မင်းတပ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ

0
47
ပုံစာ - စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်မှု ထပ်မံပြုလုပ်တာကြောင့် ဒေသခံအရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ပြောဆိုသည်။

မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် – ၁ ရှိ ကျေးရွာတစ်ရွာကို ဇွန်လ ၄ ရက်နေ့ ည ၁၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်များဖြင့် ပစ်ခတ်မှုကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ကိုယောမာန်က ပြောသည်။

“လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ စက်သေနတ်နဲ့ ပစ်တာရော တောက်လျှောက်လုပ်သွားတယ်လို့ သိရတယ်။ လက်ရှိက လူနေအိမ် တော်တော်များများ ပျက်စီးတယ်။ သေဆုံးသူ ၁ ဦး ရှိတယ်။ အမျိုးသားတစ်ယောက် သေဆုံးတယ်။ အမျိုးသမီးတစ်ယောက် လက်ကျိုးတာလား၊ လက်ပြတ်တာလား မသိဘူး။ အဲလို ဒဏ်ရာရတယ်” ဟု ကိုယောမာန်က ပြောသည်။

သေဆုံးသွာသူမှာ သက်ကြီးပိုင်းအမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ဒဏ်ရာများ ပြင်းထန်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောဆိုမှုအရ သိရသည်။

ကျေးရွာကို ဦးတည်၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် လူနေအိမ် ၃ လုံး ပျက်စီးသွားကြောင်း CDF- မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။

မင်းတပ် တိုက်နယ် – ၁ ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက မီနစ် ၂၀ ခန့်အတွင်း ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့သည်ဟု မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောပါသည်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သော အဆိုပါကျေးရွာဘက်တွင် တိုက်ပွဲများ မရှိသကဲ့သို့ အစည်းအဝေးများနှင့် တော်လှန်ရေးတပ်ဖွဲ့များလည်း မရှိဘဲ ရွာလမ်းဆုံက အရပ်သားနေအိမ်များသာ ရှိကြောင်း သိရသည်။

ယင်းအပြင် အဆိုပါကျေးရွာသည် နေအိမ်များကို ပြန့်ကျဲတည်ဆောက်ထားကြပြီး ရွာငယ်ကလေးများကို စုစည်း၍ တည်ထားသော ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိုသို့အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းကျေးရွာမှ ဒေသခံများအားလုံး အိုးအိမ်စွ့န်ခွာ၍ စစ်ဘေးရှောင်ပြေးနေရကြောင်း ကိုယောမာန်က ပြောဆိုသည်။

ယခုနှစ်အတွင်း စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ၊ ဆေးရုံဆေးခန်းများနှင့် အရပ်သားနေအိမ်များကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ် လာနေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၄ ရက်က သတိပေးထုတ်ပြန်သည်။

ထို့ကြောင့် စာသင်းကျောင်း၊ ဘာသာရေး အဆောက်အဦးများ၊ ဆေးရုံဆေးခန်းများနှင့် ကျေးရွာခန်းမဆောင် များတွင် လူစုလူဝေး ပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်း လုံးဝမပြုလုပ်ရန်နှင့် ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ ခိုင်ခန့်စွာ ဆောက်ထားကြရန် ဒေသခံလူထုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်မံသတိပေး ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် CDF- မင်းတပ် ရဲဘော် (၂) ဦး၊ အရပ်သား (၃) ဦး သေဆုံးပြီး ပြည်သူ ၃၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဝမ္မသူဆေးရုံအပါအဝင် ခရစ်ယာန်ဘုရားကျောင်း ၂ လုံး၊ စာသင်ကျောင်း ၁ လုံးနှင့် လူနေအိမ် ၂၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here