ကော့သောင်းတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ ခေါ်ယူရန်အတွက် အိမ်ထောင်စုစာရင်းကောက်ယူနေ

0
41
Photo - Social Media

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက စစ်မှူထမ်းသင်တန်း ခေါ်ယူရန်အတွက် ခြင်ထောင်ဝေပေးမှုကို ဗန်းပြ၍ အိမ်ထောင်စုစာရင်းများ ကောက်ယူနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့ စ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စာရင်း လူဦးရေအလိုက် ခြင်ထောင်ပေးဝေမှုကို လုပ်ဆောင်၍ အိမ်ထောင်စုစာရင်း ကောက်ယူနေသည်ဟု ဆိုသည်။

တဖက်တွင်လည်း ခြင်ထောင်ပေးဝေရာတွင် အိမ်ထောင်စုတစ်ခုကို မိတ္တူတစ်ခု၊ ဧည့်စာရင်းဖြင့် နေထိုင်သူ ဆိုပါက ဧည့်စာရင်းစာအုပ်နှင့် ရာအိမ်မှူး ထောက်ခံချက်များကို တောင်းယူနေပြီး အိမ်ထောင်စုရင်းထဲရှိ လူဦးရေ ၊ အိမ်ထောင်စုရင်းတွင် ပါရှိသူများက ပြည်တွင်း၌ရှိလား၊ ပြည်ပ၌ရှိလား စသည့် စစ်ဆေးမှုများကိုပါ လုပ်ဆောင်ခဲ့ သည်ဟု ၎င်းတို့က ပြောဆိုသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) အတွက် မဲနှိုက်ခေါ်ယူမှုကို ၂၀၀၈ ခုနှစ် သန်းခေါင်စာရင်းအရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းထဲ မပါဝင်သည့် အိမ်ထောင်စုများ ရှိသည့်အတွက် ယခုလို ခြင်ထောင်ဝေပြီး အိမ်ထောင်စုစာရင်း ကောက်ယူခြင်းဖြစ်သည်ဟု ကော့သောင်းဒေသခံ တစ်ဦးက ပြောပါသည်။

ယခုလိုအိမ်ထောင်စုစာရင်း ကောက်ယူနေခြင်းက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) အတွက် ခေါ်ယူရန်ဖြစ်ပြီး အပတ်စဉ် (၁) ၌ ကော့သောင်းမြို့ရှိ လူဦးရေ ၉၀ နီးပါး စစ်သားစုဆောင်းခံခဲ့ရသည်ဟု အဆိုပါ ကော့သောင်းဒေသခံက ပြောသည်။

တဖက်တွင်လည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) အတွက် လူစားထိုးခေါ်ယူရန် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက တစ်အိမ်ထောင်ကို ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ကောက်ယူခဲ့သည်ဟု ဆိုသည်။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) ကို ပလောက်မြို့ရှိ တမ်မတော် တန်းမြင့်သင်တန်း ကျောင်း (တကက-၁၂) တွင် လူဦးရေ ၂၃၀ ခန့်နှင့် ဖွင့်လှစ်ခဲ့ပြီး ယင်းတို့ထဲတွင် မွန်ပြည်နယ်အတွင်းက စုဆောင်းခံရသူများလည်း ပါဝင်သည်ဟု ဗမာ့ရေးရာနဲ့ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာအရ သိရသည်။

သံလွင်တိုင်းမ်

LEAVE A REPLY

Please enter your comment!
Please enter your name here