“IEC ရဲ့ချထားတဲ့ဗျူဟာတွေ လူထုအတွက်လုပ်မယ်ဆိုတဲ့ ကဏ္ဍအလိုက်တွေကလည်း ဆက်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်သေးတဲ့အပေါ်မှာကတော့ IEC ကလည်း ဆက်လုပ်ဖို့ ကြိုးစားဖို့ အများကြီး လိုအပ်သလို လူထုတွေနဲ့လည်း ယခင်ကထက် ထိတွေ့မှု ပိုလုပ်ဖို့တော့လိုတယ်ပေါ့နော်” မော်ဖရေးမြာ

0
62
ပုံစာ - မော်ဖရေးမြာ

လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော ကရင်နီပြည်၏ စစ်ရေးနှင့်နိုင်ငံရေး အခြေအနေများအပေါ် အရပ်ဖက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်သဘောထား ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦးဖြစ်သည့် မော်ဖရေးမြာနှင့် ဆက်သွယ်မေးမြန်းချက်။

လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော ကရင်နီ (ကယား) ပြည်၏ စစ်ရေးနှင့်နိုင်ငံရေး အခြေအနေများအပေါ် ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်း ၂၀ မှ ကိုယ်စားလှယ်ပေါင်း ၃၈ ဦးတို့ စုပေါင်း၍ အရပ်ဖက်အဖွဲ့အစည်းများ၏ ရပ်တည်ချက်သဘောထားကို မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ လက်နက်ကိုင်အင်အားစုများ အနေနှင့် ပြည်နယ်အတွင်းရှိ လူထုများ၏ လူ့အခွင့်အရေးကိစ္စရပ်များ၊ အမျိုးသမီးနှင့် ကလေးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကာကွယ်သည့် လုပ်ငန်းစဉ်များ အလေးထားဆောင်ရွက်ရေး၊ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း၍ ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ ပီပြင်အောင်ဆောင်ရွက်ပေးရေး စသည့် အချက်များ ပါရှိသည်။ ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများအား တောင်းဆိုမှုအသီးသီးလည်း ပါရှိသည်။

အရပ်ဖက်အဖွဲ့အစည်းများက ယခုလို ရပ်တည်ချက်သဘောထား ထုတ်ပြန်ရသည့်အကြောင်းရင်း၊ ကရင်နီ ပြည်သူများ လက်ရှိကြုံတွေ့နေရသော အခြေနေများနှင့် ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းမှ ဦးစားပေးလုပ်ဆောင် စေလိုသည့် အချက်များနှင့် ပတ်သက်ပြီး ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦး ဖြစ်သည့် မော်ဖရေးမြာနှင့် ဆက်သွယ်မေးမြန်းထားသည်။ (မော်ဖရေးမြာသည် ကရင်နီအမျိုးသမီးအစည်းအရုံး – KNWO ၏ အထွေထွေအတွင်းရေးမှူး (၂) လည်း ဖြစ်ပါသည်။)

မေး။ ။ ဒီလိုမျိုး ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေ စုပြီးတော့ ရပ်တည်ချက်သဘောထား ထုတ်ပြန်ရတဲ့ အဓိက အကြောင်းအရင်းကို အရင်ဆုံးပြောပြပေးပါ။

ဖြေ။ ။ ကျမတို့ ဒီစစ်အာဏာသိမ်းပြီး ၂၀၂၁ မှာကတည်းက ကျမတို့ကရင်နီပြည်ရဲ့ CSO တွေက တစုတစည်းတည်းပေါ့နော်၊ ပုံမှန်အစည်းအဝေးတွေ ကဏ္ဍအလိုက် မတွေ့ဖြစ်တာ ကြာပြီပေါ့နော်။ ကျမတို့ တကွဲတပြား ရောက်နေကြတယ်။ ရောက်နေတဲ့နေရာကနေ ကျမတို့လူထုအရေးကိုလည်း ဝန်ဆောင်မှုလုပ်ရင်းနဲ့ နိုင်ငံရေး ဘက်မှာလည်း ပူးပေါင်းပါဝင်တဲ့ အခန်းကဏ္ဍတွေ ရှိတာပေါ့နော်။ ဆိုတော့ ကျမတို့အားလုံး ကရင်နီပြည် CSO လို ပုံစံမျိုးနဲ့ ကိုယ်စားပြုပြီးမှ ပြန်တွေ့နိုင်တဲ့ဟာက မရှိတာကြာပြီပေါ့နော်။ ကျမတို့ ဒီနှစ်အတွင်းမှာ တစုတစည်း ထဲနဲ့ ကျမတို့က CSO အချင်းချင်းတွေ ပြန်တွေ့ကြပြီးတော့မှ ပိုပြီးတော့မှလူထုအတွက် အထူးသဖြင့် Humanitarians နဲ့ ပတ်သက်ပြီးတော့မှ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ အားကောင်းအောင် Overlap မဖြစ် အောင်၊ ပြီးရင် ပိုပြီးတော့မှ ချိတ်ဆက်မူ မြန်ဆန်အောင်ဆိုတဲ့ဟာပါမယ်။

နောက်တခုကြတော့ ကျမတို့ အခု ကရင်နီပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အပေါ်မှာပေါ့နော် ကျမတို့ CSO ရဲ့ ဘုံသဘောထား ရပ်တည်ချက်ပုံစံမျိုးနဲ့ ထွက်နိုင်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမတို့ တွေ့တာဖြစ်တယ်ပေါ့။ ပြီးရင် ကျမတို့ပြည်နယ်ရဲ့ ဖြစ်ပေါ်ပြောင်းလဲ နေတဲ့ ဒီနိုင်ငံရေးပေါ်မှာဆိုရင်လည်း နောက်ဆက်တွဲ လိုအပ်တဲ့ ဒီ Humanitarians နဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတကာ ပြည်တွင်းပြည်ပနဲ့ ပတ်သက်ပြီးတော့မှ ကူညီထောက်ပံရေး အစီအစဉ်တွေမှာလည်း Localization ပုံစံမျိုးနဲ့ သွားနိုင်အောင် ကျမတို့ ဒီရည်ရွယ်ချက်နဲ့ လုပ်တယ်ပေါ့နော်။

မေး။ ။ ဒီထဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ဘယ်နှစ်ဖွဲ့လောက်ပါဝင်လဲ။ ပြီးတော့ ဒီအဖွဲ့အစည်းတွေက ဘယ်လိုကဏ္ဍတွေမှာ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေလို့ ပြောလို့ရပါလဲ။

ဖြေ။ ။ ဒီအရပ်ဖက်အဖွဲ့အစည်းတွေက ကျွန်မတို့လုပ်တာက အဖွဲ့ပေါင်း ၂၀ လောက်ပေါ့နော။ အဓိက ဒီအဖွဲ့ ပေါင်း ၂၀ ဟာဆိုရင် ဒါ နဂိုကတည်းက တည်ရှိနှင့်ပြီးသား ကျမတို့ ဒီ CSO ရေရှည်အဖွဲ့ ဖြစ်တာတွေပါမယ်။ နောက်တခုကြတော့ စစ်အာဏာသိမ်းပြီးမှ ထပ်ပေါ်လာတဲ့ တချို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ လုပ်နေတဲ့ဟာ တချို့ပါမယ်ပေါ့နော်။ ဆိုတော့ အားလုံး မတူညီကွဲပြားတဲ့ အစုအဖွဲ့တွေ ပါပါတယ်။

အမျိုးသမီး ကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေ လူငယ်ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ နောက်ပြီး Humanitarian လုပ်နေတဲ့ဟာပါမယ်။ နောက်ပြီးတော့ ကဏ္ဍအသီးသီး၊ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေး အဲ့လိုမျိုး ကဏ္ဍအသီးသီးတွေပါနေတဲ့ CSO တွေလည်း ရှိပါတယ်။ တချို့က ဒီအဖွဲ့ပေါင်း ၂၀ ထဲမှာမှ ဒီကာလမှာ သူတို့ လုံခြုံရေးအရပေါ့နော် အလုပ်လုပ်နေတဲ့ဟာမျိုးတွေ တချို့ ရှိတာကြတော့ ဒီကျမတို့ Statement မှာလည်း မဖော်ပြထားဘူးပေါ့နော်။

မေး။ ။ လက်ရှိ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ဆောင်ရွက်မူတွေနဲ့ ပတ်သက်ပြီး တော့ အားသာချက်တွေ၊ လိုအပ်ချက်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျမတို့ ကရင်နီပြည်ရဲ့ IEC အနေနဲ့ ဆိုရင်ပေါ့၊ ကျမတို့ Statement ထဲမှာ ဖော်ပြထားတဲ့ အတိုင်းပဲ တော်လှန်ရေးအစိုးရအနေနဲ့ ကျမတို့ အသိအမှတ်ပြုတယ်ပေါ့နော်။ တဖက်မှာဆိုရင်တော့ ကျမတို့ ကရင်နီ ပြည်နယ်မှာဆိုရင် စစ်ရေးက အရမ်းအားကောင်းတဲ့ပြည်နယ် ဖြစ်သလို တဖက်မှာဆိုရင်လည်း စစ်ရေးအရှိန် မြှင့်လာတာနဲ့အမျှ ကျမတို့လူထုတွေရဲ့ အဘက်ဘက်က ပညာရေး၊ ကျန်းမာရေးတို့ နောက်ပြီးတော့မှ လူမူရေး၊ စီးပွားရေး အဲ့လိုဟာမျိုးတွေလည်း ပျောက်ဆုံးနေတဲ့ အခန်းကဏ္ဍပုံစံ ဖြစ်တာပေါ့နော်။

အဲ့ထဲမှာ IEC အနေနဲ့ လည်း ဒီနိုင်ငံရေးအရ ကျမတို့ပြည်နယ်မှာ အခုနက ကျမပြောတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမူရေးတို့ နောက်ပြီးတော့မှ နိုင်ငံရေးအရ သူတို့မူဝါဒတွေ အားကောင်းကောင်းနဲ့ သွားနိုင်တယ်ဆိုပေမယ့် တဖက်မှာ လူထုရဲ့ထိတွေ့မှု့တွေ လူထုရဲ့ဝန်ဆောင်မူ ပေးတဲ့နေရာမှာတော့ နည်းနည်းလေး အားနည်းနေသေး တယ်လို့ ပြောလို့ရမှာပေါ့နော်။ ဘာလို့လဲဆို ဒီကာလမှာ သူတို့အခြေချနေထိုင်ဖို့ အလုပ်ပိုများတဲ့အပေါ်မှာ သူတို့ ဒီလူထုနဲ့ ထိတွေ့ဝန်ဆောင်မူပေးတဲ့အခါမှာ အားနည်းသွားတဲ့အပိုင်းတော့ ရှိတာပေါ့နော်။ ကျမတို့ CSO အနေနဲ့ ကတော့ သီးခြားလွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်း ဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့ဘက်က လိုအပ် နေတဲ့ နည်းပညာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ တခြား လူစွမ်းအားအရင်းအမြစ်တွေ ဖြစ်ဖြစ်ပေါ့နော်၊ ပိုပြီးတော့မှ ဒီ IEC မှာ ပါလာနိုင်ဖို့ အတွက်လည်း တဖက်တလမ်းကနေ ချိတ်ဆက်နိုင်တဲ့ အပိုင်းတွေကိုတော့ လုပ်သွားဖို့ရှိမယ်။

ပြီးရင် သူတို့ဘက်ကလည်း သုံးနှစ်ကျော်လာပြီ ဖြစ်တယ်။ ဒါ KSCC (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ) အနေနဲ့ဆို သုံးနှစ် ကျော်လာပြီဖြစ်တယ်။ IEC အနေနဲ့တော့ လသားပုံစံပဲ ရှိသေးတယ်ပေါ့နော်။ အားလုံး အကျိုးရှိရှိ လူထုအတွက် ဖြစ်ဖို့ရယ် နောက်ပြီး နိုင်ငံရေး၊ ရှေ့တန်းမှာ သွားတဲ့နေရာဆိုရင် ပိုပြီးတော့မှ လူထုရဲ့ကိုယ်စားပြုမှု၊ အသံရယူ ပြီးတော့မှ လုပ်ဆောင်နိုင်ဖို့ရန် အရေးကြီးတဲ့အတွက် ကျမတို့ CSO အနေနဲ့ ထပ်ပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်တွေ သူတို့ရဲ့လုပ်ဆောင်ချက်မှာ အားနည်းနေသေးတဲ့ အပေါ်မှာတော့ အကြံပေး တိုက်တွန်းတာတွေ ဆက်လုပ်ဆောင်သွားဖို့တော့ရှိတယ်။

မေး။ ။ အရပ်ဖက်အဖွဲ့စည်းတွေက IEC နဲ့ယှဉ်ရင် လူထုနဲ့ အနီးကပ်ဆုံး ပိုရှိနေတယ်လို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ မြေပြင်မှာရော ဒီအခြေအနေတွေက ဘယ်လိုရှိနေပါလဲ။ IEC ကို ကရင်နီပြည်ထဲကလူတွေ တော်တော်လေး သိနေကြပြီလား။ လက်ခံယုံကြည်ကြတဲ့ အနေအထားမျိုးရော ရှိပြီလို့မြင်ပါလား။

ဖြေ။ ။ ဒီ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းကတော့ ဒါဟာ ကျမတို့ဆွေးနွေးပွဲမှာ တက်လာတဲ့အဖွဲ့ပေါင်း ၂၀ ဟာ ဆိုရင် ကရင်နီပြည်ရဲ့နေရာဒေသ လွှမ်းခြုံမှုရှိတဲ့အဖွဲ့စည်းတွေ လာစုစည်းကြတာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ နဂိုကတည်းက ဒီ KSCC နဲ့ IEC တို့ကလည်း အထူးသဖြင့် KSCC ပေါ့။ ကျမတို့ စုပေါင်းခေါင်းဆောင်မှုနဲ့ လာတဲ့ အခါကျတော့ ဒီအမျိုးသမီးအင်အားစုဆိုရင်လည်း အမျိုးသမီးကိုယ်စားပြုလာတာ၊ လူငယ်ဆိုလည်း လူငယ် အလျောက် အဲ့လိုမျိုးပေါ့နော်။ အဲ့လိုလာတဲ့အခါမှာ KSCC က ချထားတဲ့ဟာကို IEC က လက်တွေ့ အလုပ်လုပ်ရတဲ့ အဖွဲ့တွေ ဖြစ်တဲ့အခါကြတော့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်း အနေနဲ့လည်း အဲ့မှာ ကိုယ်စားပြု တချို့ ပါတယ်ပေါ့နော်။ KSCC မှာ ကိုယ်စားပြုမှုပါတယ်။ တဖက်မှာဆိုရင် IEC မှာ ဆိုရင်လည်း တော်တော်များများ လူ့အရင်းအမြစ်တွေက CSO ကနေလာတဲ့သူတွေ ဖြစ်တယ်။

ဆိုတော့ လူထုတွေကတော့ IEC ကို ဘယ်လောက်ထိ သိလဲ၊ မသိဘူးလဲဆိုတဲ့ဟာက ကျမတို့အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ ကျမတို့ သွားနေတဲ့ ရွာတွေ၊ သွားနေတဲ့ အုပ်စုတွေ၊ သွားနေတဲ့ စစ်ရှောင်စခန်းတွေမှာဆိုရင် ကျမတို့ IEC ရဲ့ လုပ်ဆောင်ချက်တွေ၊ မျော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ မူဝါဒတွေတော့ ကျမတို့ သွားပြီး တော့ ရှင်းပြထားပေးတာတွေရှိသလို တဖက်မှာလည်း IEC ကိုယ်၌က လူထုနဲ့ တွေ့ဆုံမူတွေကလည်း သူ့ရဲ့ကဏ္ဍ အလိုက် သွားရောက်တွေ့ဆုံထားမျိုးတွေ ရှိတာပေါ့နော်။ ဆိုတော့ တော်တော်များများက လူထုကတော့ ဒီ IEC ဆိုတဲ့ဟာမျိုးတော့ သိကြတယ်ပေါ့နော်။ ဒါပေမဲ့ အခုနကပြောတဲ့ ဒီသိနေရုံနဲ့လည်း မရဘူး ပေါ့နော်။ ဒီ IEC ရဲ့ ချထားတဲ့ဗျူဟာတွေ လူထုအတွက်လုပ်မယ်ဆိုတဲ့ ကဏ္ဍအလိုက်တွေကလည်း ဆက်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်သေးတဲ့အပေါ်မှာကတော့ IEC ကလည်း ဆက်လုပ်ဖို့ ကြိုးစားဖို့ အများကြီး လိုအပ်သလို လူထုတွေနဲ့ လည်း ယခင်ကထက် ထိတွေ့မှု ပိုလုပ်ဖို့တော့ လိုတယ်ပေါ့နော်။ ဒါမှပဲ လူထုတွေနဲ့ ထိတွေ့ ပြီးတော့မှ လူထုရဲ့ အကြံပြုချက်ရယူမူတွေ၊ လူထုရဲ့အခက်အခဲတွေကို သူတို့ပိုပြီးတော့မှ ထင်သာမြင်သာမှာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ကရင်နီပြည်အနေနဲ့ဆိုရင် ဘယ်ကဏ္ဍတွေမှာ အရေးတကြီး ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ဆိုတော့ ကျမတို့ ဒီကရင်နီပြည်အနေအထားနဲ့ကတော့ “တစ်လေးလုံးစစ်ဆင်ရေး” ပြီးတဲ့နောက်ပိုင်း မှာဆိုရင် ဒါ တစ်ပြည်နယ်လုံး အတိုင်းအတာပုံစံမျိုးနဲ့ ကျမတို့ စစ်ရှောင်ဘဝလိုမျိုး ရောက်ကြတယ်ပေါ့နော်။ အခု လောလောဆယ်ကတော့ ပထမဦးစားပေးကတော့ စားဝတ်နေရေးပေါ့နော်။ ဘာဖြစ်လဲဆိုရင် တော်တော် များများက မြို့နယ်အလိုက်က လယ်ယာ၊ တောင်ယာ မစိုက်ပျိုးနိုင်တာ ၃ နှစ်ကျော် ကြာလာတော့ ဒီအလှူရှင် တွေရဲ့ မှီခိုပံ့ပိုးမှုနဲ့ သွားနေတယ်ပေါ့နော်။ ဒါရေရှည်ကလည်း ဒီအလှူရှင်တွေကလည်း နည်းသထက်နည်းလာ တယ်။ နိုင်ငံတကာကလည်း စိတ်ဝင်စားမူ အားနည်းလာတဲ့အပေါ်မှာဆိုရင် အများကြီး ရုန်းကန်ရတာမျိုးတွေ ရှိတာပေါ့နော်။ အထူးသဖြင့် စားဝတ်နေရေးလည်း ဒါပထမဦးစားပေး လိုအပ်တယ်။ ဒုတိယ တတိယကတော့ အခြေခံကျန်းမားရေးတို့ ပညာရေးအပိုင်းတွေပေါ့နော် အဲ့ဒါတွေတော့ လိုအပ်ပါတယ်ပေါ့။

မေး။ ။ တခြားရော ဘာများဖြည့်စွက်ပြောဆိုချင်တာ ရှိပါသေးလဲ။

ဖြေ။ ။ ကျမတို့ ကရင်နီအရပ်ဖက်အဖွဲ့အနေနဲ့ ဒီ Statement ထုတ်ပြန်ထားတဲ့ အပေါ်မှာကိုပဲ ကျမတို့ ပြည်နယ်က ဘယ်လို စစ်ရေးနိုင်ငံရေး ဖြစ်နေလဲ၊ ပြီးရင် ကျမတို့ ပိုပြီးတော့မှ စုစည်းဖို့ အားကောင်းတဲ့ လိုအပ်တဲ့ အချက်တွေ တဘက်မှာလည်း ကျမတို့ပြည်နယ်ရဲ့ လိုအပ်နေတဲ့ အကူအညီတွေ အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ အလုပ်လုပ်ပေးနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေလည်း ပေါင်းစုံရှိမယ်ပေါ့နော်။ ဆိုတော့ ကြည့်လိုက်ရင်တော့ ဒီ Statement ကြည့်လိုက်ရင်တော့ နိုင်ငံတကာရဲ့အကူအညီတွေ ကျမတို့ ပြင်ပမျိုးနွယ်စုတွေရဲ့ အကူအညီတွေ ဆိုတဲ့ဟာမျိုးက အရမ်းလိုအပ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကိုသိရှိနိုင်ဖို့ ထိုးဖောက်နိုင်ဖို့ဆိုရင်တော့ သတင်းမီဒီယာရဲ့အခန်းကဏ္ဍလည်း အရေးကြီးတယ်ပေါ့။ ဆိုတော့ သတင်းမီဒီယာတွေကလည်း ဒါတွေအပေါ်မှာ ရပ်တည်ပြီးတော့မှ ဖော်ပြပေးနိုင်တယ်ဆိုရင် ကောင်းတာပေါ့နော်။ ပြီးရင် ကျမတို့ ဒီကရင်နီပြည်ရဲ့ IEC ရော နောက်ပြီးတော့မှ လူထုအတွက်ရော တခြားပြည်နယ် ပြည်ပက သက်ဆိုင်ရာ အစုအဖွဲ့တွေကလည်း ပိုပြီးတော့ အာရုံစိုက်လာဖို့လည်း ယုံကြည်ပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here