PDF ထောက်ပံ့ဟုဆိုပြီး နှစ်ရက်အတွင်း ကျိုက်ထိုမြို့ခံ ၈ ဦးကို စစ်ကောင်စီဖမ်းဆီး

0
72
Photo - ကော့စံနိုင်လူမှု့ကူညီရေးအသင်းဖေ့ဘုတ်စ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်နေ အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံ ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့ခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် စစ်ကောင်စီက ကော့စနိုင်ရပ်ကွက်နေ အမျိုးသမီး ၁ ဦးနှင့် ဒေသခံအမျိုးသား ၇ ဦး စုစုပေါင်း ၈ ဦးကို PDF များကို ထောက်ပံ့ပေးမှုဖြင့် ပတ်သက်ဆက်နွယ်နေသည့် ပြောဆိုချက်များဖြင့် ၎င်းတို့နေအိမ်နှင့် အလုပ်လုပ်ကိုင်ရာနေရာသို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဦးမြအောင်နဲ့ မစုမြတ်ရတနာအောင်တို့ သားအဖက (၁၃) ရက်နေ့ ညနေ ၆ နာရီလောက်မှာ ဖမ်းခံရတယ်။ သူတို့ ပြန်လွတ်ချင်ရင် အဲ့ဒီအစ်မယောက်ကျား လာအဖမ်းခံမှ လွှတ်ပေးမယ်လို့ ရဲတွေက ပြောသွားတယ်။ ည ၁၂ နာရီ ကျော်လောက်မှာ ကော့စံနိုင်ရပ်ကွက်မှာနေတဲ့ ကိုရှိုင်း ထပ်အဖမ်းခံရတယ်။ နောက်ထပ် ၅ ယောက်ကိုလည်း PDF တွေနဲ့ အဆက်အဆံရှိလို့ဆိုပြီး လာဖမ်းသွားတယ်” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ဖမ်းဆီးခံရသူ ၈ ဦးလုံးကို သက်ဆိုင်ရာ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။

ဖမ်းဆီးခံရသူ ၈ ဦး အနက် ၅ ဦးမှာ ကော့စံနိုင်လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသဖြင့် ဖြစ်စဥ်အသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် အဆိုပါအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးနှင့် ပတ်သက်ဆက်နွယ်မှု သံသယဖြင့် လူမှုကူညီရေးအဖွဲ့ဝင်များ အပါအဝင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးမှု မကြာခဏရှိနေသလို စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်နှင့် တယ်လီဂရမ်ချန်နယ်များမှ လှုံ့ဆော်မှုကြောင့်လည်း ဖမ်းဆီးခံရခြင်းများလည်း တွေ့ရှိလာရသည်ဟု ဒေသခံတို့က ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မေလကုန်ပိုင်းက မွန်ပြည်နယ်၊ လမိုင်းမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အတွက် အဖွဲ့၏ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရကြောင်း ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလပိုင်းမှ ယခု ဇွန်လ ၁၄ ရက်နေ့အထိ အာဏာသိမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့်ပြည်သူ စုစုပေါင်း (၂၆,၀၀၀) ကျော် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here