ရေဖြူတိုက်ပွဲအတွင်း ဒေသခံမိသားစုဝင် ၃ ဦးလုံး သေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရရှိ

0
30
Photo - Social Media

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံမိသားစုဝင် ၃ ဦး သေဆုံးပြီး ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က တပ်အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ရာဖူးရွာသစ် ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့နှင့် နှစ်ဖက်ကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးသည် ကျေးရွာအတွင်းရှိ ဦးအောင်အောင်၏ နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်အတွင်းရှိနေသည့် ဦးအောင်အောင်၊ ဇနီးဖြစ်သူ ဒေါ်လားဝါးထူးနဲ့ လသားအရွယ်သမီးဖြစ်သူတို့သည် လက်နက်ကြီးထိမှန် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီးကြောင့် ဦးအောင်အောင်၏နေအိမ်လည်း ပျက်စီးသွားသည့်အပြင် နေအိမ်အနီးနားနေ ဆယ်ကျော်သက် အရွယ် ကလေးငယ် ၂ ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

အဆိုပါနှစ်ဖက်တပ်ကြား တိုက်ပွဲသည် ဇွန်လ ၇က်နေ့ ညနေ ၄ နာရီလောက်တွင် ပြန်လည်ငြိမ်သက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းအထိ ရာဖူးရွာသစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် မိုင်ခြောက်ဆယ်ကျေး ရွာဘုန်းကြီးကျောင်းတို့၌ တပ်စွဲနေထိုင်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ရာဖူး၊ မိုင်ခြောက်ဆယ်၊ မရမ်းချောင်း၊ ခြောက်ဆယ်နှစ်မိုင် ကျေးရွာတို့က ဒေသခံတစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ရေဖြူမြို့နယ် ဇာဒီကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည့်အတွက် မောင်နှမနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here