သိန္နီမြို့နယ်တွင် ခြံရှင်းနေသည့်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးသေဆုံး

0
32
ပုံစာ - တိုက်ပွဲများအပြီးတွေ့ရသည့် သိန္နီမြို့မြင်ကွင်း (ပုံဟောင်းဖြစ်သည်)

သျှမ်းပြည်၊ သိန္နီမြို့နယ်တွင် ခြံရှင်းနေသည့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ကာ သေဆုံးသွားကြောင်း သိရသည်။

သိန္နီမြို့နယ် ပန်စုံရွာအနီး စစ်ကောင်စီတပ်၏  ခလရ-၂၄၀ တပ်ရင်းရှေ့၌ ဇွန်လ ၁၅ ရက် နေ့လည် ၁ နာရီခန့်က အမျိုးသမီးတစ်ဦး နှမ်းကြဲရန်အတွက် ခြံရှင်းရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်သွေးထွက်လွန်၍ သေဆုံးခဲ့ရကြောင်း သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

“ထိတာကတော့ သူတစ်ယောက်ထဲထိတာ။ မိုင်းထိပြီး ခြေထောက် ၂ ဖက်လုံး ပြတ်သွားတယ်။ သူက နှမ်းစိုက်ဖို့ ခြံသွားရှင်းတာ၊ ခြံကလည်း တပ်အရှေ့မှာဆိုတော့ ရှင်းနေရင်းနဲ့ နင်းမိတာ” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးသည် သိန္နီမြို့နယ် ပိန်းဆာကျေးရွာအုပ်စုရှိ ပန်စုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် ပါ့နန်းမြသန်းဖြစ်ကြောင်း သိရသည်။

သိန္နီမြို့နယ်တွင် ၃ လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” အပစ်ရပ်ပြီးနောက် ၅ လနီးပါးအတွင်း သိန္နီမြို့မှ ဒေသခံအချို့ နေရပ်ပြန်လာနိုင် ကြသော်လည်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမှ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သကဲ့သို့ ပြည်သူများအား မြေမြှုပ်မိုင်းအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီမြို့ပေါ်နှင့် ကျေးရွာ ၁၀ ရွာကျော်မှ ဘာသာ‌ရေးအဆောက်အဦးနှင့် ပြည်သူနေအိမ် ၆၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး လက်ရှိတွင် သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ထိန်းချုပ်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here