ရှမ်းမြောက်၊ ကန်မိန်းတွင် အထက်တန်ကျောင်းဖွင့်နိုင်ရေး KIA နဲ့ ကိုးကန့်တပ် ညှိနှိုင်းနေ

0
85
ပုံစာ - ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမြင်ကွင်း။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့၊ ကန်မိန်းကျေးရွာရှိ အထက်တန်းကျောင်း ပြန်ဖွင့်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်သည်ဟု ကန်မိန်းဒေသခံများက ပြောဆိုသည်။

ကန်မိန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရ လက်အောက်ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်၌ ဇွန်လ ၁၁ ရက်နေ့တွင် ကိုးကန့်တပ်များ ရောက်ရှိလာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ရန် လာရောက်တားမြစ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ယင်းနောက် ဇွန်လ ၁၂ ရက်နေ့ ကစပြီး ရပ်ကျေးတာဝန်ခံများအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နှင့် ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက် မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကို တင်ပြထားဆဲ ဖြစ်သည်ဟု ဒေသခံတစ်ဦးက အခုလို ပြောသည်။

“ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြတာ မြို့နယ်အဆင့်အနေနဲ့ အဆင်မပြေလို့ ဌာနချုပ်ကို တင်ပြထားတဲ့ အခြေအနေ ဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်း မဖွင့်သေးဘူး။ နှစ်ဖက်စလုံး ညှိနှိုင်းနေတဲ့ အခြေနေပဲမို့” ဟု ၎င်းက ဆိုသည်။

လားရှိုးမြို့ကနေ မိုင် ၂၀၀ အကွာတွင်ရှိသည့် အဆိုပါကန်မိန်းကျေးရွာသည် အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိ ကျေးရွာ တစ်ခုဖြစ်ပြီး ကချင်၊ ရှမ်း၊  တရုတ် လူမျိုးတို့ နေထိုင်ကြသည့်ကျေးရွာဖြစ်ပြီး အထက်တန်းကျောင်း ဖွင့်လှစ် လာခဲ့သည်မှာ ခေတ်အဆက်ဆက် ရှိခဲ့ပြီဟု ဒေသခံများက ပြောဆိုသည်။

သို့သော် “၁၀၂၇ စစ်ဆင်ရေး” အပြီးနောက်ပိုင်း ကချင်လူမျိုး အများစုနေထိုင်သည့်ဘက်ကို KIO/KIA အောက် အုပ်ချုပ်ရေးယန္တာရားနှင့် အုပ်ချုပ်နေပြီး တရုတ်အများစုနေထိုင်သည့်ဘက်တွင် ကိုးကန့်တပ်က အုပ်ချုပ်နေပြီး ဒေသခံရှမ်းလူမျိုးအများစုကို ကိုးကန့်တပ်က တပ်သားလုပ်ခိုင်းနေပြီး ကိုးကန့်ဘက်က အုပ်ချုပ်နေသည်ဟု ဆိုသည်။

တရုတ်အများစုနေထိုင်သည့်ဘက်၌ တရုတ်စာသင်ကျောင်း အလယ်တန်းအထိ သင်ကြားနေပြီး KIO/ KIA အုပ်ချုပ်သည့်ဘက်တွင် အထက်တန်းကျောင်းရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းအထက်တန်းကျောင်းကို KIO/KIA က NUG နှင့် ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားသည့် အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမများနှင့် သင်ကြားရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောပါသည်။

သို့သော် ဇွန်လ ၁၁ ရက်နေ့တွင် ကိုးကန့်  MNDAA တပ်က ကချင်နှင့် ရှမ်းများ နေထိုင်သည့်ဘက်က အထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ရန်  ကြိုးပမ်းလာပြီးနောက် ကျောင်းတက်ရန် ရောက်ရှိလာသော ကျောင်းသားကျောင်းသူများကိုလည်း စာသင်ခွင့် ပိတ်ပင်ခဲ့ကြောင်း ကန်မိန်းဒေသခံတစ်ဦးက အခုလို ပြောပြသည်။

“သူတို့က တရုတ်စာရော သင်မယ်။ သူတို့လက်အောက်မှာပဲ ရှိရမယ်ဆိုတဲ့ပုံစံ လုပ်နေတာ။ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်းဆရာမ ၉ ယောက်ကို ခေါ်လာတယ်” ဟု ၎င်းက ပြောပါသည်။

လက်ရှိ၌ ကန်မိန်းအထက်တန်းကျောင်းတွင်  NUG ခန့်ထားသည့် ပညာရေးဝန်ထမ်း ၁၀ ဦး၊ ကိုးကန့်ဘက်က ခေါ်လာသော ပညာရေးဝန်ထမ်း ၉ ဦး အပြင် ရှိရင်းစွဲ CDM ဆရာဆရာမများ ရှိနေပြီး ကျောင်းမဖွင့်နိုင် သေးပေမယ့် နှစ်ဘက်စလုံးက ပညာရေးဝန်ထမ်းများ အဆင်သင့်ရှိနေကြောင်း သိရသည်။

ကန်မိန်းရှိ ကချင်လူထုအားလုံးက ကန်မိန်းအထက်တန်းကျောင်းကို  NUG နှင့် သေချာချိတ်ဆက်ပြီး ကလေးများ ကို သင်ရိုးညွှန်းတန်းနှင့်အညီ ကောင်းမွန်စွာ စာသင်ယူစေချင်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီး သင်စေချင်တယ်။ အခု ကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာ ဦးထားချင်တဲ့သဘောပဲ။ သူတို့ခေါ်လာတဲ့ ကျောင်းဆရာ၊ဆရာမတွေလည်း သင်ကြားရေးအပိုင်း ကျွမ်းကျင်တဲ့သူတွေပါတာ မတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာ မဟုတ်ဘူး၊ ကြားမှာ ကလေးတွေ ကြားညှပ်တယ်” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

ကန်မိန်းရွာတွင် စစ်အာဏာမသိမ်းခင် ၁၂ တန်း အထိ သင်ကြားခဲ့ပေမယ့် ယခုနှစ်တွင် ၉ တန်းအထိသာ သင်ကြားပေးရန် စီစဉ်နေခြင်းကြောင့် အထက်တန်းကျောင်းသား၊ကျောင်းသူများက လားရှိုးဘက်ကို ပြောင်းရွှေ့ သွားကြတာရှိပြီး  ငွေကြေးမတတ်နိုင်သူတွေက ကျောင်းဆက်မတက်ရမယ့် အခြေနေနှင့် ရင်ဆိုင်နေကြရတယ်လို့ ကျောင်းသားမိဘများက ပြောသည်။

ထို့ကြောင့် ဒေသခံတို့ တောင်းဆိုကြသလို ကန်မိန်းအထက်တန်းကျောင်းကို KIA နှင့် NUG အောက်မှာသာ ဖွင့်စေချင်ပြီး ကျောင်းအမြန်ဆုံး ဖွင့်ပေးကြဖို့လည်း မျှော်လင့်နေကြသည်ဟု ပြောဆိုကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here