“အခုလက်ရှိမှာကတော့ ဝန်ထမ်းတွေ ခပ်များများ အသုံးပြုတယ်ပေါ့နော။ ကျနော်တို့ လူထုတွေကို သတ်မှတ် ပေးတဲ့ စျေးနှုန်းအတိုင်းမရတော့ တဝက်နှုန်းနဲ့ ပြေးဆွဲပေးနေတဲ့ အနေအထားမျိုးရှိတော့ ကျနော်တို့မှာ အကျိုးအမြတ်က မထွက်နိုင်သေးဘူးပေါ့” သံချောင်း – ညွှန်ကြားရေးမှူး/ IEC သယ်ယူပို့ဆောင်ရေးဌာနခွဲ

0
84
ပုံစာ - ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဉ်လိုင်းဂိတ်

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဉ်လိုင်းပြေးဆွဲမှုအခြေအနေနှင့်ပတ်သက်ပြီး IEC သယ်ယူပို့ဆောင်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး သံချောင်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

ကရင်နီပြည်ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ ( IEC ) လက်အောက်ရှိ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနရှိ သယ်ယူပို့ဆောင်ရေးဌာနခွဲ၏ စီစဉ်မှုဖြင့် ဒီးမော့ဆို – မော်ချီး -မယ်စဲ့မြို့တို့ကို ဆက်သွယ်သွားလာနိုင်မည့် ယာဥ်လိုင်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီး ပြေးဆွဲခဲ့ပါသည်။

လက်ရှိ ဒီးမော့ဆို – မော်ချီး – မယ်စဲ့ ယာဉ်လိုင်းပြေးဆွဲမှု အခြေအနေ၊ ခရီးသည် ရရှိမှု၊ ခရီးသည်များ လုံခြုံရေး အတွက် စီမံဆောင်ရွက်မှု၊ ယာဉ်လိုင်းကရရှိလာသည့် အခွန်ငွေ အသုံးပြုမှုတို့နှင့် ပတ်သက်ပြီး IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနရှိ သယ်ယူပို့ဆောင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး သံချောင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိ IEC ယာဥ်လိုင်းပြေးဆွဲနေတဲ့ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဟုတ် ပြေးဆွဲနေတုန်းပါပဲ။ ကျနော်တို့ ပြီးခဲ့တဲ့ ၁၁ လပိုင်းပေါ့နော။ ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းကနေ စတင် ပြေးဆွဲရာကနေ ၁၁ လပိုင်း ၁၂ လပိုင်းမှာ လူသစ်များလာပြီးတော့မှ အခုလက်ရှိအခြေအနေအထိကို တပတ်ကို နှစ်ကြိမ်ပေါ့နော။ တနင်္လာနေ့မှာတော့ မယ်စဲ့ကို သွားတယ်။ မော်ချီး – မယ်စဲ့ပေါ့နော။ မယ်စဲ့က ကားက တနင်္လာနေ့မှာ ဒီးမော့ဆိုကို လာတယ်။ အင်္ဂါနေ့မှာ မယ်စဲ့ကကားက ဒီးမော့ဆိုကနေ မယ်စဲ့ကို ပြန်လာတယ် ပေါ့နော။ အခုလောလောဆယ် အခြေအနေမှာတော့ မိုးလည်းရွာတဲ့ အနေအထားမှာရှိတော့ ပုံမှန်တော့ မရှိဘူးပေါ့နော။ တခါတလေ တညအိပ် နှစ်ညအိပ်တွေ ဖြစ်သွားတယ်ပေါ့နော။ စက်ချို့ယွင်းမှုတွေဘာတွေ ရှိရင်တော့၊ လောလောဆယ်တော့ လက်ရှိအခြေအနေအထိ ပြေးဆွဲနေပါတယ်။

မေး ။ ။ လက်ရှိမှာ မိုးရာသီရောက်လာပြီဆိုတော့ ယာဥ်လိုင်းပြေးဆွဲမှု အခြေအနေတွေက အပြောင်းအလဲ ရှိသွားနိုင်လား။

ဖြေ ။ ။ ကျနော်တို့ကတော့ တတ်နိုင်သမျှကတော့ ပုံမှန်အတိုင်း ဆက်သွားပေးမယ်ပေါ့နော။ လမ်းအခြေအနေနဲ့ ရာသီဥတု အခြေအနေ ကြည့်ပြီးတော့မှ ပုံမှန်အတိုင်း ကြိုးစားပြီးသွားပေးမယ်။ ဒါပေမဲ့ မိုးရွာတာနဲ့ မရွာတာနဲ့ကို ခရီးရောက်ဖို့က ပုံမှန်အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်ပေါ့နော။ အဲဒီတော့ အရင်က ကျနော်တို့ ပုံမှန်တနင်္လာနေ့ သွားတယ်။ တနင်္လာနေ့ ညနေရောက်တယ် ဆိုတဲ့ဟာမျိုး ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ကောင်း ဖြစ်လိမ့်မယ်ပေါ့။ အတိအကျပြောလို့ မရဘူးပေါ့။ တညအိပ်ခရီးလည်း ဖြစ်သွားနိုင်တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြေးဆွဲ သွားဖို့ ရည်ရွယ်ထားတယ်ပေါ့နော။

မေး ။ ။ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက်ရော ဘယ်လိုဆောင်ရွက်ပေးနေတာရှိပါလဲ။

ဖြေ ။ ။ ခရီးသည်တွေအတွက် လုံခြုံရေးက ကျနော်တို့လမ်းခရီးမှာ ကျနော်တို့ မြေပြင်အနေအထားနဲ့ဆိုရင် ကျနော်တို့စုံစမ်းပြီး အခြေအနေတွေကို ကျနော်တို့ သွားသင့်တဲ့လမ်းနဲ့ ကျနော်တို့ ရွေးချယ်သွားပေးတယ် ပေါ့နော။ လုံခြုံမှုရှိဖို့ အတွက်ပေါ့။ သို့ပေမဲ့ ကောင်းကင်ကလာမယ့် လေကြောင်းရန်မျိုးကြတော့ ကျနော်တို့ အာမခံလို့ မရဘူးပေါ့နော။ အဲဒီလို တကယ်လို့ ကြုံခဲ့ဆုံခဲ့မယ်ဆိုရင်တော့ အတတ်နိုင်ဆုံးတော့ အန္တရာယ် ကင်းအောင်တော့ ကျနော်တို့ ကြိုးစားသွားပေးမယ်ဆိုတဲ့ဟာပဲ ရှိတယ်။ ၁၀၀ ရာခိုင်နှုန်း အာမခံပေးနိုင်တဲ့ ဟာမျိုးတော့ မရှိဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီလေကြောင်းက ကျနော်တို့အာမခံလို့မရဘူး။

မေး ။ ။ လက်ရှိ ယာဉ်လိုင်းပြေးဆွဲနေမှုအခြေအနေက ဘယ်လိုရှိနေပါလဲ။ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေ များလား။

ဖြေ ။ ။ အရင်ကနဦး ထက်စာရင်တော့ ခရီးသည်လေးတွေပါလာပြီ။ ကုန်စည်လေးတွေ ပို့လာကြတယ်ပေါ့နော။ သို့ပေမဲ့ ကျနော်တို့က လောလောဆယ်အခြေအနေအထိက အရှုံးနဲ့ ရင်ဆိုင်ပြီးတော့မှ ပြေးဆွဲနေရတဲ့ အနေအထားပဲ ရှိပါသေးတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် အခုလက်ရှိအနေအထားမှာ တချို့သော ကားတွေလည်း အသွားအလာရှိတော့ လမ်းကြုံလိုက်ကြတာတို့ လမ်းကြုံပို့ကြတာတို့ ရှိသေးတာ။ နောက်တခုက ကျနော်တို့က အဓိက က ဌာနတွေနဲ့ ကျနော်တို့ လိုင်းထောင်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က နံပါတ် (၁) ပြည်သူလူထုရဲ့အရေး ပေါ့နော။ သွားလာမှု လွယ်ကူရေးအတွက် ရည်ရွယ်တယ်။

နောက်တခုက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ သယ်ယူဖို့အတွက်ကို အရင်တုန်းက ကျန်းမာရေးအဖွဲ့တွေဆိုရင်လည်း ကားတွေခက်ခဲတယ်။ ကားတွေ မရှိဘူး။ အဲဒီတော့ ဆေးဝါးတွေသယ်ယူဖို့ အကူအညီတောင်းတော့ ဆေးဝါးကလည်း လူထုတွေ အားလုံးအတွက် လိုအပ်ချက်ဖြစ်နေတော့ အခကြေးငွေနဲ့ ဆိုရင်လည်း ဒီမှာကလည်း အားလုံးကို အခမဲ့ ပြန်လည် ကုသပေးနေတဲ့ အခြေအနေဖြစ်တော့ ကျနော်တို့က ကူညီတင်ဆောင်ပေးတယ်ပေါ့နော။ နောက်တခုက ထိခိုက်ဒဏ်ရာတွေ၊ ရဲဘော်တွေ ဆေးကုသဖို့အတွက် သွားလာတဲ့ အချိန်မျိုးမှာဆိုလို့ရှိရင်၊ အရေးပေါ် ဆိုလို့ရှိရင်၊ အရေးပေါ်ထိခိုက်ဒဏ်ရာမျိုးဆိုရင် ကျနော်တို့က အခမဲ့ သယ်ဆောင်ပေးတယ်။

ဒါပေမဲ့ ရက်ချိန်းတို့ ဒီလိုပုံမှန်ပဲ သွားလာတဲ့ဟာ ဆိုလို့ရှိရင်တော့ ရဲဘော်နဲ့ ဝန်ထမ်းဆိုရင်တော့ တဝက်နှုန်း ပေါ့နော။ အဲဒီလိုမျိုး ယူပေးတဲ့ အတွက်ကြောင့် အခုလက်ရှိမှာကတော့ ဝန်ထမ်းတွေ ခပ်များများအသုံးပြု တယ်ပေါ့နော။ ကျနော်တို့ လူထုတွေကို သတ်မှတ်ပေးတဲ့ စျေးနှုန်းအတိုင်းမရတော့ တဝက်နှုန်းနဲ့ ပြေးဆွဲပေး နေတဲ့ အနေအထားမျိုးရှိတော့ ကျနော်တို့မှာ အကျိုးအမြတ်က မထွက်နိုင်သေးဘူးပေါ့၊ ပြောရမယ် ဆိုရင်တော့။ သို့ပေမဲ့ ယာဥ်လိုင်းထောင်ထားပေးတဲ့အတွက် နောက်တခုက အခု တဖြည်းဖြည်းနဲ့ သိလာပြီးတော့ အခုအသုံးပြု လာပေးတဲ့အတွက် အစစအရာရာ ကြည့်ပြီးတော့ ဆက်လက်ပြေးဆွဲသွားဖို့ ရှိပါတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဒါဆိုရင် လက်ရှိအချိန်အထိ အဲဒီယာဥ်လိုင်းကနေ အမြတ်ငွေမရသေးဘူးလို့ ပြောလို့ရလား။

ဖြေ ။ ။ ကျနော်တို့က အမြတ်ငွေ မရဘူးဆိုတာက ကျနော်တို့က ယာဥ်လိုင်းပြေးဆွဲခြင်းဖြင့် ယာဥ်တစီးကို IEC အတွက် အခွန်ငွေ တကြောင်းကို တစ်သိန်းခွဲ အဲဒီလိုမျိုးပေါ့နော၊ ကျနော်တို့သွင်းသွားတော့ IEC အတွက်ကတော့ အခွန်ငွေ ရတာပေါ့နော။ ရှင်းရှင်းပြောရရင် ကားနစ်နာမှုနဲ့ ကား Owner (ပိုင်ရှင်) တဦးစီကတော့ အကျိုးအမြတ် မပြောနဲ့ မောင်းတဲ့ယာဥ်နောက်လိုက်တို့ ယာဥ်အပျက်အစီးတွေ ပြန်လည်ပြုပြင်ဖို့အတွက်တို့က ကြားထဲမှာ လူတွေ၊ ကုန်တွေ သိပ်မရှိဘူးဆိုရင် ကိုယ့်ကုန်ကိုဖြည့်ပြီး ပြန်တင်ပို့ရောင်းရတဲ့ အခြေအနေမျိုးပေါ့နော။ နည်းနည်း ကာမိအောင်ဆိုတဲ့ အနေအထားမျိုးလေးတွေ အဲဒီလိုမျိုးလေးတွေ လုပ်ယူရတယ်ပေါ့။

မေး ။ ။ ယာဥ်လိုင်းတလိုင်းကို ခရီးသည်အများဆုံး ဘယ်လောက်အထိ သယ်ဆောင်နိုင်ပါလဲ။

ဖြေ ။ ။ ကျနော်တို့ကားက ခရီးသည်အများဆုံး ၁၅ ယောက် အဲဒီလောက်ပဲ တင်နိုင်တယ်။ သို့ပေမဲ့ လက်ရှိ အနေအထားမှာ အများဆုံးစီးတာက ၅ ယောက် ၆ ယောက်ပေါ့နော။ အဲဒီလောက်ပဲ ရှိတယ်။ ၇ ယောက်ပေါ့။ သို့ပေမဲ့ တစ်ယောက်ထဲရှိရင်လည်း ကျနော်တို့ ထွက်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ယာဥ်လိုင်း ဆိုတဲ့ဟာကို သတ်မှတ်ထားပြီးတော့မှ ယာဥ်လိုင်းဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ပြေးဆွဲတယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က တဦးတည်းရှိတယ်ဆိုရင်လည်း ကျနော်တို့ ပြေးဆွဲပေးတယ်။ တခါတလေကျလို့ ရှိရင်လည်း လူဦးရေ ၁၇ ၊ ၁၈ ယောက်လောက် ရှိရင်လည်း ကျနော်တို့နှစ်စီး သွားပေးတယ်ပေါ့နော။ အဲဒီလိုမျိုးတွေ ကျနော်တို့ ဆောင်ရွက်ပေးမှုရှိပါတယ်။

မေး ။ ။ ယာဥ်လိုင်း စတင်ပြေးဆွဲချိန်ကနေ အခုအချိန်အထိ ယာဥ်လိုင်းဘယ်နှစ်ကြောင်းလောက်ကို ပြေးဆွဲခဲ့ပြီးပြီလဲ။

ဖြေ ။ ။ အခေါက်ရေကတော့ ပုံမှန်အတိုင်းဆိုရင် ကျနော်တို့က တပတ်နှစ်ကြိမ်ပေါ့နော။ ဆိုတော့ ကိုယ်တိုင် တွက်ကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ကားချို့ယွင်းပြီးတော့မှ ရက်ကြာသွားပြီး နှစ်စီးထွက်ရမယ့် နေရာမှာ တစ်စီးပဲ ထွက်ဖြစ်တာတို့၊ ဒါမှမဟုတ်လို့ရှိရင်လည်း အကြောင်းကိစ္စတခုခုနဲ့ အရေးပေါ် ပစ္စည်းပို့ရ တာတို့၊ အရေးပေါ်လူနာ ပို့ရတာတို့ အရေးပေါ် ဆေးပို့ရတာတို့ဆိုရင် ကျနော်တို့ ကြားဖြတ်ထွက်ဖြစ်တယ်။ စာရင်းထဲမှာတော့ ရှိမယ်။ အတိအကျကတော့ ကျနော်တပ်အပ်တော့ ပြောလို့မရဘူးပေါ့နော။

မေး ။ ။ ယာဉ်လိုင်းကနေရရှိတဲ့ အခွန်ငွေတွေကို ဘယ်လိုအသုံးပြုနေပါလဲ။ ဘယ်ကဏ္ဍတွေမှာ အသုံးပြုဖို့ရှိလဲ။

ဖြေ ။ ။ ကျနော်တို့ IEC ကို ကျနော်တို့ကားတစီးကို တစ်သိန်းခွဲ တကြောင်းဆွဲတဲ့အချိန်မှာ ကောက်ခံတဲ့ တစ်သိန်းခွဲကို ကျနော်တို့စုပြီးတော့မှ လကုန်ရင် ကျနော်တို့ဂိတ်ကို ယာဥ်လိုင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ ဝန်ထမ်းလစာပေါ့နော။ ဥပမာ ဂိတ်မှူးဆိုရင်လည်း ဂိတ်မှူးပေါ့နော။ ရုံးစာရေးဆိုရင်လည်း ရုံးစာရေးပေါ့။ ယာဥ်လိုင်းနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေရဲ့လစာကို အဲဒီအထဲကနေ ပေးတယ်။ ပေးပြီးတော့မှ ကျနော်တို့ဂိတ်မှာ ဂိတ်သုံး သဘောအနေနဲ့ ကျနော်တို့ ကားလက်မှတ်တွေ Note ပေါ့။

သဘောတခုက ကျနော်တို့ယာဥ်လိုင်းတွေ ပြင်ဆင်လုပ်တာတို့တွေမှာ သုံးတယ်။ ပိုတဲ့ဟာတွေကို ကျနော်တို့ IEC ဘဏ္ဍာရေးမှာ ပြန်အပ်ဖို့အတွက် ကျနော်တို့ဌာနကို ပြန်အပ်တယ်ပေါ့နော။ အဲဒီတော့ ဘယ်လိုသုံးစွဲလဲဆိုတော့ လက်ရှိ IEC ကနေ ဝင်သမျှ အခွန်ဝင်ငွေ အားလုံးကိုတော့ ပြည်သူ့အကျိုးအတွက် ရှေးရှုပြီးတော့မှ သုံးနေတယ် လို့ပဲ ကျနော်တို့လည်း မြင်ပါတယ်။ လောလောဆယ် အနေအထားမှာလည်း ကျနော်တို့ မော်ချီးလမ်းကို ဒီးမော့ဆို – မော်ချီးလမ်းကို ပြုပြင်ဖို့အတွက် ကျနော်တို့ စတင်လုပ်နေပါတယ်။

မေး ။ ။ လက်ရှိပြေးဆွဲနေတဲ့ယာဥ်လိုင်းကို တခြားမြို့တွေအထိ ထပ်ချဲ့ပြေးဆွဲသွားဖို့ အစီအစဥ်ရော ရှိပါလား။

ဖြေ ။ ။ ကျနော်တို့ အမှန်အတိုင်းပြောရမယ်ဆိုရင် IEC ဆိုတာက ကြားကာလအုပ်ချုပ်ရေးကောင်စီပေါ့နော။ အစိုးရတရပ်လို့လည်း ပြောလို့ရတာပေါ့နော။ အဲဒီတော့ အစိုးရတရပ်အနေနဲ့ စီးပွားရေးလုပ်ငန်း လုပ်စရာ အကြောင်းလည်း မရှိဘူးပေါ့နော။ လုပ်လည်း မလုပ်သင့်ဘူးပေါ့နော။ လက်ရှိအနေအထားမှာ ပြည်သူလူထု အတွက် လိုအပ်မှုတွေရှိနေတော့ ကျနော်တို့က ဖြည့်ဆည်းပေးတဲ့ သဘောပုံစံမျိုးနဲ့ ကျနော်တို့က ယာဥ်လိုင်းကို ပြေးဆွဲပေးတာပေါ့နော။

အကျိုးအမြတ်ကို အဓိက မရှေးရှူပဲနဲ့ လူထုတွေအတွက် သယ်ယူပို့ဆောင်ရေး သွားရေးလာရေးဆိုတဲ့ အရာတွေမှာ ချောမွေ့ဖို့အတွက် ကျနော်တို့ ရည်ရွယ်ပြီးတော့မှ ဦးတည်ပြီးတော့လုပ်ခြင်း ဖြစ်တယ်ပေါ့နော။ နောက် တကယ်လို့များ လမ်းပန်းတွေ ကောင်းသွားပြီးတော့မှ သွားလာဖို့ဆိုတာ သယ်ယူ ပို့ဆောင်ဖို့ဆိုတာ လိုကိုလိုအပ်ပြီးသားလေ။ ဆိုတော့ အဲဒီအချိန်ကျမှ ကိုက်တယ်ပြုတယ် သွားလာဖို့ အဆင်ပြေတယ် ဆိုရင်တော့ လူထုတွေထဲကတော့ ထွက်လာမှာပဲ။ ဒီလိုင်းဆွဲဖို့ အတွက်ပေါ့နော။ အဲဒီ ထွက်လာတဲ့အချိန်မှာတော့ ကျနော်တို့က လိုင်းဆွဲခွင့် မှတ်ပုံတင်တွေ ချပေးဖို့၊ လိုင်းဆွဲခွင့်တွေ ပါမစ်တွေချပေးဖို့ အဆင်သင့်ရှိပါတယ်။

မေး ။ ။ ယာဉ်လိုင်းစီးနင်းဖို့ တချို့ငွေကြေးမတတ်နိုင်တဲ့ ပြည်သူလူထုတွေ ရှိနေတယ်ပေါ့နော။ အဲဒီလိုမျိုး ကြုံရတဲ့အချိန်မှာ ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးပါလဲ။

ဖြေ ။ ။ ဟုတ် ကျနော်တို့ ကြုံဖူးပါတယ်။ လိုင်းဆွဲပြီး အခုချိန်အထိ ကျနော်တို့ကြုံဖူးပါတယ်။ သို့ပေမဲ့ ကျနော်တို့က အတိအလင်း ကြေညာမှုမရှိဘူး။ ဘယ်သူမှလဲ ဖွင့်မပြောဘူး။ အခု မေးလို့သာ ကျနော် ပြောပြရမယ်ဆိုရင် ခုနပြောသလိုမျိုး အဲဒီလိုမျိုးလူတွေ ရှိတယ်။ ကျနော်တို့က အဲဒါကို ကားခမတတ်နိုင်ဘူး။ တကယ့်မဖြစ်မနေ သွားရမယ်၊ လာရမယ် အဲဒီလိုအနေအထားမျိုး ရှိနေမယ်ဆိုရင် ကျနော်တို့က ကူညီပြီး ခေါ်ဆောင်သွားတဲ့အပြင် ကျနော်တို့ ဂိတ်သတ်မှတ်ထားတဲ့ မယ်စဲ့တို့ ဒီးမော့ဆိုတို့ နေရာမျိုးတွေမှာ သူတို့ ရောက်ပြီးတော့မှ သူတို့ရဲ့နောက်ထပ် တွေ့ရမယ့်၊ ဆုံရမယ့်၊ သွားရမယ့် နေရာကို လာကြိုမယ့်သူ မရှိသေးဘူး။ သွားဖို့ အဆင်မပြေသေးဘူးဆိုရင် ကျနော်တို့ဆီမှာ လေးငါးရက် တင်ကျွေးထားရတဲ့ အခြေအနေမျိုးလည်း မကြာမကြာ ကြုံခဲ့ရတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်ပေါ့နော။

မေး ။ ။ ခရီးသည်အတွက် စျေးနှုန်းတွေမြင့်တယ်လို့ လူထုတချို့ကပြောနေကြတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါလဲ။

ဖြေ ။ ။ IEC ယာဥ်လိုင်းဆိုပြီးတော့မှ စျေးများတယ်၊ ပြုတယ်ဆိုပြီးတော့ အပြင်က ပုဂ္ဂလိကတွေ ကုန်တွေတင်ပြီး သွားလာတဲ့ လူတွေနဲ့ သူတို့လိုက်စီးရင်လည်း မော်ချီးဆိုရင် လေး၊ ငါးသိန်း ပေးစီးနေကြတယ်။ ကျနော်တို့က အများကြီး လျော့ပြီး ယူပေးပါတယ်။ နောက်တခုက ဆီစျေးနှုန်းနဲ့ ကြည့်ပြီးတော့မှ နည်းနည်းတော့ စျေးအပြောင်းအလဲ ရှိတာပေါ့။ ဆီစျေးက တက်ရင်တက်သလို ကျရင်လည်းကျသလို အပြောင်းအလဲရှိတယ်။

မေး ။ ။ ဒီ IEC ယာဥ်လိုင်းနဲ့ ပတ်သက်ပြီး ထပ်ဖြည့်စွက်ပြောပြချင်တဲ့အကြောင်းအရာတွေ ရှိပါလား။

ဖြေ ။ ။ IEC ယာဥ်လိုင်းဆိုတာက ကြားကာလအုပ်ချုပ်ရေးကောင်စီ အစိုးရတရပ်ပေါ့နော။ ကြားကာလ အုပ်ချုပ်ရေးကောင်စီ အစိုးရတရပ်ရဲ့ယာဥ်လိုင်း ဖြစ်ပြီးတော့မှ စျေးတွေများလိုက်တာ၊ ကြီးလိုက်တာဆိုတာက အဲဒီလူက သေချာလိုက်စီးဖူးတဲ့လူတွေ မဟုတ်ဘဲနဲ့ ဝေဖန်နေတဲ့လူပေါ့နော။ သေချာစီး ခရီးတွေ သွားပြီးတော့ လိုက်စီးဖူးတဲ့ လူတွေကတော့ ကျနော်တို့ယာဥ်လိုင်းရဲ့အကြောင်းကို ကောင်းကောင်းသိပါတယ်လို့ ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခုနက ပြောတဲ့ပုံစံလိုမျိုးပေါ့နော၊ ကျနော်တို့ ကြေညာလို့ မရဘူးပေါ့နော။ အဆင်မပြေတဲ့ လူတွေဆိုရင် ကျနော်တို့က IEC က ကူညီနေတယ်ဆိုရင် ဘယ်သူမဆို အဆင်မပြေဘူးလို့ လာကြမှာပဲ။ အဲဒီတော့ ကျနော်တို့ IEC ကလည်း ပြောရမယ်ဆိုရင် ခိုင်မာတောင့်တင်းပြီးတော့မှ အခွန်ဘဏ္ဍာ တွေနဲ့ ပြည့်စုံတည်ဆောက် ထားတဲ့ အစိုးရတရပ် မဟုတ်သေးတဲ့အတွက်ကြောင့် ကူညီသင့်သလောက်တော့ လူသားချင်းစာနာမှု အကူအညီ တွေ ကူညီနေတယ်ဆိုတာကို နားလည်ပေးစေချင်တယ်။ ဘေးကနေ ဝေဖန် နေမယ့်အစား ကြားကနေ ဝင်ကူကြည့်ပါ ဆိုပြီးတော့ ဝေဖန်တဲ့လူတွေကို စကားလက်ဆောင်အနေနဲ့ မက်ဆေ့ ပေးချင်ပါတယ်လို့။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here