စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း ၆၀ နီးပါးရှိ

0
54
Photo - Social Media

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူ ၅ ရက်အတွင်း ၆၀ နီးပါးရှိကြောင်း ဒေသခံများက ပြောဆိုသည်။

စလင်းမြို့နယ်ထဲမှ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့မှ ဒေသခံ ၆၀ နီးပါး ဖမ်းဆီးခံရပြီး တချို့မှာ မိသားစုနှင့် အဆက်အသွယ် ပြတ်နေသည်ဟုဆိုသည်။

“လူငယ်တွေ အမျိုးသားရော အမျိုးသမီးရော၊ တစ်ခါဖမ်းရင် အများကြီးပဲ။ ပြန်လွတ်လာတာက နည်းတယ်။ ငါးဆယ် ခြောက်ဆယ်ထက် ပိုများနိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၃ ရက် မှ ဇွန်လ ၇ ရက် အထိ ဖမ်းဆီးနေခြင်းဖြစ်ပြီး ဇွန် ၃ ရက်နေ့တွင်ပင် ကူတိုရွာမှ ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ဇွန်လ ၄ ရက်နှင့်် ဇွန်လ ၅ ရက်နေ့များတွင် စလင်းမြို့နယ်ထဲမှ ဆင်ကျုံးရွာနှင့် ဆင်ဖြူကျွန်းမြို့တို့မှ ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရသည့်အတွက် စုစုပေါင်း ဖမ်းဆီးခံရသူ ၆၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား ပူးပေါင်းအင်အား ၃၀ ဝန်းကျင်က ညနေ ကျောင်းဆင်းချိန် အပြီးတွင် ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ပြီး ဖမ်းဆီးခံရသူများထဲမှ ပြန်လွတ်လာသူ အနည်းငယ်သာရှိသည်ဟု စလင်းမြို့ခံများက ဆိုသည်။

“ဆိုင်ကယ်နှစ်ယောက်စီးလို့ အဖမ်းခံရတဲ့လင်မယားပဲ ပြန်လွတ်တယ်။ ကျန်တဲ့သူတွေနဲ့ အဆက်သွယ်မရဘူး။ ပြန်လွတ်လာသူတွေတောင် သိန်းဆယ်နဲ့ချီပြီး ပေးရတယ်” ဟု စလင်းမြို့ခံတစ်ဦးက ပြောပါသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများက ညဘက်တွင် ရွာများထဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်း၊ ကင်းပတ်ရာမှ ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောသည်။

ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် ကင်းပတ်ရာမှ ဖမ်းဆီးခံရသူ သုံးဦးကိုလည်း ငွေကျပ် ၁၅ သိန်း (တစ်ယောက်လျှင် ၅ သိန်းနှုန်း) တောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေမှုလည်းရှိပြီး ယင်းစစ်ကြောင်းများတွင် စစ်မှုထမ်းရန် မဲပေါက်သူများနှင့် ပျူစောထီးအသစ်များကိုပါ အသုံးပြုနေကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။

“ပွင့်ဖြူဘက်က စစ်မှုထမ်းမဲပေါက်သူတွေကို စလင်းတိုက်ပွဲတွေမှာ တန်းပြီး အသုံးပြုတာ။ စစ်မှုထမ်းဖို့ ဆော်သြ သူတွေကို ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူနေတော့ အုပ်ကြီးအပြောင်းအလဲတွေ၊ အုပ်ကြီးပြေးတာ တွေ ရှိတယ်။ ဒါကိုအခွင့်ကောင်းယူပြီး အုပ်ကြီးမရှိတဲ့ ရွာတွေကို စခတွေက ဝင်လာတာ” ဟု မင်းဘူးခရိုင် အတွင်းမှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်မှုထမ်းရန် မဲပေါက်သူကို မတွေ့ပါက ၎င်၏မိသားစုဝင်များကို ဦးတည်ဖမ်းခြင်းမျိုး ပြုလုပ်ပြီး ဆင်ကျုံးရွာမှ အသက် ၇၀ အရွယ် အမေအိုတစ်ဦးနှင့် စလင်းမြို့နယ်မှ မဲပေါက်သူ၏ ယောက်ဖတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် စစ်ဆေးဖမ်းဆီးမှုများ ပြုရာတွင်လည်း ဖုန်းထဲမှ VPN ကို အကြောင်းပြု ဖမ်းဆီးခြင်းများလည်းရှိပြီး VPN အသုံးပြုသည့်အတွက် ထောင် ၈ နှစ် ကျနိုင်ကြောင်း ခြိမ်းခြောက်သည်ဟု သိရသည်။

ထောင် ၈ နှစ် အကျမခံနိုင်ပါက ငွေသိန်းဆယ်ချီတောင်းသည့်အပြင် မပေးနိုင်ပါက စစ်မှုထမ်းရမည်ဟုဆိုကာ ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စလင်းမြို့နယ်တွင် ဧပြီလမှ စပြီး တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ၏ စစ်ကြောင်းရန်ကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာဆယ်ရွာ မကရှိနေပြီး စစ်ကောင်စီဘက်က စခန်း ၂ ခုထက် မနည်းကို လက်လွှတ်ထားရ ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here