ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့်ထောက်ပံ့သူ ၁၀ ဦးပါ သုတ်သင် ရှင်းလင်းနိုင်ခဲ့ဟုဆို

0
34

ချင်းပြည်နယ်မြို့တော်ဟားခါးကို သိမ်းပိုက်နိုင်ရေး ဖော်ဆောင်နေသည့် ရုန်းတောင်စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားအား ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။

ရုန်းတောင်စစ်ဆင်ရေးတွင် အဆင့်နှစ်ဆင့် ခွဲခြားထားပြီး ပထမအဆင့်၌ စစ်ကောင်စီ၏ လူနှင့် လက်နက် အင်အားကို ရိုက်ချိုး၊ ဖြတ်တောက်နိုင်ရန်ဖြစ်ကြောင်း CDF-Hakha မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။

“အဲဒီမှာ ပြည်နယ်နဲ့ခရိုင် စစ်ကောင်စီရဲ့ယန္တရားတွေကို ဖြတ်တောက်ဖို့ ရည်မှန်းထားတာရှိတယ်။ အဲဒါကြောင့်ပဲ ဝန်ကြီးတွေကိုလည်း သွားပစ်ရတာဖြစ်တယ်။ ကျန်တဲ့ ဝန်ကြီးတွေ၊ ရွေးကောက်ပွဲမှာပါတဲ့ အဖွဲ့ရော၊ သူတို့နဲ့ ပူးပေါင်းတဲ့ အဖွဲ့ရော၊ ပြီးတော့ မြို့နယ်မှူးနဲ့ အထက်အရာရှိတွေကိုလည်း ကျနော်တို့က ပစ်မှတ်ထားတာ ရှိတယ်။ ဒါက ရုန်းစစ်ဆင်ရေးရဲ့ အဆင့် ၁ ပေါ့နော်” ဟု ၎င်းက ပြောသည်။

ထိုသို့စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများထဲ ပါဝင်ဆောင်ရွက်နေသူ၊ ပံ့ပိုးကူညီနေသူ ၁၀ ဦးခန့်ကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ရုန်းတောင်စစ်ဆင်ရေး ၇ လတာအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ၂၁ ကြိမ် ရှိခဲ့ပြီး ရဲနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက် ၆ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဖော်ဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး” ၏ တစ်လပြည့် “၁၁၂၇” (နိုဝင်ဘာ ၂၇ ရက်) နေ့တွင် စတင်ခဲ့သော ရုန်းတောင်စစ်ဆင်ရေးသည် ပထမအဆင့်တွင် စစ်ကောင်စီ ယန္တရားများကို အကျပ်အတည်းဖြစ်အောင် ဖော်ဆောင်ထားနိုင်ပြီ ဖြစ်သည်ဟု CDF-Hakha ထံမှ သိရသည်။

CDF-Hakha ဥက္ကဌက “အစိုးရယန္တရားနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ နောက်ပြီးတော့ ယန္တရားလည်ပတ်မှု ကိုလည်း ကျနော်တို့က တော်တော်လေး ဟန့်တားလုပ်နိုင်ပြီ။ စစ်ခွေး (စစ်ကောင်စီ) ဘက်ကလည်း အကျပ်အတည်းတွေ ရနေပြီပေါ့။ Non – CDM တွေ ရောပေါ့နော်။ ကျန်တဲ့အပိုင်းတွေလည်း ရှိတယ်။ တော်တော်လေးတော့ အလုပ်ဖြစ်လာပြီပေါ့နော်” ဟု ပြောသည်။

ရုန်းတောင်စစ်ဆင်ရေး၏ ဒုတိယအဆင့်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဟားခါးမြို့သိမ်း တိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ် ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ယင်းအတွက် လက်နက်အင်အားများ ဖြည့်တင်းရန် ကူညီထောက်ပံ့မှုများ လိုအပ်လျှက်ရှိကြောင်း CDF-Hakha ထံမှ သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here