စစ်ကောင်စီဖမ်းဆီးထားသည့် ဆီဆိုင်မြို့ ဒေသခံ ၆၀ နီးပါး တစ်ပတ်ကြာလာသည့်အထိ ပြန်မလွတ်လာသေးဟု PNLO ပြောဆို

0
29
ပုံစာ - တောတွင်း၌ ပုန်းရှောင်နေကြသည့်ဆီဆိုင်စစ်ဘေးရှောင်အချို့။

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှ ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ပတ်ကြာလာသည့်အထိ ပြန်လွတ်လာသည်ကို မကြားရသေးကြောင်း PNLO ဘက်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၅၉ ဦးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျေးရွာရှိခန်းမ၌ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

“အဲ့ဒီဒေသခံတွေတော့ ပြန်လွတ်မြောက်လာတာမျိုးလည်း ကျနော်တို့ မကြားရသေးဘူး။ ဘယ်လိုမျိုး အခြေအနေ ရှိလဲဆိုတာကို ကျနော်တို့လည်း ဆက်လက်စုံစမ်းနေတယ်။ အခုက တောထဲမှာ ကျန်နေတဲ့သူတွေကိုလည်း ပြန်လာကြဖို့၊ အကုန်လုံး ပြန်လာမှ လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးတော့တွေ့ နေရတာပေါ့လေ။ တိမ်းရှောင်နေတဲ့ သူတွေ အကုန်လုံး ပြန်လာနေကြဖို့ ခြိမ်းခြောက်၊ အကြပ်ကိုင်နေတာမျိုးတော့ရှိတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဖမ်းဆီးခံရသူ ၅၉ ဦး အနက် ဦးရေတစ်ဝက်မှာ အမျိုးသမီးများဖြစ်ကြပြီး မည်သို့ နေထိုင်စားသောက်နေရသည့် အခြေအနေ အသေးစိတ်ကိုမသိရှိရဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ရွာသားကို အတင်းနေရပ်ပြန်ခိုင်းနေသည်မှာ ဒေသခံများကို ဓားစာခံ၊ ဒိုင်းကာအဖြစ် အသုံးချရန်အကွက်ဆင်နေကြောင်း PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆက်ပြောသည်။

“သူတို့ရှိနေတဲ့အခါကြတော့ ရွာသားတွေလည်း မပြန်ရဲဘူးလေ။ စစ်ကောင်စီရဲ့ အကျင့်တွေက တစ်နိုင်ငံလုံးသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဒေသခံပြည်သူလူထုကို အတင်းပြန်ခိုင်းတယ်။ အဓိက တစ်ခုခု ဖြစ်လာပြီ ဆိုရင်လည်း လူထုကို ကာဗာလုပ်လို့ရအောင်၊ လူသားဒိုင်းလုပ်လို့ရအောင် ဆိုတဲ့အကွက်လေး ပုံစံတွေ့နေရတယ်” ဟု ခွန်ရိန်းယံက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း ရေဖြူရွာက အမျိုးသမီးအပါအဝင် ဒေသခံ ၉ ဦးကို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အလားတူ ဇွန်လ ၂ ရက်တွင် ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဂျော့လောင် (ခ) ဖြူးစွူးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့က ဖမ်းဆီးသွားပြီး ပန်တိုင်းကျေးရွာအနီး၌ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here