“လျော့နည်း လာတယ်ပေါ့၊ ထောက်ပံ့မှုအင်အားတွေ လျော့နည်းလာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ တစ်လမှာ ရက်ပေါင်း ၃၀ ရှိတဲ့ အနေအထားမှာ ၁၀ ရက်စာပဲ ထောက်ပံ့နိုင်တဲ့အတွက် ကျန်တဲ့ရက်ပေါင်း ၂၀ စာကိုကြတော့ သူတို့လည်း အခုဆိုရင် စုဆောင်းရှာမှရမယ်လေ” နွေဦးမေတ္တာအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦး

0
40
Photo – နွေဦးမေတ္တာအဖွဲ့။

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များကြုံတွေ့နေရသော အခက်အခဲများနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်များကို ထောက်ပံကူညီပေးနေသည့် နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာပြည်တောင်ဘက်အစွန်း တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင်အရေအတွက် ၆ သောင်းနီးပါး ရှိခဲ့သည်ဟု FE5 Tanintharyi ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားပါသည်။

ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ နေရပ်စွန့်ခွာခဲ့ရကြောင်း စစ်ရှောင်ကူညီသူများက ပြောဆိုသည်။

ယခုမိုးတွင်းကာလ ရောက်ရှိလာချိန်တွင် နေရပ်အိုးအိမ် စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များ ဘယ်လို အခက်အခဲများနှင့် ရင်ဆိုင်နေရပါလဲ။ ကျန်းမာရေးပြဿနာနှင့် ဆေးဝါးလိုအပ်ချက် ပြဿနာတွေကိုရော ဘယ်လို ဖြေရှင်းနေကြပါလဲ။ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ကြောင့် စားနပ်ရိက္ခာရှားပါးမှု အခြေအနေကို ဘယ်လို ကျော်လွှားနေကြရလဲ။ စစ်ဘေးရှောင် ကလေးသူငယ်များ ပညာသင်ကြားနိုင်မှု အခြေအနေက ဘယ်လို ရှိနေပါလဲ။

ဒီအခြေအနေများအားလုံး သိရှိနိုင်ရေးအတွက် တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များကို ထောက်ပံ ကူညီပေးနေသည့် နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။    ။ အခုချိန်က မိုးတွင်းကာလလည်း ရောက်လာပြီဆိုတော့ စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါလဲ။

ဖြေ။     ။ မိုးတွင်းကာလရောက်လာပြီဆိုတော့ ခြင်ထောင်တွေလိုတယ်။ စစ်ဘေးရှောင်တွေမှာကြတော့ အခုက ခြင်ထောင်တွေလည်း ဈေးတအားကြီးတယ်လေ။ ပြီးတော့ အစ်မတို့ စစ်ဘေးရှောင်တွေကြတော့ ဒီအတိုင်းကြီး ခြင်ထောင်တွေပေးဝေတဲ့ အနေအထားမျိုး အစ်မတို့ မလုပ်နိုင်သေးဘူး။ အဲဒါတွေ အဓိက က မိုးရာသီမှာကြတော့ ခြင်ကနေပြီးတော့ ဘာတွေဖြစ်လာလည်းဆိုတော့ သွေးလွန်တုပ်ကွေးတို့ ငှက်ဖျားတို့ ဖြစ်လာတယ်ဆိုတော့ အစ်မတို့က အရင် ဒါတွေမဖြစ်တဲ့နည်းကို လေ့လာတဲ့အခါမှာ အဓိကအလိုအပ်ဆုံးကတော့ ခြင်ထောင် ဖြစ်နေတယ်ပေါ့။

မေး။    ။ မိုးတွင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက် အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။     ။ ဆေးဝါးကတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် အစ်မတို့မှာ တစ်မိုးစာတွေ ဆေးစုထားတဲ့ အနေအထားမျိုးက အဲဒါ ဘာမှမလုပ်နိုင်တဲ့ အနေအထား ဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ ဆေးက အစ်မတို့ အရင်စုထားတဲ့ စစ်ဘေးရှောင်တွေအတွက် အရင်ဝယ်ထားတဲ့ ဆေးတွေဟာဆိုရင် ဓာတ်ဆားပဲရှိတယ်။ အခုက အဲဒီဆေးတွေက သုံးဆ လေးဆလောက် ထက်ပြီးတော့ မြင့်တက်လာတဲ့ အနေအထား ရှိနေတယ်ပေါ့ကွယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြီးတော့ စစ်ကောင်စီကြတော့လည်း အခုထိ ဆေးတွေကို တရားဝင် ဒီလိုမျိုးကြီး သယ်တာတို့ ဘာတို့လည်း သူတို့ခွင့်မပြုထားဘူးဆိုတော့ ရှိနေတဲ့ဆေးဆိုင်တွေကလည်း သူတို့ နောက်တခေါက် ဆေးတွေပြတ်လာတဲ့အချိန်မှာ တအားကြီး ဈေးတွေ မြင့်တက်နေတာဆိုတော့ သူတို့က အဲဒီဆေးကို ရလား မရလားဆိုတော့ မြင့် (ဈေးနှုန်း) ပြီးမှ ရနေတာဆိုတော့ အစ်မတို့မှာလည်း အဲဒီအမြင့်ကြီးတွေတက်လာဝယ်ပြီးမှ စုဆောင်းနေတယ်ပေါ့။

အရင်ကဆို ၁၀ ဖိုးနဲ့ ရတယ်။ ၃၀ ဖိုးလောက်ဆို စစ်ဘေးရှောင်တွေအတွက် လုံလုံလောက်လောက်ရတဲ့ အနေအထားမှာ ရှိတယ်။ အခုကကြတော့ ၃၀ နဲ့တောင် မလုံလောက်တော့ဘူး။ ဆေးတွေက အဆမတန် မြင့်တက်လာတယ်ဆိုတော့လေ။  ပြီးတော့ ကိုယ်လိုချင်တဲ့ဆေးတွေလည်း တခါတည်းမရ။ အဲဒါဆေးကို တအားကြီး အရေးပေါ်လိုအပ်တဲ့ အနေအထားကျရင် ဆေးဈေးမြင့်လည်း အမြင့်အနေအထားနဲ့ ဝယ်မယ် ဆိုတောင်မှ လိုချင်တဲ့အတိုင်းအတာ ပမာဏထိ မရနိုင်တဲ့ အနေအထား ဖြစ်နေတယ်။

ဆေးတွေလည်း မရှိတော့ လိုသလောက်လဲမရ ဆေးလည်းမရှိ အဲဒီလိုမျိုးအနေအထား။ စစ်ဘေးရှောင်တွေ အတွက် ဆေးမရှိဘူးလားဆိုရင် ရှိတယ်၊ မလုံလောက် နည်းနည်းပါးပါးပဲရှိတယ်။ အနည်းအကျဉ်းပဲ ရှိတယ်။ စစ်ကောင်စီကလည်း လမ်းမဖွင့်ပေးဘဲ လမ်းပိတ်ထားတယ်။ ပြီးတော့ ရှိနေတဲ့ ဆေးဆိုင်တွေကလည်း ဆေးတွေက လိုသလောက် လည်းမရ ဈေးလည်းဈေးကြီးတယ်။ မှာလည်းမရ သူတို့ အနေအထားတွေလည်း အဲဒီလိုမျိုး ဖြစ်နေတယ်။

မေး။    ။ အဲဒီရောဂါတွေကို ကုသဖို့အတွက် ဘယ်လိုပြဿနာမျိုးတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ။     ။ အစ်မကြတော့လေ ကုသဖို့ထက် ခုနတုန်းက ပြောတဲ့ပုံစံမျိုးပေါ့ အခုတအားတွေ အဖြစ်များတဲ့ အနေအထားမှာ ဒီလိုမျိုးကာကွယ်တဲ့ဟာကို အစ်မ ပိုပြီးတော့သဘောကျတယ်။ အနည်းအကျဉ်းက ဖြစ်ကြမှာပဲ။ မဖြစ်အောင်တော့ အရင်ပထမဦးဆုံး ကာကွယ်ရမယ်ပေါ့။ ကုသတဲ့အပိုင်းမှာတော့ ဆေးတွေ ခုနကလိုမျိုးပဲ၊ အဆမတန် ဈေးမြင့်နေတာမျိုးတို့ လိုအပ်တဲ့ဆေးတွေ အလုံအလောက်မရှိတာတို့ တချို့မိသားစုတွေကြတော့ ရှိတယ်လေ၊၊

နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ အစ်မတို့  တနင်္သာရီဘက်မှာ လာပြီးမှ စစ်ဘေးရှောင် နေရတဲ့ မိသားစုတွေအနေနဲ့ကြတော့လည်း ဒီလိုမျိုး စစ်ကောင်စီရှိတဲ့နေရာကို ဖြတ်ပြီးမှ သွားမရတဲ့ အနေအထားမှာ လူတွေဆို တအားပင်ပန်းတယ်ကွယ်။ အဲဒါဆိုရင်လည်း အစ်မတို့မှာ လိုချင်တဲ့ဆေးတွေ အလုံအလောက် မရှိတာရယ် ဆေးတွေအဆမတန် ဈေးများတာရယ် ဆေးဝါးလုံလောက်မှု မရှိတာရယ်ပေါ့။

မေး။    ။ မိုးတွင်းကာလလည်း ဖြစ်တယ်ဆိုတော့ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အမိုးအကာနဲ့ စားနပ်ရိက္ခာလုံလောက်မှု အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။     ။ အမိုးအကာတွေကြတော့လေ အစ်မတို့မှာ စစ်ဘေးရှောင်တွေအတွက်ဆိုပြီးမှ သက်သက်စုထားတဲ့ အမိုးအကာတွေ ရှိတယ်ပေါ့။ အဲဒါကြတော့လေ အခုစစ်ဘေးရှောင်အိမ်မှာ မိုးတွေယိုနေတယ်၊ တာလပတ် (အမိုးအကာ) ပြဲလို့ဘာလို့ ဆိုတော့ အစ်မတို့မှာ သွားပြီးခါကျဆို အဲဒါမှ တခါတည်း အဆင်ပြေအောင် ပြန်ပြီးတော့ အလဲအထပ်လုပ်ပေးတယ်။ အဲဒါ မိုးကာတွေအတွက်ပေါ့လေ။ မိုးကာတွေကြတော့ လက်ရှိ အနေအထားမှာ အစ်မတို့အတွက် အဆင်ပြေတယ်။

မိုးကာတွေကြတော့ အစ်မတို့ စစ်ဘေးရှောင်တွေအတွက် သက်သက်စုထားတဲ့ဟာရှိတယ်။ အဲဒါ မကုန်သေး ဘူးလားဆိုတော့ မကုန်သေးဘူး။ မကုန်သေးတဲ့ အဲဒီအထဲကပဲ အသုံးပြုနေရတယ်။ တကယ်လို့ စစ်ဘေးရှောင် အသစ်တွေ ထပ်လာရင်လည်း အစ်မတို့ဘက်က တာလပတ်တို့ မိုးကာတို့ သွားပေးတယ်။ ဒီလိုမျိုး အမိုးအကာ တွေအတွက် အဆင်ပြေအောင်ပေါ့။ အဲဒါတွေတော့ အစ်မတို့မှာ စုထားတဲ့ဟာတွေ ရှိတယ်။ အဲဒါတွေ ထုတ်သုံး နေတယ်။ ဒါပေမယ့် အဲဒါတွေလည်း ပြန်မဖြည့်ရသေးဘူး။ ထုတ်တော့ ထုတ်သုံးနေတယ် ရှိသလောက်နဲ့ပဲပေး ပေးပြီးတော့ထုတ်သုံးနေတယ်။ မကုန်တော့ မကုန်သေးဘူး။ အဲဒီလိုမျိုး အနေအထားတော့ရှိတယ်။

မေး။    ။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့အပြင် ဖြတ်လေးဖြတ် ဖြတ်တောက်ခံထားရကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်တဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။     ။ ဆန်တွေဆီတွေဆိုတာ အရင်ကထက် အဆမတန်ဈေးတွေ တအားမြင့်လာတယ်လေ။ အရင်က ဆီတစ်ဘူး ၃၅၀၀ တန်နဲ့ ၂၅၀၀ တန်တွေက အခုက ၅၅၀၀၊ ၆၅၀၀ ပေးပြီးတော့ ဝယ်စားနေရတယ်။ ဆေးတွေတောင်မှ အဆမတန်ပေါ့ဆို။ အရင်တုန်းကဆို မက်ထရိုဒွင်းတွေလည်း ဝမ်းသွားတဲ့အခါမှာ အစ်မတို့ သွင်းရတဲ့ ဆေးတွေရှိတယ်လေ မက်ထရိုအရည်တွေလေ။ အဲဒါတွေတောင်မှ အရင်ကဆို တစ်ဘူးကို ၁၅၀၀ ပဲ။ အခုက တစ်ဘူးကို ၅၅၀၀၊ ၆၀၀၀ ဖြစ်ကုန်တဲ့ အနေအထားတွေ ဖြစ်ကုန်ပြီပေါ့။ ဆန်တွေဆိုရင်လည်း ဒီလိုမျိုးပဲလေ။ ပြောလို့လည်းမကောင်းဘူး။ ဘယ်အချိန်မှ ပြီးမှာလဲ မသိဘူး။ စိတ်ညစ်လာပြီ။

မေး။    ။ တဖက်မှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင် ကလေးသူငယ်တွေရဲ့ ပညာသင်ခွင့် ဆုံးရှုံးတဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။     ။ ကလေးတွေကို အဲဒါ စစ်ဘေးရှောင်ကလေးတွေဆိုရင် NUG ကျောင်းတွေအားလုံးမှာ free ပဲ။ free ဆိုတာ အဝတ်အစားမဟုတ်ဘူး ကျောင်းအပ် ကျောင်းလခလည်း free ပေါ့။ ဒါပေမယ့် အစ်မတို့ကြတော့ အမြဲတမ်းတော့ စစ်ဘေးရှောင်ကလေးတွေကို သူတို့အတွက် ပေတံတွေ စာအုပ်တွေ ခဲတံတွေ မထောက်ပံ့ နိုင်တော့ဘူး။ မနှစ်ကတော့ ထောက်ပံ့ပေးတယ် တခါတလေ၊ ဒါ NUG ဖွင့်ထားတဲ့ ကျောင်းမှာ သုံးရတယ်။

ဘောပင်တွေ မာကာပန် (Marker Pan) တွေ ပြီးတော့ ဆေးရည်တွေ ပြီးတော့ ကလေးတွေ စာအုပ်တွေ ပေတံတွေ ခဲတံတွေ အဲ့လောက်ပဲ ထောက်ပံ့ပေးနိုင်တယ်။ အဓိက တကယ်မှာဆိုရင် အလိုအပ်ဆုံးက ဘာလဲဆို တကယ်မှာဆိုရင် စစ်ဘေးရှောင်အခက်အခဲမှာတောင်မှ အခုကလေ တအားကြီးလည်း ပင်ပန်းလောက်ပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ တစ်အိမ်ကို ပိုက်ဆံတစ်သိန်း မိသားစုတစ်စုရယ် ပေးလို့ရတဲ့ အနေအထား။

စစ်ဘေးရှောင်မှာကြတော့ အစ်မတို့ ကျောင်းလခလည်း free ပဲ။ အခုအစ်မတို့က NUG ကျောင်းဖြစ်တဲ့အတွက် NUG ကတော့ ကျောင်းသားတွေကို လခမယူရဘူးလို့ ပြောရမှာလား။ ဒါပေမယ့် ဆရာတွေကို သူတို့ ထောက်ပံ့ မပေးနိုင်တဲ့ အနေအထားမှာဆို အစ်မတို့ရွာမှာကြတော့ ဘယ်လိုမျိုးလုပ်လဲဆိုတော့ ရွာသားတွေပေါင်းပြီး ဆရာမတွေကို ထောက်ပံ့ပေးရတယ်လေ။

တခြားရွာကနေပြီးတော့ ကိုယ့်ရွာမှာ စေတနာနဲ့ လာလုပ်ပေးတယ် ဆိုတော့ သူတို့ကိုလည်း ပြန်ထောက်ပံ့ ပေးချင်တယ်။ အဲဒါ ကျောင်းသားတွေဆီက ပိုက်ဆံပြန်ကောက်ပြီးတော့ ဆရာတွေကို အစ်မတို့က တစ်လကို ထောက်ပံ့ကြေးပုံစံပေးဖို့ ဆရာမအင်အားများရင် အများအလိုက်ပဲ တအား လိုတယ်လေ၊ ပိုက်ဆံတွေ လိုတယ်လေ။

အဲဒါ အစ်မတို့ ပြန်စုပြီးတော့ ဆရာမတွေကို ပြန်ပြီးတော့ထောက်ပံ့ပေးတယ်ပေါ့။ ဒါပေမယ့် သူတို့မှာ ကျောင်းအသုံးအဆောင်ကြတော့ ကျောင်းအပ်တဲ့တစ်ရက်တော့ ကျောင်းအသုံးအဆောင် ပစ္စည်းတွေရတယ်။ ပြီးတော့ သူတို့အဝတ်အစားလိုကြပြီ၊ အဝတ်အစားလည်း အစ်မတို့ မထောက်ပံ့ပေးနိုင်ဘူး။ ပြောမယ်ဆို တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံးလိုပြီ။

ကျောင်းတက်မယ်ဆိုရင် အဲဒါတွေ အစ်မတို့ စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးနိုင်တဲ့ဟာတွေ မရှိဘူးပေါ့။ အဓိက ထီးတောင်မှ မထောက်ပံ့ပေးနိုင်ဘူး။ ထီးအစ ဖိနပ်အဆုံး အစ်မတို့ ဘာမှ မထောက်ပံ့ပေးနိုင်ဘူး။ ဒါပေမယ့် ကျောင်းမှာ လကုန်ခါဆို စစ်ဘေးရှောင်ဖြစ်တဲ့အတွက် သူတို့ ကျောင်းလခ မပေးရတဲ့ဟာတစ်ခုပဲ။ အဲဒါတစ်ခုပဲ အစ်မတို့ဘက်က တတ်နိုင်တယ်။

ပြီးတော့ ရွာသားတွေ အခုတော့ တအားပင်ပန်းတယ် ရွာသားတွေဆိုရင်လေ၊ သူတို့က စစ်ဘေးရှောင်လည်း မဟုတ်တဲ့အတွက် လကုန်ခါဆိုရင် သူတို့မှာလည်းပေးရ စစ်ဘေးရှောင်မဟုတ်တဲ့အတွက် သူတို့မှာ လကုန်ကျရင် ကျောင်းလခ ပေးရတယ်။ ပြောမယ်ဆိုရင် လခတွေလို့မပြောရရင် ထောက်ပံ့ကြေးပေးရတဲ့ အနေအထားမှာ တချို့ဟာ ရှိတယ်ပေါ့ကွယ်။ တချို့ကြတော့လည်း ထောက်ပံ့ကြေး မပေးချင်ကြဘူး။ သူတို့အရင်တုန်းကလည်း မပေးရဘူးဆိုတော့ အခုက ထောက်ပံ့ကြေးပေး နေရတယ်ဆိုတော့ စားနပ်ရိက္ခာတွေလည်း ဈေးကြီးလာပြီ၊ မတတ်နိုင်တဲ့ အနေအထားမှာဆိုတော့။

ကျောင်းမတက်ရတဲ့ ကလေးတွေလည်းရှိသေး၊ ဒါပေမယ့် သူတို့ပြောတယ်၊ ကျောင်းမှာသွားပြီဆိုရင် ကျွန်မတို့က မတတ်နိုင်တဲ့အခါကြရင် သားငယ်လည်း စာသင်ချင်နေတယ်၊ ဒီလိုမျိုးအနေအထားမှာ သူတို့ညှိပေးမယ် ဆိုရင်တောင်မှလေ၊ သူတို့က ဘာမတတ်နိုင်ဘူးဆိုရင် အဲဒါ ကလေးကိုကျောင်းပို့ဖို့အတွက် အဝတ်အစား အသုံးအဆောင်တွေ မဝယ်ပေးနိုင်တဲ့ အနေအထားတွေ ဖြစ်နေကြတာပေါ့။ ကုန်ဈေးနှုန်းတွေ တအားမြင့်တက်လာပြီဆိုတော့ စရိတ်စကတွေ တအားများလာတယ်။

မေး။    ။ စစ်ဘေးရှောင်တွေ ရင်ဆိုင်နေတဲ့ ကိစ္စအဝဝကိုရော ဘယ်လိုရင်ဆိုင် ဖြေရှင်းနေရလဲ။

ဖြေ။     ။ အမိုးအကာတော့ အဆင်ပြေတယ်။ စားနပ်ရိက္ခာကြတော့ အစ်မတို့က ဘယ်လိုမျိုးလုပ်နေလဲဆိုတော့ အရင်ကဆို တစ်လစာ  ပေးနိုင်တယ်။ တစ်လစာကနေပြီးတော့ ၁၅ ရက်စာ ဖြစ်လာတယ်။ ၁၅ ရက်စာကနေ ၁၀ ရက်စာ ဖြစ်လာတယ်ပေါ့။ ဒီလိုမျိုး လူတစ်ဦးကို ကလေးကနေစပြီး လူကြီးအဆုံး တစ်ရက် ဆန်ဆယ်နှစ်ပုံးကို ကြတော့ အစ်မတို့ မလျော့ချဘူး။ ကျန်တဲ့ ဆန်ဆီ ဆေးဆားလည်း အစ်မတို့ မလျော့ချဘူး။

စားရိတ်ကိုတော့ လျှော့ချရတယ်။ အစ်မတို့မှာ မတတ်နိုင်ဘူး။ စရိတ်စကလည်း ဈေးတအားများတယ်လေ။ ရှိနေတဲ့ ဘတ်ဂျက်ကလည်း မလုံလောက်တဲ့အတွက် တစ်လစာကနေ ၁၅ ရက်စာ၊ ၁၅ ရက်စာကနေ ၁၀ ရက်စာ အဲဒီလိုမျိုး တဖြည်းဖြည်း လျော့ကျလာရတယ်၊ သူတို့အတွက်လေ။ ကျန်တဲ့ အမိုးအကာနဲ့ ပတ်သက်တဲ့ အပိုင်းကြတော့ အဆင်ပြေတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ တခြား ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ။     ။ ဖြည့်စွက်ပြောချင်တာက အစ်မတို့မှာကြတော့လေ အရင်ဆုံးက တလကို တခါလောက် တလလုံးစာကို စစ်ဘေးရှောင်တွေကို အစ်မတို့ ထောက်ပံ့ပေးနိုင်တယ်လေ၊ အစ်မတို့ နွေဦးမေတ္တာကလေ။ အခုနောက်ပိုင်းတော့ ဆန်ဈေးတွေ မြင့်တက်လာတယ်။ ခရီးစရိတ်တွေ ထမ်းလာတဲ့အတွက် သူတို့က ဆန်တွေမှာဆိုရင် သူတို့ သယ်ယူစရိတ်ပါ ထည့်ပေါင်းလာတဲ့အတွက် အစ်မတို့မှာ စားသုံးသူတွေ စုဆောင်းသူတွေမှာ နစ်နာတယ်။ အဲဒါနစ်နာတဲ့အတွက် အစ်မတို့ စစ်ဘေးရှောင်တွေကို ပံ့ပိုးနေတဲ့အခြေအနေမှာ ဘာသွားဖြစ်လာလည်း ဆိုတော့ ရှိတဲ့ ဘက်ဂျက်နဲ့ စစ်ဘေးရှောင်တွေ အကုန်လုံး လုံလောက်အောင် လောက်ငှအောင် သုံးရတဲ့အနေအထားမှာ တစ်လစာကနေပြီးတော့ ၁၅ ရက်စာ၊ ၁၅ ရက်စာကနေပြီတော့ ၁၀ ရက်စာ လျော့ကျလာတယ်။ လျော့နည်း လာတယ်ပေါ့၊ ထောက်ပံ့မှု အင်အားတွေ လျော့နည်းလာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ တစ်လမှာ ရက်ပေါင်း ၃၀ ရှိတဲ့ အနေအထားမှာ ၁၀ ရက်စာပဲ ထောက်ပံ့နိုင်တဲ့အတွက် ကျန်တဲ့ရက်ပေါင်း ၂၀ စာကိုကြတော့ သူတို့လည်း အခုဆိုရင် စုဆောင်းရှာမှရမယ်လေ။

သူတို့ကလည်း ကိုယ်ရပ်ကိုယ်ရွာမှာလည်းမဟုတ် သူများရွာမှာ လာပြီးတော့ စစ်ဘေးရှောင်နေရတယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရှားပါးမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းတဲ့နေရာတွေမှာဆိုရင် အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိ အလုပ်အကိုင်လည်း ရှားပါးမယ်။ တချို့သူတွေအတွက်ကြတော့ ရှိတဲ့အလုပ်လေးကို သူတို့ ဝင်ကြမယ်ဆိုရင်တောင် အလုပ်ရှင်က ခေါ်ဦးမှလေ။ အဲဒီလိုမျိုး သူတို့မှာ အခက်အခဲတော့ ရှိတယ်ပေါ့။ အဲဒါ အစ်မတို့ တစ်လစာလုံး ထောက်ပံ့ပေးနိုင်ဖို့  အတွက်ပေါ့ စစ်ဘေးရှောင်ကို ထောက်ပံ့ပေးမယ့် အလှူရှင်တွေကိုလည်း အစ်မတို့နွေဦးမေတ္တာအဖွဲ့ကနေ ဖိတ်ခေါ်ချင်တယ်ပေါ့။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here