ညောင်ရွှေတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်း ၄၀ ကျော်ကို PDF သင်္ဂြိုဟ်ပေးရ

0
29

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို စစ်ကောင်စီတပ်က ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်း မရှိသည့်အတွက် PDF ဘက်မှ အလောင်းများအား သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့က ညောင်ရွှေမြို့ ညောင်လေးနှင့် ရေပူရွာ အကြား ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းလိုက်သေဆုံးခဲ့သည်ဟု ပျားစစ်ကြောင်း (Bees Column) မှ တာဝန်ခံတစ်ဦးက ပြောသည်။

“အဲ့နေ့တစ်ရက်တည်းပဲ စစ်ကောင်စီဘက်က စစ်ကြောင်းလိုက် ပြုတ်သွားတာ။ မနေ့ကတော့ အဲ့အလောင်းတွေ ကို မြေမြုပ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံးခဲ့ပြီး၊ သေဆုံးသွားသော စစ်သားအလောင်း များကို စစ်ကောင်စီက ၂ လကျော် ကြာသည်အထိ လာရောက်ကောက်ယူခြင်း မရှိသည့်အတွက် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်း အထူးစစ်ဆင်ရေးအဖွဲ့တို့မှ ပူးပေါင်းရှင်းလင်း သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ ဖယ်ခုံမြို့ကို တန်ပြန်စစ်ကြောင်း ထိုးနိုင်ရန်အတွက် ကြိုးပမ်းနေသကဲ့သို့ အင်းလေးအနောက်ခြမ်းတွင်လည်း စစ်ကောင်စီဘက်က လှုပ်ရှားမှု ရှိနေကြောင်း ပျားစစ်ကြောင်း Bees Column ၏ တာဝန်ခံတစ်ဦးက ဆက်ပြောသည်။

“အခုလောလောဆယ် အင်းအနောက်ခြမ်းမှာတော့ လှုပ်ရှားမှုတွေ ရှိပါတယ်။ ဖယ်ခုံဝင်ဖို့ ကြိုးစားနေတယ် ထင်တယ်။ စစ်ကောင်စီက သင်တန်းမဆင်းလည်း သူတို့လုပ်စရာရှိ သူတို့လုပ်နေတာပါပဲ။ သင်တန်းဆင်း များလာလို့ တန်ပြန်ထိုးစစ် လုပ်လာရင်လည်း သိပ်တော့အများကြီး မစိုးရိမ်ပါဘူး။ လက်နက်မရှိတုန်းက သူတို့ အင်အားကောင်းဆဲ ကာလမှာတောင် အကောင်ဆုံး ရင်ဆိုင်ကျော်ဖြတ်ခဲ့တာ ပိုစည်းလုံး၊ ပိုဂရုစိုက်ရင်ရပါပြီ” ဟု ၎င်းက ထပ်လောင်းပြောသည်။

ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လက်ရှိချိန်ထိ စစ်ဘေးရှောင်ဦးရေ ၁ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here