လူ ၅ ဦးထက် ပိုမစုရအမိန့်အား ချင်းရိုးရာအတိုင်း တောင်းပန်မှသာ ရုပ်သိမ်းပေးမည်ဟု စစ်ကောင်စီပြောဆို

0
25
ပုံစာ - ဟားခါးမြို့မြင်ကွင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့သစ်ရပ်ကွက်အတွင်း ဈေးဆိုင်များပိတ်ထားရန်နှင့် လူ ၅ ဦးထက် ပိုမစုရအမိန့် ထုတ်ပြန်မှုကို ချင်းရိုးရာအတိုင်း လာရောက်တောင်းပန်မှသာလျှင် ပြန်လည်ရုပ်သိမ်းပေးမည်ဟု စစ်ကောင်စီက ပြောဆိုထားကြောင်း ဒေသခံပြည်သူတို့၏ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ၌ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအကွယ် ယူခဲ့သည်ဟုဆိုပြီး မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်းများကို ပိတ်ထားရန်နှင့် လူ ၅ ဦးထက် ပိုမစုရအမိန့်ကို စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်တွေ ဘုရားကျောင်း အစုအဝေး မလုပ်ရဆိုတဲ့ကိစ္စတွေကို အနောက်မြောက်ပိုင်းတိုင်းက ထုတ်ထားတာ ဆိုတော့ လွယ်လွယ်လေးနဲ့ မရဘူး။ ချင်းရိုးရာအတိုင်း တောင်းပန်ပါ ဒါမှ ပြဌာန်းထားတဲ့အရာကို ပြန်ပြီးတော့ ရုပ်သိမ်းပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် လက်နက်ကိုင် ၂ ဘက်ကြားမှာ လုပ်ရမယ့်ဟာဆိုတော့ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဒီအတိုင်းပဲ ငြိမ်နေတယ်၊ အခုက ဒီလ (ဇွန်လ) ထဲ ရှိပြီဆိုတော့ သူတို့ထပ်တိုးမလား ဘယ်လို လုပ်မလဲ စောင့်ကြည့်နေတုန်းပါ” ဟု မြို့သစ်ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

ဟားခါးမြို့မိမြို့ဖနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် ချင်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း တိရိစ္ဆာန်တကောင်၏ သွေးသွန်ခြင်းဖြင့် လာရောက်တောင်းပန်မှသာ ယင်းအမိန့်အား ပြန်ရုပ်သိမ်းမည်ဟု စစ်ကောင်စီက ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

သို့သော်လည်း စစ်ကောင်စီကို ချင်းရိုးရာအတိုင်း သွားရောက်တောင်းပန်ခြင်း မရှိကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့ အထိ သတ်မှတ်ထားသော စစ်ကောင်စီ၏ လူ ၅ ဦးထက် ပိုမစုရအမိန့် ထုတ်ပြန်ချက်ကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ ပြည်သူများသည် နှစ်လနီးပါးခန့်ကြာ ဆိုင်ခန်းများ ပိတ်ထားရသည့်အပြင် ဘုရားကျောင်းလည်း မတက်ရောက်နိုင်ဘဲ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ အဆိုပါအမိန့်ထုတ်ပြန်ချက်ကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ ခရစ်ယာန်ဘာသာဝင် အသင်းတော် (၁၁) ခုက အပတ်စဉ် ဝတ်ပြုစည်းဝေးပြုလုပ်ရန် အခက်အခဲကြုံနေကြရသည်ဟုလည်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here