မုံရွာမြို့တွင် အရပ်သား ၆၀ ကျော်ဖမ်းဆီးခံရပြီး တပ်မ ၃၃ ပို့ဆောင်ခံရဟုဆို

0
55

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က အရပ်သား ၆၀ ဦးကို ဖမ်းဆီးပြီး စစ်ကိုင်းမြို့ရှိ  တပ်မ ၃၃ ဌာနချုပ်ကို  ဇွန်လ ၁၃ ရက်နေ့က ပို့ဆောင်လိုက်သည်ဟု ဖမ်းဆီးခံခဲ့ရသူတစ်ဦး၏မိသားစုဝင်က ပြောသည်။

စစ်ကောင်စီတပ်က အရပ်သား ၆၀ ဦးကို ထိုသို့ဖမ်းဆီးခဲ့ရာတွင် အရပ်သားများက အပြစ်ကျုးလွန်ခြင်းကြောင့်  ဖမ်းဆီးမှုမျိုးမဟုတ်ဘဲ စစ်မှုထမ်းဥပဒေအရဟုဆိုကာ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု  ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များ ပြောဆိုမှုအရ သိရသည်။

“မနေ့ကတော့ မုံရွာက ဖမ်းပြီးတော့ အယောက် ၆၀ ကို စစ်ကိုင်းတပ်မ ၃၃ ကို ပို့လိုက်ပြီ။ အိမ်ထဲအထိ ဝင်ဖမ်းတာပဲလေ။ ဘာမှ မလုပ်ချင်နေလေ သူက စစ်မှုထမ်းဥပဒေအရ လူတိုင်းက မဝင်မနေရ ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့ ဖမ်းတာ။ အပြစ်ရှိလို့ ဖမ်းတာမဟုတ်ဘူး” ဟု ဖမ်းဆီးခံရသူ၏မိသားစုဝင်က ပြောဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ တပ်သားသစ်အဖြစ် ဖမ်းဆီးရာမှာ မြို့ပေါ်ရပ်ကွက်တိုင်းတွင် လုပ်ဆောင် နေပြီး အထူးသဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည့် ရပ်ကွက်များကို  အဓိက ဖမ်းဆီးနေခြင်း ဖြစ်သည်ဟုလည်း ဒေသဆိုင်ရာသတင်းအရင်းအမြစ်က ပြောသည်။

“ရပ်ကွက်တိုင်းကို ဖမ်းတာ။ ဆန္ဒတအားပြတဲ့ ရပ်ကွက်ပေါ့။ နာမည်ပေါက်တဲ့ ရပ်ကွက်တွေကို လိုက်ဖမ်းတာပေါ့။ ထိုင်နေသည်ဖြစ်စေ ထနေသည်ဖြစ်စေ လမ်းသွားက ဖမ်းတာမဟုတ်ဘူးကွ။ အိမ်ထဲအထိ ဝင်ဖမ်းတာ။ ကိုယ့်တူလည်း အိမ်ထဲတင် အဖမ်းခံရတာ” ဟု  ဖမ်းဆီးခံသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ပြန်လွတ်မြောက်လာရေးအတွက် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူများကို ချဉ်းကပ်ဆောင်ရွက်ကြပေမယ့် အခြေအနေကို မသိရှိကြသေးဟု ဆို ဖမ်းဆီးခံရသူ၏ မိသားစုဝင်က သည်။

စစ်ကောင်စီသည်  စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းများဆင့်ခေါ်ရာတွင် ပုံမှန်မဟုတ်သည့် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်မှုများကို  သင်တန်းအပတ်စဉ် (၂) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း  မြန့်မာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) အဖွဲ့ရဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here