တနင်္သာရီအတွင်း ဗျူဟာမြောက် စခန်းတစ်ခုကို KNU တိုက်ခိုက်သိမ်းပိုက်

0
35
ပုံစာ - အောင်သာဝရစခန်း သိမ်းပိုက်အပြီးတွေ့ရပုံ။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၂၇ နှစ်ကြာ စစ်ကောင်စီကတပ်စွဲထားသည့် အောင်သာဝရ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးထက် မနည်းသေဆုံး၍ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိခဲ့သည်ဟု KNU တပ်မဟာ ၄၊ မြိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ပလောက်မြို့၏ အရှေ့ဘက်အနီး တနင်္သာရီမြစ်ကမ်းနံဘေးတွင်ရှိသည့် အောင်သာဝရစခန်းကို KNU တပ်မဟာ ၄၊ KNDO တပ်ရင်း ၇ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် တစ်လလောက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သာဝရစခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း လက်နက်ချ ခြင်းမရှိ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက  “စစ်သားခန့်မှန်း အယောက် ၃၀ လောက်က ထွက်ပြေး သွားကြတယ်။ လက်ရှိက ၁၇ လောင်း ပဲ ရထားသေးတယ်။ နယ်မြေရှင်းလင်းရေးလည်း လုပ်နေတာကြောင့် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်‌ရေး တပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတချို့ ရှိခဲ့တယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး” ဟု ပြောသည်။

စခန်းသိမ်းတိုက်ပွဲအပြီးတွင် စခန်းအတွင်းက စစ်ကောင်စီတပ်သား အလောင်း ၁၇ လောင်းကို တွေ့ရှိခဲ့သည်ဟု ပဒိုစောအယ်နားက အတည်ပြုပြောဆိုသည်။

ထို့အပြင် စခန်းအတွင်းထဲမှ ၁၂၀ မမ လက်နက်ကြီး နှစ်လက်၊ ၈၁ မမ လက်နက်ကြီး တစ်လက်၊ ၆၀ မမ လက်နက်ကြီး တစ်လက်၊ စက်လက်နက် နှစ်လက်၊ RPG နှစ်လက်၊ စနိုက်ပါ နှစ်လက်၊ ၁၂၀ မမ ကျည် ၁၈၀ ကျော်၊ ၆၀ မမ ကျည် တစ်ရာကျော်အပြင် သေနတ်များနှင့် မိုင်းအများအပြားကိုလည်း သိမ်းမိခဲ့သည်ဟု ဆိုသည်။

အောင်သာဝရစခန်းကို KNU တပ်မဟာ ၄ ၏ Black Tiger စစ်ကြောင်းမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းအတွင်း KNDO တပ်ရင်း ၇၊ KNLA တပ်ရင်း ၁၀ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင် ခဲ့ကြသည်။

အောင်သာဝရစခန်းသည် ၁၉၉၇ ခုနှစ် ကတည်းက ရှိနေသည့်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပုလောအခြေစိုက် ခလရ -၂၈၅ နှင့် မြိတ်အခြေစိုက် အမတ – ၃၀၁ တပ်ရင်း၏ တပ်ခွဲတစ်ခုတို့ ပူးပေါင်း၍ အင်အား ၅၀ ခန့်ဖြင့် ပူးပေါင်း အထိုင်ချထားသည့်စခန်းဖြစ်သည်။

အောင်သာဝါရစခန်းကို သိမ်းပိုက်လိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်း၌ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီစခန်းနှင့် ပျူစောထီးစခန်းပေါင်း ၁၀ ခု အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here