မန်တုံမြို့နယ် မိုင်းမော် (နမ်ဟိုင်း) အနီးရှိ သတ္တုတွင်းတဝိုက် KIA နှင့် TNLA တို့အကြား တင်းမာမှုဖြစ်ပွားနေ

0
47
ပုံစာ - မိုင်းဝီးရွာက KIA ဂိတ်စခန်းတစ်ခု (Photo – CJ)

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ် မိုင်းမော် (နမ်ဟိုင်း) အနီး သတ္တုတွင်းတဝိုက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ဖက်တပ်အကြား တင်းမာမှု ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။

KIO ထိန်းချူပ်နယ်မြေ၊ မိုင်းမော် (Mungmaw) (ခေါ်) နမ်ဟိုင်းနှင့် မိုင်းဝီး (Mungwi) ကြားရှိ ဘော်ဟိုကျန့် (Magwi baw bum) သတ္တုတွင်းအား သတ္တုထုတ်ယူမှုကို TNLA ဘက်က အပြင်းအထန်ပြုလုပ်လာတာကြောင့် KIA ဘက်က သွားရောက် တားမြစ်ရာတွင် TNLA က စစ်အင်အားဖြည့်တင်းလာသည့်အတွက် နှစ်ဖက်တပ် အကြား တင်းမာနေသည်ဟု မိုင်းမော် (Mungmaw) ဒေသဆိုင်ရာ KIO အရာရှိတစ်ဦးက ပြောဆိုသည်။

“သူတို့က Magwibum (မဂွေတောင်) က သတ္တုထုတ်ယူချင်တာ။ ကျနော်တို့က တားမြစ်တော့ TNLA ဘက်က စစ်အင်အားတွေ အလုံးအရင်း ဖြည့်လာတယ်။ ဆွေးနွေးအုံးမယ် ခဏနေအုံး ပြောနေတုန်းတန်းလန်း သူတို့က နားမထောင်ဘဲ အတင်းထုတ်ယူလာတော့ အခြေအနေ တင်းမာလာကြတာဖြစ်တယ်” ဟု အဆိုပါ KIO အရာရှိက ပြောသည်။

TNLA နှင့် KIA တပ်တို့အကြား ထိုသို့သတ္တုထုတ်ယူမှုနှင့် ပတ်သက်ပြီး ပြဿနာဖြစ်ပွားမှုသည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် TNLA တပ်များသည် KIA ပိတ်ထားသည့်ဂိတ်ကို ရိုက်နှက် ချိုးဖျက်လိုက်ပြီး KIO/KIA ထိန်းချူပ်ထားသော မိုင်းမော် – မိုင်းဝီးဘက်ကို TNLA က စစ်အင်အား ဖြည့်တင်းလာ တာကြောင့် အခြေအနေပိုတင်းမာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး TNLA တပ်က မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ၌ မိုင်းယော်ဒေသ ဘော်ဟိုကျန့်သတ္တုတွင်း လုပ်ငန်းများကို ဆက်မလုပ်ရန် KIA က နှောက်ယှက်ပိတ်ဆို့နေကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တချို့ကြောင့် နှစ်ဖက်ပြဿနာ ကြီးထွားလာမှုကို ကြားဝင်ဖြေရှင်းပေးရန် FPNCC ကိုလည်း တောင်းဆိုသည်ဟု ဖော်ပြပါရှိသည်။

အဆိုပါ TNLA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းရန် ဖုန်းနှင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ယနေ့ထိ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA သို့ ဆက်သွယ်မေးမြန်းရာတွင် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ထိုကိစ္စသည် အထက်အရာရှိများအချင်းချင်း ညှိနှိုင်းဆွေးနွေးနေသောအခြေအနေဖြစ်သည်ဟု ပြန်လည်ပြောဆိုသည်။

နှစ်ဖက်တပ်အကြား လက်ရှိ ပြဿနာဖြစ်ပွားနေသော သတ္တုတွင်းနေရာသည် မိုင်းမော် (Mungmaw) မှ ဆိုင်ကယ်နှင့် သွားလာပါက ၁ နာရီခန့်သွားရသည့် နေရာ၌တည်ရှိကြောင်းနှင့် ယခင်က ထိုသတ္တုတွင်းနေရာကို KIA တပ်မဟာ ၄ မှ တိုက်ရိုက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာ KIO အရာရှိက “ဒေသခံပြည်သူတွေက ဒီလိုလက်နက်ကိုင်အချင်းချင်းကြား ပြဿနာတွေ ဖြစ်လာ တိုင်း ပလောင်ဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ် အားလုံးက စိုးရိမ်ကြတယ်။ ဒါပေမဲ့ ပြဿနာကြီးကြီးမားမား မဖြစ်ဖို့ ကျနော်တို့ KIO/KIA ဘက်က အမြဲသတိထားနေတာ ဖြစ်တယ်။ TNLA ဘက်က ဂရုမစိုက်၊ သတိမထားရင်တောင် ကျနော်တို့က ကျနော်တို့အချင်းချင်း ပြဿနာမဖြစ်ဖို့ အမြဲသတိထားနေတာဖြစ်တယ်” ဟု ပြောသည်။

မန်တုံမြို့နယ် မိုင်းမော် (နမ်ဟိုင်း) ဒေသသည် KIA တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက မိုင်းမော် (နမ်ဟိုင်း) ရှိ စစ်ကောင်စီတပ်စခန်းကို KIA ဘက်က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ယင်းဒေသကို ထိန်းချူပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း နမ္မတူမြို့နှင့် မန်တုံမြို့ကို TNLA က ဝင်ရောက်တိုက်ခိုက် သိမ်းလိုက်ကတည်းက ကမ္ဘာကျော် ဘော်တွင်းသတ္တုတွင်းနှင့် သတ္တုများထုတ်ယူနေသည့် အဆိုပါဒေသတဝိုက်ရှိ KIA/PDF တပ်ဖွဲ့များကို TNLA ဘက်က မောင်းထုတ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းများကလည်း TNLA ဘက်က နမ္မတူ – ဘော်တွင်း သတ္တုတွင်းအနီးရှိ KIA ဂိတ်များကို ရိုက်ချိုးဖြုတ်သိမ်းပြီး မောင်းထုတ်ခဲ့သည့်ပြဿနာများ ဖြစ်ပွားခဲ့သေးသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here