သံတွဲမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာခွင့်ကို စစ်ကောင်စီက တင်းကြပ်ကန့်သတ်ထား

0
33
ပုံစာ - သံတွဲမြို့အဝင်၊ စာနီတောင်စစ်ဆေးရေးဂိတ် (ပုံဟောင်းဖြစ်သည် / Photo – DCBNA)

ရခိုင်ပြည်၊ သံတွဲမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ခရီးသွားလာခွင့်ကို စစ်ကောင်စီက တင်းကြပ်ကန့်သတ်ထားပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ၏ ခွင့်ပြုချက်ပါမှသာ သွားလာခွင့်ပြုထားကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းတချို့မှာ စစ်ဘေးတိမ်းရှောင်နေကြသဖြင့် ဌာနဆိုင်ရာရုံးအများအပြား အလုပ်မဖြစ်တော့ဘဲ အုပ်ချုပ်ရေးယန္တရား ယိမ်းယိုင်လျက်ရှိသည်ဟု ဆိုသည်။

“သံတွဲမြို့မှာ ထွေအုပ်နဲ့ ပညာရေးရုံးလောက်ပဲ ဖွင့်တော့တယ်။ တချို့ရုံးတွေက ပိတ်ထားလိုက်ရပြီ။ အဓိကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက ပြိုလဲလာတာကြောင့် လက်ရှိမြို့တွင်းမှာ ကျန်နေသေးတဲ့ ဝန်ထမ်းတွေကို တင်းကြပ် လိုက်တာဖြစ်တယ်” ဟု သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ် တို့အကြား ဧပြီလ ၁၃ ရက်မှ စတင်ခဲ့သည့် သံတွဲတိုက်ပွဲသည် မြို့အနား နီးကပ်လာနေ၍ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။

စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာခွင့်ကို တင်းကြပ်ထားသည့်အပြင် ခွင့်မပြုချက်မပါဘဲ ပို့ဆောင်ပေးသည့် ခရီးသည်တင်ယာဉ်များကိုလည်း ဖမ်းဆီးရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့နှင့် ၂ မိုင်ခန့် အကွာတွင် ဇွန်လ ၂ ရက်မှ စတင်၍ စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး သံတွဲလေဆိပ်အား ခံစစ်အဖြစ်ခုခံရန် စစ်ကောင်စီက ပြင်ဆင်နေသည်။

“စစ်ကောင်စီက လေဆိပ်မှာ ခံစစ်သေချာ ပြင်ဆင်နေတယ်။ ဗျူဟာမှူးကိုယ်တိုက် တိုက်ရိုက်ကွပ်ကဲပြီးတော့ ခံစစ် ပြင်ဆင်နေတာလို့ သိရတယ်။ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတွေ အသိမ်းမခံရဖို့အတွက် ပြင်ဆင်နေတာ” ဟု သံတွဲမြို့မှ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

ငပလီမြို့အနီး တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက သံတွဲလေဆိပ်ကို ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ယာယီ ပိတ်သိမ်းလိုက်သည်။

တိုက်ပွဲပြင်းထန်နေမှုကြောင့် လေကြောင်းလိုင်း ပြန်ဖွင့်ရန် မသေချာမှု၊ ကားလမ်းကြောင်းကိုလည်း စစ်ကောင်စီ က ပိတ်ဆို့ထားတာကြောင့် သံတွဲဒေသခံများသည် မြို့တွင်း၌ ပိတ်မိသွားမည်ကို စိုးရိမ်နေကြသည်။

“သံတွဲမှာ တိုက်ပွဲဖြစ်ကတည်းက လေကြောင်းတစ်ခုကိုပဲ အားကိုးနေရတာ။ အခုလို တိုက်ပွဲပြင်းထန်တော့ လေဆိပ်ဖွင့်ဖို့ အခြေအနေ နည်းတယ်။ ကုန်းလမ်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ထောက်ခံချက်တွေနဲ့ ခွင့်ပြုတယ်။ စစ်ရှောင်ဖို့အတွက်ကြ သွားလာရေး ခက်ခဲတယ်။ မြို့ပေါ်တိုက်ပွဲ ဖြစ်လာရင်တော့ ဒေသခံတွေ အတွက် မလွယ်ဘူး” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၂ လခန့် ကြာမြင့်လာပြီး နေရပ်စွန့်ခွာသူ ၅ သောင်းကျော် အထိ ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here