မုံရွာ၊ နမခ ကာကင်းတိုက်ခိုက်ခဲ့ပြီး သုံ့ပန်း ၅ ဦးနှင့်အတူ လက်နက်များသိမ်းဆည်းရမိဟု NUG ထုတ်ပြန်

0
28
Photo - NUG

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် တစ်မိုင်အကွာ ဘုတလင်မြို့နယ်၊ ထီးတော်တင်ရွာက ကာကင်းစခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၁၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း NUG က ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ ယင်းမာပင်မြို့နယ် ပကဖ (UFL စစ်ကြောင်းမှူး) ဦးစီးသည့် ကာကွယ်ရေးတပ်ဖွဲ့များက နမခ နှင့် တစ်မိုင်အကွာရှိ ကာကင်းစခန်းကို  မိနစ် ၃၀ အကြာ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း NUG က ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်အင်အား ၄၀ ဦး ဝန်းကျင်ရှိသည့် ထိုကာကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ဦးခန့် သေဆုံးပြီး အများအပြား စခန်းစွန့်ခွာသွားကြကြောင်း NUG က ပြောဆိုထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်သုံ့ပန်း ၅ ဦး နှင့်အတူ လက်နက်ငယ် (၉) လက်၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း တစ်လက်၊ ၆၀ မမ (၅) လုံး၊ 79 အသီး (၂) လုံး၊ 5.56 ကျည် (၁၃၃၀) တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာထားသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကာကင်းစခန်းကို တိုက်ခိုက်ရန်အတွက် ယင်းမာပင်မြို့နယ်အတွင်းရှိ ပကဖ တပ်ဖွဲ့များ ၊ ယင်းမာပင် ခရိုင်အတွင်းရှိ တပ်ရင်းများ ၊ ကနီမြို့နယ်အတွင်းရှိ ပကဖတပ်ဖွဲ့များ ၊ မုံရွာခရိုင်တပ်ဖွဲ့များ ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့များ စုစုပေါင်း ၂၀ နီးပါး စုပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် စစ်ကောင်စီဘက်က ထုတ်ပြန်မှု တစုံတရာ မရှိသေးပါ။

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီသည် မုံရွာမြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်မှုများ၊ စစ်ဆေးရေးများ တိုးမြင့်လာမှု ပြုလုပ်နေကြောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီး နေထိုင်သူ ဒေသခံများက ပြောဆိုသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here