မြဝတီ – ကော့ကရိတ်ကားလမ်းဟောင်း ယာဥ်ကြောပိတ်ဆို့မှု နေ့စဥ်ဖြစ်ပွားပြီး အသက်အန္တရာယ်ကြားမှ သွားလာနေကြရ

0
32
Photo - CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ကူးသန်းသွားလာရန် လတ်တလောအသုံးပြုနေရသော မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် လမ်းပျက်စီးမှုနှင့် ကားအသွားအလာများခြင်းကြောင့် နေ့စဥ်နီးပါး ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားသည့်အပြင် လက်နက်ကြီးသံများကြားက အသွားအလာပြုလုပ်နေရသည်ဟု မော်တော်ယာဥ် မောင်းနှင်သူများ ပြောဆိုသည်။

အာရှလမ်းမကြီး ပိတ်ထားသဖြင့် မြဝတီမြို့သို့သွားလာရန် ဒေါနတောင်ကျော် တောလမ်းများကိုသာ အသုံးပြု နေရသည့်အခြေအနေတွင် ရာသီဥတုဆိုးရွားမှုကြောင့် တောလမ်းများလည်း ပျက်စီးကုန်သဖြင့် မော်တော်ယာဥ် များမှာ ပြီးခဲ့သည့် မေလပိုင်းမှစ၍ ယခင် ကော့ကရိတ်-မြဝတီ လမ်းဟောင်းကို ပြန်လည်အသုံးပြုသွားလာရသဖြင့် နေ့စဉ် ကားအစီးရေ ရာနှင့်ချီ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

အဆိုပါလမ်းဟောင်းမှာ လမ်းကျဥ်းသည့်အပြင် မိုးရေတင်ကျန်မှုကြောင့် လမ်းပျက်စီးခြင်း၊ ညအချိန် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခံရမှု အန္တရာယ်ရှိခြင်းတို့ကြောင့် ၂ ညအိပ်၊ ၃ ညအိပ်မှသည် အများဆုံး ၈ ညအိပ် အခြေအနေထိ ယာဥ်ကြောများ ပိတ်ဆို့နေတတ်ပြီး သွားလာရခက်ခဲကြောင်း ထိုလမ်းကို အသုံးပြုနေရသော မော်တော်ယာဥ်မောင်းနှင်သူ တစ်ဦးက ပြောသည်။

“တောင်ပေါ်ကသွားရ အဆင်ပြေသေး တောင်အောက်ရောက်ပြီဆို ကော့ကရိတ်မြို့ထဲ ဝင်မရဘူး။ တောလမ်းက သွားရတယ်။ ဗွက်တွေချည်းပဲ ကားတွေက သွားမနိုင်တော့ ဆွဲရပြုရနဲ့ လမ်းမှာ အသွားအပြန် ၄ ည အိပ်ရတယ်။ တချို့ဆို အသွားအပြန် ၇ ည ၈ ည အိပ်ရတယ်။ တစ်ရက်တစ်ရက် လမ်းကျဥ်းတော့ ကားရာနဲ့ချီပိတ်မိနေတာ” ဟု အဆိုပါမော်တော်ယာဥ်မောင်းသူက ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “အဲဒီလမ်းက လေယာဥ်လည်း ကြောက်ရတယ်။ အလုံးကြီးသံလည်း ကြားနေရတယ်။ ညဘက်ဆို စစ်တပ်က ပစ်ပြီ။ ညနေမှောင်တာနဲ့ PDF က ဖုန်းမီးတောင် ပေးမဖွင့်ဘူး။ မှောင်ထဲမှာပဲ အားလုံး ငြိမ်နေရတယ်။ မီးဖွင့်တာနဲ့ ပစ်ခံရမှာစိုးလို့” ပြောသည်။

ထို့ကြောင့် လမ်းဟောင်းအသုံးပြု သွားလာသူများသည် အစားအသောက်နှင့်ဆေးဝါးများ ကြိုတင်ပြင်ဆင်၍ အလုံအလောက် ယူဆောင်သွားရသလို ဂိတ်ကြေးဖွင့် ကောက်ခံနေသော လက်နက်ကိုင်ဂိတ်များတွင်လည်း ပုံမှန်လမ်းထက် နှစ်ဆ မှ သုံးဆ ငွေပေးဆောင် သွားလာရကြောင်း နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသည်တင် ပို့ဆောင်ရေး လုပ်ကိုင်သူ မော်တော်ယာဥ်မောင်းများထံမှ သိရသည်။

ကုန်စည် တင်ဆောင်ခများမှာလည်း ယခင်ထက် ပိုပေးနေရသည့်အပြင် ကုန်ပစ္စည်း ပြတ်လပ်မှု၊ ၁၂ ဘီးတွဲ ကားကြီးများ အသွားအလာ ရပ်နားထားရမှု၊ မြန်မာငွေ ဈေးကျဆင်းမှုတို့ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးပြီး ကရင်ပြည်နယ် အတွင်းသာမက မွန်ပြည်နယ်တွင်ပါ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပွားလျက် ရှိနေသည်။

ဖားအံမြို့ခံ ကုန်တင်ယာဥ်လုပ်ငန်း လုပ်ကိုင်သူကတစ်ဦးက “ကျမကတော့ စားကုန်ပဲ တင်တယ်။ ဖားအံ သူများပေးတဲ့ ဈေးပဲယူတာပါ။ တစ်တန်ကို အရင်က ၂ သိန်းခွဲ အခု လမ်းကြပ်တော့ ၃ သိန်းခွဲ ဖြစ်သွားတာ။ ပြည်တွင်းက ကုန်ပိုမှာလည်း ကားတွေက မတင်နိုင်ဘူး။ အာရှလမ်းဖွင့်ရင် ၁၂ ဘီးတွဲကားတွေ ဆင်းတယ်မလား အခုလို ဖြစ်တော့ ၁၂ ဘီးကားတွေ မဆင်းနိုင်ဘူး။ အများဆုံး ၆ ဘီး ၁၀ ဘီးပဲ ဆင်းရတော့ ကုန်စည်စီးဆင်းမှု မကောင်းဘူးလေ။ ကုန်တွေဈေးတက် ကားခတွေဈေးတက် အကုန်တက်တယ် လူတွေလည်းအဆင်မပြေဘူး” ဟု ပြောသည်။

ယင်းအပြင် ဇွန်လ ၁ ရက်နေ့မှ စ၍ မိုးရွာသွန်းမှု များပြားလာခြင်းကြောင့် သောင်ရင်းမြစ်နှင့် တောင်ကျချောင်းရေ တိုးလာပြီး မြဝတီမြို့ပေါ် ရပ်ကွက်အထိ ရေကြီးရေလျှံကာ လူနေရပ်ကွက်နှင့် အိမ်ခြေရာချီ ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုသို့ အမျိုးမျိုးသော အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု အဆင်ပြေစေရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စ၍ ပိတ်ထားရသော ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြည်သူများက လိုလားနေသော်လည်း ၎င်းဒေသတဝိုက်တွင် စစ်ကောင်စီ၏ ဒေါနတောင်ကျော်ရန် ထိုးစစ်ဆင်မှု များနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here