လူငယ်ပြုပြင်ရေးစခန်းမှ အမျိုးသမီးများ အခွင့်အရေးချိုးဖောက်ခံနေရ

0
39
ပုံစာ - ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း။

မြန်မာနိုင်ငံတဝှမ်းရှိ လူငယ်ပြုပြင်ရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့်နေသူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ၏ လတ်တလော လေ့လာစောင့်ကြည့်မှုအရ ရန်ကုန်တိုင်းရှိ ဗဟန်း အမျိုးသမီးသင်တန်းကျောင်း၊ ကော့မှူး အမျိုးသမီးသင်တန်းကျောင်းနှင့် ပုသိမ်ကြီး အမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် အမျိုးသမီးငယ်များကို ထိန်းသိမ်းထားရာ၌ အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်ဟု ဆိုသည်။

PPNM ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးက “ကျနော်တို့ ကိုယ်တိုင်ကလည်း အကျဥ်းသား ဟောင်းတွေ ဖြစ်တဲ့အတွက် အကျဥ်းထောင်တွေအတွင်းမှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ရရှိအောင် ကြိုးစားပုံတွေကို ပြောပြလို့မရပေမယ့် သတင်းတွေကိုတော့ သတင်းခိုင်မာမှု အနည်းဆုံး ၈၀ ရာခိုင်နှုန်းပေါ်မှာ အခြေတည်လို့ရမယ့် အချက်အလက်တွေကိုသာလျှင် ထုတ်ပြန်တာ ဖြစ်ပါတယ်ဗျ။ သတင်း အတည်ပြုနိုင်တာ ကတော့ အဖွဲ့အစည်းအနေနဲ့ ထုတ်ပြန်တာ ဖြစ်တဲ့အတွက်ကြောင့် အဖွဲ့အစည်းအနေနဲ့ အတည်ပြုနိုင်တာလို့ ပြောရပါလိမ့်မယ်” ဟု ပြောသည်။

ဗဟန်း အမျိုးသမီးထိန်းသိမ်းရေးကျောင်းတွင် အသုံးပြုသော ရေချိုးခန်းနှင့် အိမ်သာတို့၌ စောင့်ကြည့်ရန် CCTV များ တပ်ဆင်ထားခြင်းကြောင့် လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုနှင့် အရှက်ရစေမှုများ ခံစားနေရသည့်အပြင် စိတ်ပိုင်းဆိုင် ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေရသည်ဟု ဆိုသည်။

ထို့အပြင် အပေါ့၊ အလေး သွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်း၌ပဲ သွားလာခွင့်ရပြီး ကျန်သည့်အချိန်များ တွင် အပေါ့၊ အလေးသွားသူများကို တုတ်နှင့်ရိုက်ခြင်း၊ ထင်းခွဲခိုင်းခြင်း၊ မြက်ပေါက်ခိုင်းခြင်း စသည့် ပြစ်ဒဏ် များကို ပေးလေ့ရှိသည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

“မတရား ဖမ်းဆီးထိန်းသိမ်းခံနေရသော ကလေးငယ်တွေအနေနဲ့ သူတို့ကို သင့်တင့်မျှတသော အစားအသောက်နဲ့ လုံလောက်သော စောင့်ရှောက်မှုမျိုး မရှိဘူးဆိုရင် ဒီကလေးငယ်တွေအနေနဲ့ မိသားစုနဲ့ဝေးတဲ့ ရပ်ဝန်းတစ်ခုမှာ အသက်အရွယ်နဲ့မမျှတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုပါ ခံစားနေရတာ ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဆက်လက်ပြီး ကိုသိုက်ထွန်းဦးက “ဒါကြောင့်မို့လို့လည်း ကျနော်တို့အနေနဲ့ အကျဥ်းထောင်တွေအတွင်းမှာ နိုင်ငံရေးပုဒ်မနဲ့ သူတို့ထိန်းသိမ်းထားတဲ့ ကလေးငယ်တွေက ဆိုးသွမ်းလူငယ်တွေ မဟုတ်တဲ့အတွက် အပြစ်ပေးစရာ ဘာအကြောင်းမှ မရှိဘူးပေါ့နော်၊ မိသားစုရင်ခွင်မှာပဲ ကလေးငယ်တွေကို နွေးနွေးထွေးထွေးနဲ့ ရှိနေဖို့အတွက် ပြန်လည်ပို့ဆောင်ပေးဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ကော့မှူးအမျိုးသမီး ထိန်းသိမ်းရေးစခန်းတွင်လည်း အပျိုဖော်ဝင်ခါစ အမျိုးသမီးငယ်အချို့ကို အမျိုးသမီး လစဥ်သုံးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးခြင်းမရှိဘူးဟု ဆိုသည်။

ထောင်တွင်း စစ်ဆေးချိန်များ၌လည်း အကျဥ်းဦးစီးဌာန ဝန်ထမ်းများနှင့်ပတ်သက်သည့် အမျိုးသားသူငယ်ချင်းများအပြင် ၎င်းတို့၏ မိသားစုဝင်များပါ မကြာခဏ ဝင်ရောက်လေ့ရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုမျိုး ခံစားနေကြရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။

ပုသိမ်ကြီး အမျိုးသမီးသင်တန်းကျောင်းတွင် နယ်ဝေးကမိသားစုဝင်များက ပါဆယ်မပို့ပေးနိုင်သည့် အကျဉ်းသူများကို အကျဉ်းဦးစီးဌာနက ပဲဟင်းနှင့် ထမင်းကိုပဲ နေ့စဉ်ကျွေးနေပြီး အထက်လူကြီးများ စောင့်ကြည့်သည့်ရက်များ၌သာ ကြက်ဥဟင်း စီစဉ်ပေးသည်ဟု ပြောဆိုကြသည်။

အဆိုပါ သင်တန်းကျောင်း ၃ ကျောင်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးငယ်များမှာ အဟာရ လုံလုံလောက်လောက် မရကြသလို ပွေး၊ ဝဲ၊ ယားနာများ ဖြစ်နေကြပြီး လုံလောက်သော ဆေးကုသခွင့်လည်း မရရှိကြဟု အကျဉ်းသူမိသားစုဝင်များက ပြောပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here