ရေးမြို့တွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးစစ်ဆေးမှုများကြမ်းနေ

0
50
ပုံစာ - စစ်ဆေးဖမ်းဆီးမှုပြုနေသည့် ရေးမြို့နယ်တွင်းတနေရာ။ (Photo - SAC Telegram)

မွန်ပြည်နယ်ရှိ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရေးမြို့နယ်တွင် စစ်ကောင်စီဘက်က ဧည့်စာရင်းအကြောင်းပြချက်နှင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှု ပိုများလာသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့က စပြီး ရေးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် သီရိနန္ဒာနှင့် အဏ္ဏဝါရပ်ကွက်တို့တွင် ညတိုင်းနီးပါး ဧည့်စာရင်းဝင်စစ်နေပြီး မထင်ရင်မထင်သလို ဖမ်းဆီးသွားခြင်းများ ရှိနေ သည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့ ဒေသခံများ ပြောပြချက်အရ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးမှုကြောင့် ဧည့်စာရင်း မတိုင်ထားသူများအပါအဝင် ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အများစုက ငွေပေးပြီး ပြန်လွတ်လာကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများကြောင့် မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်း တိုင်ကြားသူများလာပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်းတိုင်တဲ့သူကို တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်း တောင်းခံတာတွေ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေတာက စစ်ကောင်စီတပ်ရင်းဌာနချုပ်များနှင့် ရေးမြို့ပေါ်ရှိ မြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေတာ ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီနှင့် နီးစပ်သူများ ပြောဆိုမှုအရ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်တာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်ခိုအောင်းမှု မရှိစေရန် လုံခြုံရေးအထူးတင်းကြပ်ထားရန်နှင့် သတင်းလက်ဦးမှု ရယူထားရန် စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း သိရသည်။

ရေးမြို့နည်းတူ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် မွန်ပြည်နယ် မြောက်ပိုင်းက ကျိုက်ထိုမြို့နယ်တွင်လည်း စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြချက်နှင့် ဖမ်းဆီး စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၇၀ နီးပါး သတ်ဖြတ်ခံထားရသည်ဟု ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here