဲ့ အရာက ယူနီဖောင်းတွေ လိုအပ်တယ်။ လက်နက်တပ်ဆင်ရတဲ့ အပိုင်းတွေ စားဝတ်နေရေးအပိုင်းတွေ အခက်အခဲတော့ ရှိတယ်။ လူတစ်ယောက်စရိတ်ဆိုတာ မနည်းဘူး။ အယောက်ရာချီကြရင်တော့ ကျွန်တော်တို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာခဲ့တယ်။ ကျွန်‌တော်တို့က မငြီးမငြူဘဲ ဒီသင်တန်းသားတွေကို ကိုယ့်ရဲဘော်တွေလို တသားတည်း ဖြစ်သွားအောင် လူဟောင်းတွေလိုပဲ တပ်သားတွေ ဖြစ်ကုန်အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ သေချာလေ့ကျင့်ပေးဖြစ်တယ်။

လက်နက်အတပ်အဖြုတ်တွေ တပ်စိတ် တပ်ဖြန့်ပုံတွေ မဖြစ်မနေ လုပ်ရတယ်။ PT လေ့ကျင့်ခန်းတွေ မဖြစ်မနေ လုပ်ရတယ်။ သူ့ရဲ့ နိုင်ရာနိုင်ရာ တာဝန်ကို ကျွန်တော်တို့က ပြန်ပေးလေ့ရှိပါတယ်။ သူ့အားသာတဲ့အပိုင်းမှာ ထားတယ်။ ဆက်သွယ်ရေး နည်းပညာကျွမ်းတယ်ဆိုရင် ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ကွန်ပျူတာ ကျွမ်းကျင်ရင် ကွန်ပျူတာပေါ့။ တချို့ဆိုရင် စစ်ရေးပိုင်းမှာ မကျွမ်းကျင်ဘူး။ စစ်သားတစ်ယောက်လို သွားလာလှုပ်ရှားလို့ မရဘူးဆိုရင် ကျွန်တော်တို့က ပြန်ပြီးတော့ မေးခွန်းထုတ်တယ်။ သူ့ဆီက လာတဲ့အဖြေအရ ကိုက်ညီတဲ့ တာဝန်ကိုပေးတယ်။ မနိုင်တဲ့တာဝန်ကို ယူခိုင်းတာမရှိပါဘူး။

မေး။    ။ စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာ ရေးဘီလူးတို့လို တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်ကြေး ကောက်နေတယ်သဖြင့် ကောလာဟလတွေ ထုတ်လွှင့်နေတာဆိုတော့ အဲဒါတွေနဲ့ပတ်သက်လို့ရော ပြည်သူလူထုကို ဘာတွေတင်ပြချင်ပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ဘက်က စစ်ဆေးမှု ပြုလုပ်တဲ့နေရာမှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူလူထုက အများကြီးပါ။ တစ်ယောက်ချင်း တစ်ဦးချင်း ပြည်သူလူထုတိုင်းကို လိမ်ညာလို့ မရပါဘူး။ တပ်လော်ဘီတွေ ဝါဒဖြန့်တာ ဟုတ်လား၊မဟုတ်လားဆိုတာ ပြည်သူလူထုက သိပြီးသားပါ။ ပြည်သူလူထုက သိလို့လည်း အများကြီး ရှင်းပြစရာ မလိုဘူး။ ကိုယ့်ဘက်က မှန်ကန်တဲ့အတွက် ကျွန်တော်တို့က ဘယ်လောက်ပဲဝါဒဖြန့်ဖြန့် ကျွန်တော်တို့ဘက်က ဘာမှမတုန်လှုပ်ဘူး။ လုပ်စရာရှိတဲ့အလုပ်ပဲ ကျွန်တော်တို့လုပ်ပါတယ်။

ကျွန်တော်တို့က ရှင်းတယ်။ ဘုံရန်သူကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ပါတယ်။ ကားလမ်းပေါ်မှာတက်ပြီး စစ်ဆေးတယ်ဆိုရင် ကားလမ်းပေါ်သွားလာတဲ့ ဦးတည်ချက်က ဘုံရန်သူတစ်ခုပဲ ရွေးချယ်တယ်။ စစ်ဆေးတယ်။ ဒီအပိုင်းတစ်ခုပဲ ရှိတယ်။ လိုင်းကားကြီးတွေဆိုရင် အိတ်ကိုတောင်မှ ယူချခိုင်းတာမျိုး မရှိဘူး။ ယာဉ်မောင်းကို စစ်ဆေး မေးမြန်းတယ်။ ကားပေါ်က ပြည်သူတွေကို နည်းနည်းပါးပါး မေးမြန်းတယ်။ မှတ်ပုံတင် ကြည့်တယ်။ ဒီလောက်ပါပဲ။ ဟုတ်ကဲ့ပါ။

မေး။    ။ တခြားဖြည့်စွက်ပြောချင်တာရှိ ပြောပေးပါဦး

ဖြေ။     ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးရော နိုင်ငံခြားမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါ။ တော်လှန်ရေးပြီးသွားရင် ပြည်သူလူထုနဲ့ နွေးနွေးထွေးထွေး ပြန်ဆုံချင်ပါတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here