ဂန့်ဂေါတွင် PDF နှင့် ချိတ်ဆက်ပြီး ကျည်ရောင်းချသည့် စစ်ကောင်စီနှင့်ဆက်စပ်သူများ ဖမ်းဆီးခံထားရ

0
41
Photo – CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ဂန့်ဂေါ ခ.လ.ရ ၅၀ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို ချိတ်ဆက်၍ စစ်ကောင်စီနှင့်ဆက်စပ်သည့် ကျည်တောင့်ရောင်းချသူ ၇ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ခ.လ.ရ ၅၀ က စစ်ကောင်စီတပ်သား တစ်ဦးလျှင် ကျည်အတောင့် ၅၀၀ စီ ချပေးခဲ့ရာတွင် စစ်သမီး၂ ဦးက ကျည်အတောင့် ၇၀၀၀ ကို ဇွန် ၁၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ PDF ဆီ ရောင်းချခဲ့ခြင်းဖြစ်သည်။

ကျည်ရောင်းချသူ စစ်သမီး ၂ ဦးဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် စစ်သမီး ၆ ဦး ပျူစောထီး ၁ ဦး စုစုပေါင်း ၇ ဦးကို ဇွန် ၁၇ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးခံထားဆဲဖြစ်သည်ဟု ခ.လ.ရ ၅၀ နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“လေယာဉ်အတက်အဆင်းလုပ်တာ မနေ့ကတည်းကနေ အခုချိန်ထိ သုံးကြိမ် ရှိနေပြီ။ ကျည်ရောင်းတဲ့ ကိစ္စကြောင့် အထက်လူကြီးတွေ လာစစ်ဆေးနေတာပါ။ အခုတော့ တော်တော်ရှုပ်နေကြတယ်” ဟု ခ.လ.ရ ၅၀ နှင့် နီးစပ်သူက ပြောသည်။

ကျည်ခိုးရောင်းသည့်အတွက် ဖမ်းဆီးခံထားရသော စစ်သမီး ၂ ဦးသည် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက် စစ်ဆေးခြင်းခံရပြီးသည့်နောက် ဂန့်ဂေါ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ခ.လ.ရ ၅၀ နှင့် နီးစပ်သူ၏ ပြောဆိုမှုအရ သိရသည်။

ဂန့်ဂေါ ခ.လ.ရ ၅၀ တွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ဝန်းကျင် ရှိပြီး စစ်ကောင်စီတပ်သား စစ်သမီး ၂ ဦးက ၎င်းတို့ရရှိသည့် ခွဲတမ်းထဲမှ ကျည်တစ်တောင့်လျှင် ၁၂၀၀၀ ကျပ်နှင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

နောက်ဆက်တွဲ စစ်ဆေးမှုများကိုလည်း ပြုလုပ်လျက်ရှိပြီး ကျည်ရောင်းချသူဟု ထပ်မံစစ်ဆေး ပေါ်ပေါက်လာသူ များလည်းရှိသည့်အပြင် လတ်တလောတွင် ခ.လ.ရ ၅၀ ကို အဝင်ထွက်ပိတ်ပင်ထားသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here