ပြည်သူလူထုကိုကာကွယ်ရန် တပ်မဟာသစ် ၁၁ ကို တိုးချဲ့ဖွဲ့စည်းဟု  KIA ပြောဆို

0
28
Photo - The Kachin Net

ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်မဟာ ၁၁ ကို တိုးချဲ့ ဖွဲ့စည်းခြင်းဖြစ်သည်ဟု KIO/KIA က ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁၁ ကို မေလနောက်ဆုံးပတ်ထဲတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး တပ်မဟာအသစ်ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောသည်။

“ပြည်သူလူထုရဲ့ လုံခြုံမှုတွေ ပြည်သူလူထုရဲ့ စားဝတ်နေရေးတွေ အားလုံးပေါ့။ အခက်အခဲတွေရှိနေလို့ ကျနော်တို့က တပ်မဟာ ၁၁ ကို ထပ်ပြီးမှ ဖွင့်လိုက်တာ အခြေအနေတွေ ဖြစ်ပါတယ်။ ကျနော်တို့ ရည်ရွယ်ချက် ကတော့ ပြည်သူလူထုရဲ့ လူခြုံရေးတွေကို ကြည့်ပြီးမှ ဖွင့်လိုက်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

KIA တပ်မဟာ ၁၁ ကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ထိန်းချုပ်ဒေသများကို အခြေပြုပြီး ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဘက်ကတော့ ကျနော်တို့ နယ်မြေတွေနော် ကျယ်ပြန့်တယ်။ အရင်ကတော့ ကျနော်တို့ တပ်မဟာ ၃ ကနေ ကွပ်ကဲတဲ့နယ်မြေတွေ ဖြစ်ပါတယ်။ ခရိုင် ၂ ခု ရှိပါတယ်။ ကျနော်တို့ရဲ့ ရွှေကူခရိုင်နဲ့ အိုလန်ပါခရိုင်ဆိုတဲ့ ခရိုင် ၂ ခု ရှိပါတယ်။ တပ်ရင်းကတော့ တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ ရှိပါတယ်။ အဲ့ဘက်ကတော့ ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ရှမ်းမြောက်ဘက်ပေါ့နော ဟို ရွှေလီမြစ်တကြောမှာ ဖြစ်ပါတယ်။ အဲဒီနယ်မြေကတော့ ကျနော်တို့ မန်ဝိန်းကြီးဒေသမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့နေရာမှာ ဖြစ်ပါတယ်။ ရွှေလီမြစ် တကြောလုံး ဖြစ်ပါတယ်” ၎င်းက ဆိုသည်။

လက်ရှိဖွဲ့စည်းထားသည့် KIA တပ်မဟာ ၁၁ သည် ယခင်က KIA တပ်မဟာ ၃ ကွပ်ကဲမှုအောက်တွင် တည်ရှိပြီး အုပ်ချုပ်မှုသက်ရောက်ရန် အလှမ်းဝေးခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ထို့ကြောင့် အဆိုပါဒေသများကို အုပ်ချုပ်မှုသက်ရောက်နိုင်ရန်နှင့် ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရန်အတွက် တပ်မဟာအသစ်တစ်ခုကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု KIO/KIA က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၄၊ ၆၊ ၁၀ တို့နှင့် အခြေပြု လှုပ်ရှားနေပြီး ကချင်ပြည်နယ်အတွင်း၌ တပ်မဟာ ၁၊ ၂၊ ၃၊ ၅၊ ၇၊ ၈၊ ၉ တို့ လှုပ်ရှားနေကြောင်း သိရှိရသည်။

အဆိုပါ တပ်မဟာ ၁၀ ခု၏ အောက်တွင် အထူးတပ်ရင်း သုံးခု၊ သက်ဆိုင်ရာ ဒေသအခြေစိုက် တပ်ရင်း ၂၄ ခု၊ လှုပ်ရှားတပ်မ နှစ်ခု၊ ဒေသတခုနှင့်တခု လှုပ်ရှားသွားလာသည့် တပ်ရင်း ၂၇ ခုရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here