ထားဝယ်မြို့အဝင်မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်ပွား ကလေး ၁ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိ

0
58
Photo - CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်း ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

စာသင်ကျောင်းအတွင်း ပေါက်ကွဲမှုသည် ဇွန်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော် ကလေးများ နေ့လယ်ထမင်းစား ကျောင်းဆင်းချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဟု ဒေသခံများက ပြောဆိုသည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးခဲ့ပြီး ခြေထောက်ပြတ်တောက် ဒဏ်ရာရသူများအပါအဝင် ဒဏ်ရာရရှိသည့် ကလေးငယ် ၂၀ နီးပါး ရှိသည်ဟု ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

ထားဝယ်မြို့ခံတစ်ဦးက “ကျွန်တော်သိရလောက်က ကလေးငယ်တွေ ကျောင်းဆင်းချိန်မှာ ပေါက်ကွဲမှုဖြစ်တာ၊ သေဆုံးသွားတဲ့ ကလေးငယ်တစ်ယောက်က လက်နက်ကြီးလား ဗုံးကိုလား ကစားရင်းနဲ့ သွားထုတ်လိုက်တာ။ အဲဒီမှာ ပေါက်ကွဲသွားတာ။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောဆိုသည်။

ယခုစာသင်ကျောင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် အိမ်ရှေ့ပြင်ရပ်ကွက်တွင် ပြီးခဲ့သည့် မေ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကလေးများကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် ထားဝယ် စစ်ဆေးရုံသို့ ပို့ဆောင်ထားပြီး စာသင်ကျောင်းကိုလည်း ယာယီပိတ်ထားလိုက်ပြီဟု ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ယင်းနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းဝန်းကျင်လမ်းများကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

နိုင်ငံတဝန်းရှိ အခြေခံပညာ စာသင်ကျောင်းများကို ဇွန် ၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ၌ အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ထားဝယ်၊ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းသည်လည်း ဇွန် ၃ ရက်တွင် ပြန်ဖွင်လှစ်ကြောင်း နှင့် အခုပညာသင်နှစ်အတွင်း ပထမဆုံး စာသင်ကျောင်းများအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ထိုပေါက်ကွဲမှုသည် နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့် မိုင်း သို့မဟုတ် စစ်ကောင်စီတပ် ပစ်ခတ်မှုတွင် ကျန်ရှိခဲ့သည့် လက်နက်ကြီးကျည် ဖြစ်နိုင်သည်ဟု ပြောဆိုသည်။

အဆိုပါစာသင်ကျောင်း ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို လက်ရှိအချိန်အထိ စစ်ကောင်စီသာမက တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များဘက်ကပါ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရှိရသေးပါ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here