မကွေးတိုင်းတွင် Non-CDM များ ပေါ်တာဆွဲ၊ ဖမ်းဆီးခြင်းခံရပါက သက်ဆိုင်ရာဌာနက တာဝန်မယူပေးဟုဆို

0
26
Photo - Social Media

မကွေးတိုင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ (Non-CDM များ) အနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့် သွားလာရာတွင် စစ်ကောင်စီတပ်သားများ၏ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းကိုခံရပါက သက်ဆိုင်ရာဌာနက တာဝန်မယူပေးကြောင်း Non-CDM များနှင့် နီးစပ်သူများက ပြောဆိုသည်။

စစ်ကောင်စီတပ်က မကွေးတိုင်းအတွင်း ပေါ်တာဆွဲခြင်း၊ ရှောင်တခင် ဖမ်းဆီးမှုများ လုပ်ဆောင်နေချိန်တွင် ရုံးလုပ်ငန်းဆိုင်ရာ ခရီးသွားလာခြင်း မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စနှင့် သွားလာချိန် ဖမ်းဆီးခံရပါက သက်ဆိုင်ရာဌာနက တာဝန်မယူခြင်း ဖြစ်သည်ဟု Non-CDM များနှင့်နီးစပ်သူက ပြောပါသည်။

“အဲဒီလို တာဝန်နဲ့မဟုတ်ဘဲ သွားလို့ ဖမ်းဆီးခံရရင် ကိုယ့်ဘာကိုယ်ဖြေရှင်းရဖို့ လက်မှတ်ထိုးထားရတယ်။ ဒီတလျှောက်မှာလည်း ဖမ်းဆီးခံရတဲ့အထဲ ဝန်ထမ်းတွေလည်းပါတယ်” ဟု Non-CDM ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဇွန်လ ပထမပတ်အတွင်း စလင်းနှင့် ပွင့်ဖြူမြို့နယ်များတွင် စစ်မှုထမ်းဥပဒေနှင့် VPN ကို အကြောင်းပြုပြီး လူဦးရေ ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် Non-CDM ဝန်ထမ်း ၅ ဦး ထက်မနည်း ပါရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်သူများထဲမှ လူဦးရေ ၄၀ ဝန်းကျင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ယင်းတို့အထဲက တချို့ကို ငွေကျပ် ၅ သိန်း မှ ၁၅ သိန်းဝန်းကျင်၊ တချို့ကို လိုအပ်ပါက စစ်မှုထမ်းရမည်ဆိုသည့် ခံဝန်များထိုးခဲ့ရကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များ ပြောဆိုမှုအရ သိရှိရသည်။

စစ်ကောင်စီက မကွေးတိုင်းအတွင်း စစ်မှုထမ်းမဲပေါက်သူများ၏ နေအိမ်ကို အတင်းအကြပ်လာရောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ မဲပေါက်သူကို မတွေ့ပါက မိသားစုဝင်များကို ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လျက် ရှိနေသည်။

ထို့ပြင် နှာခေါင်းစည်း မတပ်ရ၊ ဘေးလွယ်အိတ် မလွယ်ရ၊ ဆိုင်ကယ်နှစ်ယောက်မစီးရ အမိန့်များကိုလည်း ထုတ်ပြန်ထားပြီး မလိုက်နာပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားသည့်အပြင် ဖမ်းဆီးခံရပါကလည်း စစ်မှုထမ်းရန် လက်မှတ်ထိုးရခြင်း ငွေကျပ် သိန်း ဆယ်ဂဏန်း ပေးပါမှ ပြန်လည်လွှတ်ပေးခြင်းကို စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here