ထားဝယ်မောင်မယ်ရှောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး

0
47
ပုံစာ - ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ထုတ်ပြန်ချက် (Photo - Dawei PDF)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နံနက်စောပိုင်းက အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ်များကိုပါ ဖောက်ထွင်းနေတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယင်းနေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် မောင်မယ်ရှောင်ကျေးရွာနှင့် ဇဟာကျေးရွာကြားရှိ တံတားဖြူအနီး၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဇွန် ၁၅ ရက်နေ့ နေ့လည်ပိုင်း ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်း အတည်ပြု နိုင်ခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဖိုးချောက ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်  ဒေသခံဖြစ်သူ အသက် ၈၀ ဝန်းကျင် ဦးလှမြင့် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မှုလာပြီး နှစ်ဖက်တပ်ကြား တိုက်ပွဲများကြောင့် မောင်မယ်ရှောင် ကျေးရွာက ဒေသခံထောင်နဲ့ချီဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ၊ ဥဩစစ်ကြောင်းနှင့် ထားဝယ်မြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ DGRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့က စပြီး ဇွန် ၃ ရက်နေ့ အထိ မောင်မယ်ရှောင်ကျေးရွာတွင် တပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ နီးပါးကို ဖောကိထွင်းခဲ့ပြီး တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here