စစ်ကောင်စီက KNU တပ်မဟာ – ၃ နယ်မြေအတွင်းရှိ ၎င်းတို့တပ်စခန်းများ ပြန်ရယူရေး အင်အားဖြည့်စစ်ကြောင်း ထိုးနေ

0
36
ပုံစာ - ပြီးခဲ့သည့်ဒီဇင်ဘာလက KNLA ပူးပေါင်းတပ်များ ပဲခူးတိုင်း၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်စဥ် (Photo - KNU)

ကရင်အမျိုးသားအစည်းအရုံး- KNU၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသော ၎င်းတို့တပ်စခန်းများကို ပြန်ရယူနိုင်ရန် ပြီးခဲ့သည့် မေလပိုင်းမှစတင်၍ အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာကြောင်း KNU တပ်မဟာ (၃) သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုစခန်းများအား ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက မေလဒုတိယအပတ်မှစတင်၍ အင်အား ၂၀၀ ကျော်ဖြင့် ရွှေကျင်မြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်ထိလည်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၃) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်တပ်က သူတို့လက်လွှတ်ခဲ့ရတဲ့ စခန်းအဟောင်းတွေကို ပြန်လိုချင်တယ်။ ဒါကြောင့် အခု သူတို့ စစ်ကြောင်းတွေ တက်လာတာ၊ လူဦးရေ ၂၀၀ ကျော်နဲ့ နဂိုရှိတဲ့ လူဦးရေနဲ့ပေါင်းရင်တော့ ၃၀၀ ကျော်လောက်ပေါ့။ ရွှေကျင်မှာရှိတဲ့ တပ်ရင်း (၇) နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်။ အဲဒီကနေ တဆင့်ပြီးတဆင့် သွားကြတာ လက်ရှိက တော့ ကျောက်ကြီးထဲမှာ တပ်ရင်း (၉) နဲ့ တိုက်ပွဲ ထပ်ဖြစ်တယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များကြောင့် KNU တပ်မဟာ (၃) နယ်မြေရှိ ၎င်းတို့၏ တပ်စခန်း (၁၀) ခု ကို လက်လွှတ်ခဲ့ရပြီး ပူးပေါင်းတပ် များက သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းသည်လည်း (၁၇) ခု အထိ ရှိလာသည်ဟု ဆိုသည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့်အတူ အဆင့်မြင့်လက်နက်များလည်း ပါရှိလာပြီး ၎င်းတို့ စစ်ကြောင်းတက်လာရာ လမ်းတလျှောက်တွင် အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးများဖြင့် ကာကွယ်ပစ်ခတ်ပေးသဖြင့် အဆိုပါဒေသရှိ ကျေးရွာသားများ နေအိမ်မှစွန့်ခွာ ထွက်ပြေးကြရကြောင်း သိရသည်။

“ရွှေကျင်ဘက်က ရွာတွေရော ဒီကျောက်ကြီးဘက်က ရွာသားတွေရော ပြေးရတယ်။ တိုးလာတဲ့တပ်မှာ ဂျာမန်ထုတ် စစ်ကားတွေ၊ လက်နက်ကြီးတွေ ဒရုန်းတွေလည်း ပါတယ်။ သူတို့အဖွဲ့သားတွေအတွက် လမ်းကြောင်းရှင်းတဲ့ သဘောနဲ့ အနီးအနားမှာရှိတဲ့ စစ်တပ်စခန်းတွေကနေလည်း လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်” ဟု အဆိုပါ KNU တပ်မဟာ (၃) တာဝန်ရှိသူက ဆက်ပြောသည်။

တပ်မဟာ (၃) နယ်မြေအတွင်း တိုက်ပွဲမဖြစ်ပွားသည့် ရက်များတွင်လည်း အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်သောကြောင့် ယင်းဒေသခံများပိုင် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးရကြောင်း ကေအဲန်ယူ – ဗဟိုကလည်း သတင်းထုတ်ပြန်ထားသည်။

ကျောက်ကြီးမြိုခံအမျိုးသမီးတစ်ဦးက “ပွဲတွေကတော့ ဆက်တိုက်ပဲ။ အခု စစ်တပ်က အင်အားထပ်တိုးပြီး တက်လာတာ။ သူတို့စခန်းတွေမှာလည်း မထိုင်ဘဲနဲ့ ပတ်တိုက်နေတာ။ လက်ရှိကတော့ ကော်သာစေးရွာဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ လက်နက်ကြီးနဲ့ရော ဟောင်ဝှစ်ဇာတွေနဲ့ရော စစ်တပ်က ပစ်ကူတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး အပါအဝင် တိုက်လေယာဥ်ဖြင့်ပါ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး(၁) ဦး သေဆုံး၍ (၇) နှစ် အရွယ် ကလေးငယ် (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း KNU ၏ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here