ပလက်ဝမြို့ဒေသခံများကို အတင်းအဓမ္မစစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း ULA/ AA တာဝန်ရှိသူပြောဆို

0
34
ပုံစာ - ပလက်ဝမြို့

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း အာရက္ခတပ်တော် (AA/ULA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

“ကျနော်တို့ ULA/ AA အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာ မလိုတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့မှာ စစ်သားတွေက ဒီအပတ်စဉ်မှာ လူပြည့်လို့ နောက်အပတ်စဉ်မှလာဆိုပြီး လုပ်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းစရာ မလိုပါ” ဟု ဦးခိုင်သုခက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့အဖွဲ့အစည်း မူဝါဒက ဘယ်သူကိုမှ သူတို့ရဲ့ဆန္ဒမပါပဲ ဒီနေ့အထိ အတင်းအကြပ် စစ်သားစုဆောင်းမှု မရှိပါ။ ဒီပုံစံမျိုး အတင်းအဓ္မမ လူသစ်စုဆောင်းတယ်လို့ စွပ်စွဲတာက လုံးဝ လက်ခံနိုင်စရာ မရှိဆိုတာကို ဖြေကြားလိုပါတယ်” ဟု ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့တွင် အွန်လိုင်းက ကျင်းပခဲ့သည့် ULA/ AA ၏ နဝမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော် (AA/ULA) ၏ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က ပလက်ဝမြို့နယ်၊ မီးဇာရွာတွင် ပြုလုပ်သော အစည်းအဝေးတွင် အသက် ၁၈ နှစ်မှ ၄၀ နှစ် အတွင်းရှိသူများ AA/ULA ထံတွင် စစ်မှုထမ်းရမည်ဟု AA တာဝန်ရှိသူများက ပြောဆိုခဲ့ရာတွင် ပလက်ဝဒေသခံ ၄၀ ခန့်သည် မေလဆန်းပိုင်း၌ အိန္ဒိယဘက်သို့ ထွက်ပြေးလာကြကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှာ နေထိုင်ကြကြောင်း၊ လက်ရှိတွင်လည်း ပလက်ဝမှ ထပ်မံထွက်ပြေးလာသူများရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA က ၎င်းတို့အနေဖြင့် ပလက်ဝမြို့နယ်တွင် စစ်သား စုဆောင်းခြင်း မရှိကြောင်း ဇွန်လ ၈ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားလာခြင်း ဖြစ်သည်။

အလားတူ ပလက်ဝမြို့နယ် ဘောင်ဝီကျေးရွာက ကျောင်းဆရာ ၂ ဦးနှင့် ကျေးရွာ ဥက္ကဌအပါအဝင် ဒေသခံ ၆ ဦး၊ ဘောင်ကူးကျေးရွာ ဒေသခံ ၃ ဦး စုစုပေါင်း ၉ ဦးကို ULA/ AA က မေလ ၁၇ ရက်က ဖမ်းဆီးသွားပြီး ယနေ့အချိန် အထိ ပြန်လည်လွှတ်ပေးခြင်း မရှိကြောင်း ဒေသခံများနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံ ကောင်စီ IKACC မှ တာဝန်ရှိသူတို့က ပြောဆိုထားသည်။

ပလက်ဝမြို့နယ်က ကျောင်းဆရာ (၂) ဦး အပါဝင် ရွာသား ၉ ဦးကိုလည်း ဖမ်းဆီးထားခြင်းမရှိကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မိမိတို့ထံပေးပို့ရန် တောင်းဆိုလိုကြောင်း ဦးခိုင်သုခက ပြောပါသည်။

သို့ရာတွင် စစ်ကောင်စီတပ်က စစ်ရှုံး၍ ပလက်ဝမြို့နယ်မှ ထွက်ခွာသွားသော်လည်း သတင်းများ ပေးပို့သူများကို ခေါ်ယူစစ်ဆေးမှုများရှိနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

“မြန်မာစစ်တပ် စစ်ရှုံးလို့ ထွက်ပြေးသွားပြီးတောင်မှ သတင်းပေးနေတာတွေ အများပြည်သူလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်တွေ ခုထိလုပ်နေတဲ့အတွက် တချို့လူပုဂ္ဂိုလ်တွေကို လိုအပ်ရင် လိုအပ်သလို ခေါ်ယူစစ်ဆေးမှု တချို့ ရှိကောင်းရှိနိုင်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်မှာ လုံခြုံစိတ်ချရသည့် အနေအထား မဟုတ်သောကြောင့် လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေကြောင်းလည်း ဦးခိုင်သုခက ပြောဆိုသည်။

အာရက္ခတပ်တော် (AA/ ULA) သည် ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း (၁၀) မြို့ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက် အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here