မွန် – ကရင် ဂျိုင်းမြစ်ဒေသရှိ စာသင်ကျောင်းတချို့ လုံခြုံရေးကြောင့် မဖွင့်လှစ်နိုင်သေး

0
35
ပုံစာ - ဂျိုင်းမြစ်ဒေသရှိ စစ်ဘေးရှောင်သူတချို့

မွန် – ကရင် ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်း၊ ကော့ပေါက်နှင့် ကော့ပလိုင်ကျေးရွာများရှိ အစိုးရစာသင်ကျောင်းများအား လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် မဖွင့်လှစ်နိုင်သေးကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

အဆိုပါဒေသသည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ပြီး ပဋိပက္ခနယ်မြေဖြစ်ခဲ့ရာ လက်ရှိအချိန်အထိ လုံခြုံမှု မရှိခြင်းကြောင့် ရပ်ဝေးရပ်နီး ဆရာ၊ဆရာမများက လာရောက်ခြင်းမရှိသည့်အပြင် ကျောင်းသားမိဘများကလည်း ကျောင်းအပ်နှံခြင်း မရှိခြင်းကြောင့် ကျောင်းပိတ်ထားရဆဲဖြစ်သည်ဟု ကော့ဘိန်းဒေသခံတစ်ဦးက ဆိုသည်။

“ဒီဘက် ကော့ဘိန်း၊ ကော့ပေါက်တို့ ကော့ပလိုင်တို့ဘက်မှာက အစိုးရကျောင်း မဖွင့်သေးဘူး။ အဓိကကတော့ လုံခြုံရေးပါပဲ။ ဒီဒေသကလည်း ပဋိပက္ခနယ်မြေတွေ ဖြစ်နေသေးတဲ့အတွက် ဆရာ၊ဆရာမတွေ မလာရဲနေသေး ဘူး။ ပြီးတော့ မိဘတွေကလည်း ကျောင်းအပ်ဖို့ စိတ်မချသေးဘူးဆိုတော့ အစိုးရကျောင်းတွေက မဖွင့်သေးဘူး” ဟု ကော့ဘိန်းဒေသခံက ပြောဆိုသည်။

အဆိုပါကျေးရွာများမှ ကျောင်သားကျောင်းသူများသည် သက်ဆိုင်ရာရွာဘုန်းကြီးကျောင်းတွင်သာ မွန်စာပေ သင်ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

မွန်-ကရင် ဂျိုင်းမြစ်ဒေသတလျှောက်တွင် အထက်တန်းကျောင်း အပါအဝင် အစိုးရစာသင်ကျောင်းပေါင်း ၃၀ ခန့် ရှိပြီး လက်ရှိကျောင်းဖွင့်လှစ်နိုင်မှုက ၅၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။

“ကော့သတ်၊ ကော့စွယ်၊ တရနာ စတဲ့ ဒီဘက်မှာဆိုရင် ကျောင်းဖွင့်နေတာ ရှိတယ်။ ဒါပေမဲ့ ကျောင်းတက်နှုန်းက သုံးပုံမှာ တစ်ပုံလောက်ပဲ ရှိတယ်။ နှစ်ပုံကတော့ ကျောင်းနားလိုက်တာလည်း ရှိတယ်။ အချို့က မြို့ပေါ်ကျောင်း ကို ပြောင်းသွားတာလဲ ရှိတယ်။ ထိုင်းဘက်ကမ်းပြောင်းပြီး ထိုင်းမှာကျောင်းနေလိုက်တာလည်း ရှိတယ်။ အရင်နှစ် က အထက်တန်းကျောင်းမှာဆို ကျောင်းသားတွေ ၁၅၀၀ လောက် ရှိတယ်။ ဒီနှစ်က ၅၀၀ လောက်ပဲ ရှိတော့တယ်” ဟု ၎င်းက ဆိုသည်။

ထို့အတူ အဆိုပါဒေသရှိ မွန်အမျိုးသားကျောင်းတို့လည်း လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် မဖွင့်လှစ်နိုင် သေးကြောင်း သိရသည်။

လက်ရှိတွင် နေရပ်ပြန်လာသည့် ဂျိုင်းမြစ်ဒေသခံများကို အင်အား ၂၀ ခန့် ရှိသည့် စစ်ကောင်စီတပ်က ရွာအဝင်အထွက် နေရာများ၌ စခန်းချကာ နေ့စဉ် စစ်ဆေးမေးမြန်းနေသည့်အပြင် ညပိုင်းတွင် ရမ်းသမ်း ပစ်ခတ်မှုလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်အာဏာသိမ်းခံရသည့် ၂၀၂၁ ခုနှစ် မှစ၍ ၂၀၂၃ ခုနှစ် ၃ နှစ်တာကာလတွင် စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံတဝှမ်းရှိ ကလေးသူငယ် ၆ သန်းသည် လူသားချင်းကူညီထောက်ထားမှုဆိုင်ရာအကူအညီ အရေးတကြီး လိုအပ်နေပြီး ၄ သန်းခန့်သည် ပညာသင်ယူခွင့် ပျောက်ဆုံးလျှက် ရှိသည်ဟု UNICEF Myanmar ၏ အချက်အလက်များအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here