ကျိုင်းတုံဆေးရုံတွင် ကိုယ်ဝန်ဆောင်တဦးမှ ကလေးငယ်ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် မွေးဖွားလာ

0
120
ပုံစာ - ဆေးရုံတွင်တွေ့ရသည့် မိုင်းပြင်းမြို့ခံကလေးမိခင်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဆေးရုံတွင် ဇွန်လ ၁၃ ရက်နေ့က ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး မီးမဖွားနိုင်သဖြင့် ယာမဆေးပြားအသုံးပြုမွေးဖွားရာမှ ကလေးငယ်ခန္ဓာကိုယ်အစိတ်အပိုင်းလိုက် မွေးဖွားလာကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆေးရုံနှင့်နီးစပ်သူက “မူးယစ်ဆေးဝါးအနေနဲ့ သုံးစွဲတာ မဟုတ်ဘဲနဲ့ မွေးလို့မရဘူးဆိုမှ ကြံရာမရ ယာမသောက်လို့ ရှိရင်တော့ အားရှိတယ်။ အလုပ်လုပ်လို့ ကောင်းတယ်။ လူက တက်ကြွတယ်ဆိုတာ လူတိုင်း သိတယ်လေနော်။ အဲ့တော့ ဒီတိုင်းရိုးရိုးမွေးလို့ မထွက်တဲ့ခါကြတော့ မွေးဖို့အားရှိ‌အောင် မှီဝဲတာလို့ထင်တယ်။ ဒီအတိုင်း ရိုးရိုးမွေးလို့ အဆင်ပြေသွားရင်တော့ ဒီကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူးပေါ့” ဟု ပြောသည်။

ကလေးမိခင်မှာ မိုင်းပြင်းမြို့နယ်ဘက်မှ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိသူဖြစ်ပြီး မီးဖွာရာတွင် ကလေးမထွက်သောကြောင့် ယာမဆေးပြားသောက်ပြီး မွေးဖွားရာတွင်လည်း မမွေးနိုင်သဖြင့် ကျိုင်းတုံဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ ဆရာဝန်အကူအညီဖြင့် မီးဖွားခဲ့ရခြင်းဖြစ်ပြီး ကလေးမှာ အပိုင်းပိုင်းပြတ် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ကျိုင်းတုံနှင့် မိုင်းပြင်း မြို့နယ်များရှိ ကျေးရွာများမှ ‌ဒေသခံများသည် တောင်ယာအလုပ်ကိုသာ လုပ်ကိုင်ကြရပြီး ဝင်ငွေနည်းပါးခြင်း၊ ကျန်းမာရေး ဗဟုသုတမရှိခြင်း၊ ဘာသာစကား အခက်အခဲရှိခြင်း စသည့် အကြောင်းများ ကြောင့် အရပ်လက်သည်များဖြင့်သာ မီးဖွားနေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အရပ်လက်သည်များမှာလည်း က‌လေးသူငယ်နှင့် မီးဖွားခြင်းဆိုင်ရာ အသိပညာ အားနည်းခြင်းကြောင့် ကလေးမီးဖွားသည့်အချိန်တွင် ယာမသုံးစွဲခိုင်းခြင်း၊ အရက်သောက်ခိုင်းခြင်း၊ လူ ၂ ဦးက ကလေး မထွက်ထွက်အောင် ကိုယ်ဝန်ဆောင်၏ဗိုက်ကို ဝါးလုံးဖြင့်လှိမ့်ခြင်း စသည့် အယူအဆလွဲများ ကျင့်သုံးနေပြီး မကြာခဏ ကလေးနှင့် ကလေးမိခင်သေဆုံးမှုများ ကြုံနေရသည်ဟု ဒေသတွင်း ကျန်းမာရေးအသိပညာရှိသူများက ပြောသည်။

သားဖွားနှင့်မီးယပ်သင်တန်းတက်ထားသူ ဒေသခံအမျိုးသမီးတစ်ဦးက “ကလေးတစ်ယောက်ကို ဘယ်လို ကိုင်ပြီးတော့ ဘယ်လိုထိန်းပြီးတော့မှ မွေးရမယ်ဆိုတာလည်း သူတို့မှ မသိတာလေနော်။ သူတို့မပြောနဲ့၊ ကျမတို့ တောင် ကိုယ်တတ်ထားတဲ့ ပညာကတမျိုး၊ အဲ့လိုမျိုး အကြပ်ရိုက်ခဲ့တာလည်း ကြုံခဲ့တာပဲဆိုတော့ သူတို့ကတော့ ပိုဆိုးမှာပေါ့။ ကလေးအနေအထားတွေ ဓာတ်မှန်ရိုက်ထားတာတွေလည်းမရှိ ဘာမှလည်းမရှိဘဲနဲ့ ဒီတိုင်း ဘလိုင်းကြီးမွေးတာ” ဟု ပြောသည်။

ကလေးဖြစ်သူ သေဆုံးသွားသော်လည်း ကလေးမိခင်မှာ အခြေအနေကောင်းမွန်လျက်ရှိပြီး ၅ ရက်ခန့် ဆေးကုသ မှုခံယူပြီးပါက ဆေးရုံဆင်းနိုင်ပြီဟု ဆေးရုံနှင့်နီးစပ်သူက ပြောသည်။

သို့ရာတွင် ကလေးမိခင်မှာ ငွေကြေးမပြေလည်သည့်အတွက် အကူအညီများလည်း လိုအပ်နေသည့်အပြင် သက်ဆိုင်ရာမှ အမှုဖွင့်ဖမ်းဆီးနိုင်သည့်အတွက်လည်း ကလေးမိခင်အမျိုးသမီးမှာ စိုးရိမ်မှုများ ရှိနေသည်ဟု ဆေးရုံနှင့်နီးစပ်သူ၏ ပြောဆိုမှုအရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here