ဆီဆိုင် – မိုးဗြဲ – လွိုင်ကော် လမ်းဆုံသို့ ထိုးစစ်ဆင်လာသည့် အင်အား ၅၀၀ ပါ စစ်ကောင်စီစစ်ကြောင်းရောက်ရှိ

0
35
ပုံစာ - တော်လှန်ရေးတပ်ဖွဲ့ဝင်များ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကနေ အင်အား ၅၀၀ နှင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ဆီဆိုင် – မိုးဗြဲ – လွိုင်ကော် လမ်းဆုံကို ရောက်ရှိနေပြီဟု တော်လှန်ရေးတပ်ဖွဲ့ဆီက သိရသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လက်ရှိ၌ ဆီဆိုင် – မိုးဗြဲ – လွိုင်ကော် လမ်းဆုံကို တပ်ဖြန့်နေရာယူ ထားကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။

“ဆီဆိုင်ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ကယန်းသာယာလမ်းခွဲပေါ့နော။ ဆီဆိုင်၊ မိုးဗြဲ၊ လွိုင်ကော် လမ်းခွဲတဝိုက်ကို ရောက်လာပြီပေါ့နော။ အဲဒီစစ်ကြောင်းက အဲဒီအနီးအနားတဝိုက်မှာ စစ်ကြောင်းတွေ ဖြန့်ထားတာ ရှိတယ်။ စစ်ကြောင်းကတော့ ဘယ်ဘက်ကိုဦးတည်လဲတော့ ပြောရခက်ပါတယ်” ဟု တာအယ်စိုးက ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “ဒီလမ်းဆုံ လမ်းခွမှာ ဖြစ်တဲ့အတွက် ဒီမိုးဗြဲဘက်ကိုလည်း ဦးတည်နိုင်သလို လွိုင်ကော် ဘက်ကိုလည်း ပြန်ဝင်နိုင်ချေ ရှိတယ်ပေါ့နော။ အဲဒါနောက်ပြီးတော့မှ နန်းမယ်ခုံတို့ ဘက် အထိကိုလည်း သွားဖို့ ဖြစ်နိုင်တယ်ပေါ့နော” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် ခေတ်မှီဒရုန်းများနှင့် ဝေဟင်ကိုပါ အသုံးပြုပြီး စစ်ကြောင်းထိုးနေသည့် ပုံစံဖြစ်သလို၊ လတ်တလောတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ကြိုကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု KNDF က ပြောဆိုသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ကရင်နီပြည်တွင် လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်ရယူရန် ထိုးစစ်ဆင်လာခြင်း ဖြစ်နိုင်သည်ဟု တာအယ်စိုးက အခုလိုသုံးသပ်ပြောပါသည်။

“စစ်ကောင်စီဘက်က ဒီလိုမျိုး စစ်ကြောင်းထိုးလာတာကတော့ သူတို့ ၁၁၁၁ စစ်ဆင်ရေးတုန်းက ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့စခန်းတွေ သူတို့တပ်စွဲတဲ့နေရာတွေကို ဒါပြန်လည်ပြီးတော့မှ သိမ်းပိုက်ချင်တဲ့ပုံစံမျိုး ဖြစ်တယ်ပေါ့နော။ အဲဒီတော့ သူတို့ကတော့ လွိုင်ကော်မြို့ဘက်ကိုလည်း စစ်ကြောင်းထိုးနိုင်တယ်။ နောက်ပြီးတော့ ဒီမိုးဗြဲတို့ နန်းမယ်ခုံတို့ အထိပေါ့နော။ သူတို့လက်လွှတ်ခဲ့ရတဲ့ မြို့တွေကို ပြန်သိမ်းဖို့လည်း စစ်ကြောင်းထိုးနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်ပေါ့နော” ဟု တာအယ်စိုးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့တဲ့ မတ်လကုန်ကတည်းက ဆီဆိုင်မြို့နယ်ကို ရောက်ရှိလာပြီး မေလ ဒုတိယပတ်၌ ကရင်နီပြည်နယ်အတွင်းကို စစ်ကြောင်းဝင်နိုင်ရန်အတွက် ရှမ်းပြည်နယ်၊ ဖယ်ခုံ – မိုးဗြဲ – ပင်လောင်း နဲ့ ဆီဆိုင် – ထီးစဲခါး လမ်းကြောင်းကနေ ဝင်ရောက်လာသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

ကန္တာရတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here