“မိုးတွင်းကာလဆိုပေမယ့် ကျနော်တို့ တော်လှန်ရေးအရှိန်ကို လုံးဝမနားဘူး။ တောက်လျှောက် ကျနော်တို့က တိုက်ပွဲဖော်ဆောင်သွားမှာပေါ့နော်။ ကျနော်တို့တောက်လျှောက် လုပ်သွားဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ တိုက်ပွဲကြားမှာတော့ မိုးတွင်းဆိုရင် ခက်ခဲတယ် ဆိုပေမယ့်လည်း ကျနော်တို့ရန်သူကို ဘယ်တော့မှ အချိန်မပေးဘူး” စောဒါးကို – ဒေါနစစ်ကြောင်းမှူး

0
48
Photo – DAWNA Column

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန်ကြိုးစားနေသည့် ရေး – ထားဝယ်လမ်းပိုင်းအခြေအနေနှင့်ပတ်သက်ပြီး ဒေါနစစ်ကြောင်းမှူး စောဒါးကိုနှင့် ဆက်သွယ်မေးမြန်းချက်။

ဒေါနစစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများ ထိန်းချုပ်ထားသည့် ရေး-ထားဝယ် လမ်းပိုင်းကို လက်ရှိ၌ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်ရန် ကြိုးစားလာသည်။ ယခုလို မိုးတွင်း ကာလမျိုးမှာ စစ်ကောင်စီက အဆိုပါလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ဘယ်လိုကြိုးစားနေပါလဲ။

စစ်ကောင်စီရဲ့ စစ်ရေးဖော်ဆောင်မှုကို ဒေါနစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်များဘက်က ဘယ်လို တုံ့ပြန် ဆောင်ရွက်ဖို့ရှိပါလဲ။ လက်ရှိမိုးရာသီကာလ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားရာမှာ ဘယ်လို အခက်အခဲများ ကြုံတွေ့ရပါလဲ။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဒေါနစစ်ကြောင်းမှူး စောဒါးကိုအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ စစ်ကောင်စီဘက်က ဘယ်လိုပုံစံမျိုးနဲ့ အဲဒီလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါလဲ။

ဖြေ။     ။ အဓိကတော့ စစ်ကောင်စီဘက်က စစ်ကြောင်း ၄ ကြောင်း ထိုးပြီးတော့ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး အပိုင်းရယ်ပေါ့နော်၊ အဲဒီတောက်လျှောက် ကလိန်အောင်အထိ သူတို့ကြိုးစားတာပေါ့။ စုစုပေါင်း ကျနော်တို့သိရသလောက် သူတို့ (စစ်ကောင်စီ) ရဲ့ ပူးပေါင်းအင်အားက ၃၅၀ နဲ့ ၄၀၀ ကြားမှာ ရှိတာပေါ့နော်။ လာပိတ်ပြီးထိုးတဲ့ ပုံစံမျိုး ကြိုးစားတာပေါ့။ ဆိုလိုတာကတော့ ကျနော်တို့ ဒီလမ်းပိုင်းကို စိုးမိုးထားတာဆိုတော့ ၃ လ ပိုင်းကတည်းက ကျနော်တို့ စိုးမိုးထားခြင်းဖြစ်တယ်ခင်ဗျ။

မေး။    ။ စစ်ကောင်စီက အရပ်သားအသွင်ယူပြီး စစ်အင်အားဖြည့်တင်းတာ လုပ်လာတဲ့အတွက် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ လတ်တလော ဖြစ်ခဲ့သေးလား၊ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရော ရှိပါလား

ဖြေ။     ။ အဓိကကတော့ စစ်ကောင်စီက အင်အားဖြည့်တင်းတဲ့နေရာမှာ အရပ်သားအသွင်ယူ ဖြည့်တင်းတာ ရှိသလို အဓိက စစ်ကူတပ်ကူ ပို့နေတဲ့နေရာမှာလည်းပဲ လမ်းကိုအသုံးပြုပြီးတော့ မော်လမြိုင် ရတခဘက်ကို အင်အားသွားဖြည့်တဲ့ဟာလည်း ရှိတယ်။ အရပ်သားကားတွေ သုံးတယ်။ အရပ်သား အသွင်ဆောင်ပြီး သွားတဲ့ဟာတွေ တွေ့တာပေါ့။ အဲဒီလို လာပြီးထိုးတဲ့နေရာမှာ ကျနော်တို့ ထိတွေ့တိုက်ပွဲကတော့ ဖြစ်တယ်။ တစ်နာရီကျော်ကျော်လောက် ကြာတာပေါ့နော်။

အဲဒီမှာ သူတို့ဘက်ကနေပြီးတော့ ထိခိုက်ကျဆုံးတာကတော့ အရာရှိအပါအဝင် ၆ ဦး သေဆုံးတာပေါ့နော်။ ကျန်တာကတော့ ၅ ဦး ၆ ဦးလောက်တော့ ဒဏ်ရာရတာပေါ့နော်။ အဲဒီက တစ်ပွဲဖြစ်တယ်။ ဒုတိယပွဲမှာကြတော့ ကျနော်တို့ ဒရုန်းနဲ့ ဖြစ်တယ်ပေါ့နော်။ ဒရုန်းနဲ့လည်းပဲ ထိခိုက် ဒဏ်ရာရတာ အများအပြား ရှိတယ်ပေါ့နော်။ ကျနော်တို့ မြေပြင်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပေါ့။ ကျနော်တို့ ပူးပေါင်းမဟာမိတ်တပ်ဘက်ကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးခင်ဗျ။

မေး။    ။ နောက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ ရေး-ထားဝယ် လမ်းပိုင်းတလျှောက် ဖြန့်ကျက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ဖို့ အသိပေးထုတ်ပြန်ထားတာ တွေ့ရတယ်။

ဖြေ။     ။ ဟုတ်တယ်။ ကျနော်တို့ဘက်ကတော့ မဟာမိတ်ပူးပေါင်းတပ်တွေအကုန် စုပေါင်းပြီးတော့ ဒီလမ်းကို ပြန်ပြီးထိန်းချုပ်ပြီး ပြန်လုပ်ဖို့အတွက် အားလုံးပြင်ဆင်ပြီးသား ဖြစ်တာပေါ့။ ဒါကတော့ ကျနော်တို့ဘက်က စစ်ရေးအခြေအနေ တိုးမြှင့်ပြီးတော့ တိုက်ခိုက်ချေမှုန်းသွားဖို့ ရှိတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ ပြည်သူလူထုကို အသိပေးတာပေါ့နော်။ ခရီးသွားပြည်သူတွေအားလုံးကို အသိပေးတာ ကတော့ မလိုအပ်ရင် ခရီးမသွားဖို့နဲ့ သွားလာတဲ့ နေရာမှာလည်းပဲ ဂရုစိုက်သွားလာဖို့ပေါ့နော်။

ဆိုလိုတာကတော့ အဓိက ပြောချင်တာကတော့ နေ့ပိုင်းကတော့ ပြဿနာ မရှိပါဘူး။ ယခင်က ထုတ်ပြန်ထားတဲ့ အတိုင်း ည ၆ နာရီ ကနေ မနက် ၆ နာရီ အထိကို အရေးပေါ်ကားပေါ့နော်။ အရေးပေါ်ကားမှအပ ကျန်တဲ့ဟာတွေ သွားခွင့် ကျနော်တို့ မပေးထားပါဘူး။ အရေးပေါ်ကား ဆိုရင်တောင်မှ မီးစုံဖွင့် မှန်ချပြီး မောင်းပေးဖို့ကို ကျနော်တို့ ဘက်က မေတ္တာရပ်ခံထားတာတော့ ရှိပါတယ်ခင်ဗျ။ ဒါအရေးပေါ် မဖြစ်မနေ သွားရမယ့်အပိုင်းပေါ့။

ကျန်တဲ့ လုပ်ငန်းဆောင်တာပေါ့နော်။ ကုန်ကားတွေ ခရီးသွားကားတွေကြတော့ နေ့ပိုင်းသွားတာလာတာကတော့ ရပါတယ်။ ကျနော်တို့ဘက်ကတော့ မသင်္ကာဖြစ်မှ စစ်ဆေးစိစစ်တဲ့အပိုင်းကို သွားမှာပေါ့နော်။ ကျန်တဲ့ဟာ ကတော့ အားလုံးကိုပိတ်ဆို့ပြီး လုံးဝမလာခိုင်းတဲ့ အခြေအနေမျိုးကတော့ လုံးဝကို မဟုတ်ပါဘူး။ ပြည်သူလူထုက အဓိကပေါ့နော်။ နေရေးထိုင်ရေး စားရေးသောက်ရေး ခရီးသွားလာရေး အဆင်ပြေအောင် ကျနော်တို့ဘက် ကလည်းပဲ၊ ဒါ ကျနော်ဘက်က ပူးပေါင်းအဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ စိစစ်ဆောင်ရွက်ထားတဲ့ အပိုင်းလည်း ရှိပါတယ်ခင်ဗျ။

မေး။    ။ လက်ရှိကာလက မိုးရာသီဆိုပေမယ့် ရေး-ထားဝယ် လမ်းပိုင်းမှာ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန် လာနိုင်ချေရှိတဲ့သဘောများလား။

ဖြေ။     ။ ကျနော်တို့ဘက်က မိုးတွင်းကာလဆိုပေမယ့် ကျနော်တို့ တော်လှန်ရေးအရှိန်ကို လုံးဝမနားဘူး။ တောက်လျှောက် ကျနော်တို့က တိုက်ပွဲဖော်ဆောင်သွားမှာပေါ့နော်။ ကျနော်တို့တောက်လျှောက် လုပ်သွားဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ တိုက်ပွဲကြားမှာတော့ မိုးတွင်းဆိုရင် ခက်ခဲတယ် ဆိုပေမယ့်လည်း ကျနော်တို့ရန်သူကို ဘယ်တော့မှ အချိန်မပေးဘူး။

ကျနော်တို့ဘက်ကနေလည်း ဘယ်တော့မှ နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ဒါကတော့ ဒီဘက်ကနေ ခိုင်ခိုင်မာမာနဲ့ တိုက်ခိုက်သွားမှာပါ။ နောက်တစ်ခုပြောချင်တာကတော့ စစ်ကောင်စီ ဒီ မင်းအောင်လှိုင်ရဲ့ တပ်ဟာပေါ့နော်။ တဖြည်းဖြည်း ယိုယွင်းပြီးတော့ စိတ်ဓာတ်ပိုင်း ကျဆင်းတာရှိသလို၊ ထိတွေ့တိုက်ပွဲ ဖြစ်လာတဲ့အခါမှာ ထွက်ပြေးတာတို့ ပရမ်းပတာ ဖြစ်တာတို့လည်း အများကြီး တွေ့ရတာပေါ့နော်။

စိတ်ဓာတ်အင်အား လုံးဝမရှိတော့ဘူး။ တိုက်ပွဲဝင်ချင်တဲ့ စိတ်ဓာတ်လည်း တပ်သားတွေဆီမှာ မရှိဘူးဆိုတာ ကိုလည်း မြင်လာရတာပေါ့နော်။ ဆိုလိုတာကတော့ ကျဆုံးခါနီးဖြစ်နေတဲ့ မင်းအောင်လှိုင်တပ်ကိုလည်းပဲ ဒါကတော့ လက်ရှိတိုက်နေတဲ့ အားလုံးသော စစ်ကောင်စီ တပ်သားတွေအနေနဲ့လည်းပဲ အချိန်မီ ကျနော်တို့ဆီကို အလင်းဝင်ဖို့ပေါ့နော်။ လက်နက်ချဖို့ ကျနော်တို့ ပန်ကြားထားတာ ရှိပါတယ်။

ထပ်မံပြီးလည်း ကျနော်တို့ပန်ကြားပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေဆီကို မိမိတို့ရောက်ရှိတဲ့နေရာမှာ ကျနော်တို့ဘက်ကို အလင်းဝင်လာဖို့ပေါ့နော်။ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားတာရှိသလို အခုလည်းပဲ ကျနော်တို့ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်မံပြီးတော့ မေတ္တာရပ်ခံထားတာပေါ့နော်။ ကျနော်တို့ဆီကို နီးစပ်တဲ့ နေရာမှာ အလင်းဝင်လာဖို့ပေါ့နော်။ အဲဒါတော့ မေတ္တာရပ်ခံထားပါတယ်။

မေး။    ။ ဒေသခံတွေ ထိခိုက်မှုမရှိစေဖို့ ပြည်သူ့အကျိုးကိုရှေးရှုပြီး ရေး-ထားဝယ် လမ်းပိုင်းကို မလိုအပ်ဘဲ လုံးဝ အသုံးမပြုကြဖို့ အထူးပန်ကြားထားတာဆိုတော့ တဘက်က ကုန်စည်စီးဆင်းမှုအပေါ် ဘယ်လိုမျိုး စဉ်းစားထားတာရှိပါလဲ။ (အဓိက ဆေးဝါး၊ စားနပ်ရိက္ခာ၊ စက်သုံးဆီတွေပါ)

ဖြေ။     ။ ဟုတ်ကဲ့၊ ကျနော်တို့ရှေ့မှာ ဖြေကြားသလို ပြည်သူလူထုရဲ့ စားဝတ်နေရေး ခရီးသွားလာရေးအတွက်ကို ရှေးရှုပြီးတော့ ကျနော်တို့အပိုင်းကနေပြီးတော့ ပြည်သူလူထုသွားလာတဲ့ နေရာမှာကြတော့ ကျနော်တို့ဘက်က တိုက်ပွဲဖော်ဆောင်တဲ့ အပိုင်းကို သတိထားဆောင်ရွက်နေတာလည်း ရှိပါတယ်။ ကျနော်တို့ဘက်ကနေ တော်တော့်ကို သတိထားဆောင်ရွက်နေတဲ့ဟာ ရှိပါတယ်။

ပြီးခဲ့တဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲဖြစ်တဲ့ အချိန်တုန်းကလည်းပဲ စစ်ကောင်စီ မောရဝတီရေတပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပြည်သူတွေနေတဲ့ ရွာထဲကို ပစ်ထည့်တာပေါ့နော်။ အဲဒီမှာ ပြည်သူရဲ့ မိသားစု တစ်ခုလုံး ပေါ့နော်။ ကလေးနှစ်ဦးအပါအဝင် လသား ကလေးရယ်၊ ၁၂ နှစ်သားကလေးရယ်၊ လင်မယားနှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရတာပေါ့နော်။ မိသားစုတစ်စုလုံးကတော့ ကျဆုံးသွားတာပေါ့နော်။

ဆိုလိုတာကတော့ ဒီလိုပဲလေ မည်းမည်းမြင်ရင် ပရမ်းပတာပစ်ခတ်နေတဲ့ ဒီကောင်တွေနဲ့ ကျနော်တို့ လုပ်ရတာ ဆိုတော့ တချို့ကိစ္စတွေမှာ တော်တော်လေးကို ပြည်သူလူထု ထိခိုက်မှုမရှိအောင် စစ်ရေးဖော်ဆောင်တဲ့ ဟာကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရတဲ့ အပိုင်းလည်း ရှိပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ အထက်ပါ ထုတ်ပြန်ထားတဲ့ အခြေအနေမှာလည်းပဲ အကောင်းဆုံး ဖြစ်အောင်ပေါ့နော်။

လုံးဝ မဖြစ်မနေသွားရမယ် ဆိုရင်တော့ သွားလာဖို့၊ သွားလာတဲ့နေရာမှာလည်းပဲ ကျနော်တို့ စစ်ဆေးတဲ့နေရာမှာ အသာတကြည် စစ်ဆေးခံဖို့နဲ့၊ ယာဉ်မောင်းတဲ့ အချိန်ကျရင်လည်း မှန်တွေ ချပြီးတော့ မောင်းပေးဖို့။ ထပ်မံ မေတ္တာရပ်ခံလိုတဲ့ အကြောင်းကို ဒီကနေထပ်ပြီးတော့ ပြောချင်ပါတယ်။ ခရီးသွားပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းပြီးတော့ အကုန်လုံး အဆင်ပြေချောမွေ့ပါစေလို့ ကျနော်အနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ်။

မေး။    ။ ရေး – ထားဝယ် လမ်းပိုင်းကို လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ကုန်စည်ပို့ဆောင်ရေး စတဲ့ အကြောင်းအရာအမျိုးမျိုးတွေမှာ အသုံးပြုနေကြရတဲ့ ပြည်သူတွေကို ဘာများသတိပေးတိုက်တွန်းချင်တာရှိလဲ။ ဘာများ ဖြည့်ပြောချင်တာရှိပါလဲ။

ဖြေ။     ။ ကျနော်တို့ ဒီဘက်ကတော့ ခရီးသွားပြည်သူတွေအားလုံးကို အန္တရာယ်ကင်းကင်းနဲ့ ဘေးရှင်းပြီးတော့ သွားနိုင်ဖို့အတွက်ကို ကျနော်တို့ဘက်ကလည်းပဲ အကောင်းဆုံး ဆောင်ရွက်မှာပေါ့နော်။ အဲဒီတော့ မိဘပြည်သူ များက သွားလာတဲ့နေရာမှာလည်းပဲ စစ်ရေးသတင်းကို နားထောင်ပြီး သတင်းကို အစဉ်မပြတ်ပေါ့နော်၊ တိုက်ပွဲ ဖြစ်နေတဲ့ကြားထဲကို တန်းဝင်လာတာမျိုး မဟုတ်ဘဲပေါ့နော်။ တိုက်ပွဲ ရှိနေပြီဆိုတာနဲ့ မိမိရောက်ရှိတဲ့ နေရာလေးမှာ ရပ်တန့်ပေးဖို့ ခေတ္တစောင့်ဆိုင်းပေးဖို့ ဒါလေးတွေကို မေတ္တာရပ်ခံချင်ပါတယ်။

တချို့ပြည်သူတွေက ကြောက်လန့်ပြီးတော့ နှစ်ဘက်ပစ်ခတ်နေတဲ့နေရာ တည့်တည့်ကို တိုးဝင်လာတဲ့ ဟာမျိုးကိုလည်း ကျနော်တို့ ကြုံတွေ့ခဲ့ရတာမျိုး ရှိပါတယ်။ ဆိုတော့ ဘာပဲပြောပြော တိုက်ပွဲဖြစ်တဲ့နေရာမှာ အသံကြားတာနဲ့ မိမိတို့ ရောက်ရှိတဲ့နေရာမှာ ခေတ္တရပ်ပြီးတော့ အဓိကကတော့ လက်နက်ကြီး၊ မစ်ဇိုင်း၊ လေယာဉ်ဗုံး ကြဲတာတွေကနေ ကာကွယ်မှုရအောင် မိမိတို့ရောက်ရှိတဲ့နေရာမှာ နည်းနည်းလေး ခိုလို့နေလို့ရတဲ့ နေရာလေး၊ ဖြစ်နိုင်မယ်ဆိုရင် ရေမြောင်းလိုမျိုး၊ ကျင်းလိုမျိုး၊ ချိုင့်လိုမျိုး အဲဒီနေရာမှာခိုပြီး ခေတ္တစောင့်ဆိုင်းပေးဖို့ ဒါလေးတွေကို မေတ္တာရပ်ခံပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here