“အခု ရွာကလူတွေအားလုံး စစ်ကောင်စီသတ်ပစ်လိုက်လို့ သေသွားပြီ။ ရွာကမိန်းမတွေမှာ မုဆိုးမ ဖြစ်သူဖြစ်၊ သားဆုံးသူဆုံး။ တစ်အိမ်က ယောကျ်ားနှစ်ယောက်သေ၊ သုံးယောက်သေ သေသွားကြပြီ။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြီးနေ့ကို ကျမတို့ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး” ပြန်လည်လွတ်မြောက်လာသူ ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦး

0
167
ပုံစာ - မိသားစုဝင်များသေဆုံးသွားသဖြင့် ငိုကြွေးနေသော ဗျိုင်းဖြူရွာဒေသခံအမျိုးသမီးများ။

စစ်တွေမြို့၊ ဗျိုင်းဖြူရွာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ဖမ်းဆီးခံထားရစဉ်အတွင်း ဖြတ်သန်း နေထိုင်ခဲ့ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာသူ ဗျိုင်းဖြူရွာဒေသခံအမျိုးသမီး တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်အင်အား အလုံးအရင်းနှင့် ဝင်ရောက်လာပြီး တစ်ရွာလုံးကို ပိတ်ဆို့လိုက်ပြီးနောက် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ် ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းပြီး ဖမ်းဆီးလိုက်သည်။

ယင်းနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက “ ဗျိုင်းဖြူရွာ လူသတ်ပွဲကြီး” (သို့) ဗျိုင်းဖြူရွာဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်ကနေ အသက် ၇၀ ကြားအရွယ်ရှိ အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

လူတချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျေးရွာအတွင်းသို့ ဝင်ရောက်ခွင့်ကိုတော့ စစ်ကောင်စီက တားမြစ်ထားသည်ဟု ဆိုသည်။

ဗျိုင်းဖြူရွာအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေ၊ ကျေးရွာသားများ သတ်ဖြတ်ခံခဲ့ရမှုဖြစ်စဉ်နှင့် ဖမ်းဆီးထားစဉ်အတွင်း ဘယ်လိုဖြတ်သန်းနေထိုင်ကြရလဲ စသည့် အခြေအနေများနှင့်ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာသူ ဗျိုင်းဖြူရွာဒေသခံအမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဘယ်လိုဝင်ရောက်လာတာလဲ။ ပြီးတော့ ဘာတွေဆက်ဖြစ်ခဲ့ကြလဲ။

ဖြေ။ ။ မေလ ၂၉ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ရွာထဲ ရောက်လာတယ်။ ရွာသားတွေကို “ဘာမှမဖြစ်ဘူး အေးဆေးနေကြ” လို့ ပြောခဲ့တယ်။ တစ်နာရီခွဲလောက်မှာ ထပ်ရောက်လာပြီး ရွာကိုဝိုင်းထားကြတယ်။ အားလုံးကို အပြင်ထွက်ခိုင်းတယ်။ ဘာတခုမှ မယူရဘူး။ ယောကျ်ား၊ မိန်းမ၊ ကလေးမကျန် အားလုံးထွက်ခိုင်းတယ်။ ပြီးတော့ ရွာလမ်းမမှာ တန်းစီခိုင်းတယ်။ ယောကျ်ားတွေသက်သက်၊ မိန်းမတွေနဲ့ ကလေးတွေ သက်သက် တန်းစီထားတယ်။

ပြီးတော့ ယောကျ်ားတွေကိုဖမ်းဆီးပြီး အင်္ကျီချွတ်ခိုင်းတယ်။ ပြီးတော့ မျက်နှာတွေကို အဲဒီအင်္ကျီနဲ့ ချည်နှောင်ပြီး နေပူလှန်း ထားတယ်။ မိန်းမတွေ၊ ကလေးတွေကိုတော့ အရိပ်မှာထားတယ်။ ယောက်ျားတွေကို ရေလည်းမတိုက်ဘူး။ တအားရိုက်နှက်ကြတယ်။ တနေကုန် ဒီအတိုင်းထားထားတယ်။ ရိုက်နှက်တာတော့ မပြောနဲ့။ ရိုက်တယ်။ နေပူပြင်းမှာ တစ်ယောက်ပခုံး တစ်ယောက်ကိုင်ပြီးတော့ လမ်းလျှောက်ခိုင်းတယ်။ မိန်းမတွေ၊ ကလေးတွေကိုကြတော့ မရိုက်ဘူး။ ရေတွေဘာတွေတိုက်တယ်။

မေး။ ။ ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

ဖြေ။ ။ စစ်သားကတော့ အယောက် ၁၀၀ လောက် ရှိမယ်။ ညနေပိုင်းကြတော့ နောက်ထပ်စစ်သားတွေ ထပ်ရောက်လာကြတယ်။ စစ်ကားတစ်စီးပြီးတစ်စီး ရွာထဲဝင်လာတယ်။ မိန်းမတွေ၊ ကလေးတွေကို ရွာအရှေ့ဘက် လမ်းခွဆုံမှာထားတယ်။ ယောကျ်ားတွေကိုတော့ ရွာအနောက်ဘက် လမ်းခွဆုံမှာထားတယ်။ အဲဒီနေ့က လမ်းမပေါ်မှာ နေရတယ်။ ထမင်းလည်း မစားရဘူး။ တညလုံး လမ်းမပေါ်မှာ ဖြစ်သလိုအိပ်ရတယ်။

မေး။ ။ ဗျိုင်းဖြူရွာသားတွေ ဘယ်လိုမျိုး သတ်ဖြတ်ခံခဲ့ရတာပါလဲ။

ဖြေ။ ။ နောက်နေ့ (မေလ ၃၀ ရက်) မှာ ရဲသားတွေကိုခေါ်ပြီးတော့ ရွာအပြင်ပတ်ပတ်လည်မှာ လုံခြုံရေးချထားတယ်။ အဲဒီနေ့မှာ ကျမတို့ကို အိမ်ထဲမှာနေခိုင်းလို့ အနားကအိမ်တွေမှာ ဟိုအိမ်မှာဆယ်ယောက်၊ ဒီအိမ်မှာဆယ်ယောက် အဲလိုမျိုး တစ်စုစီနေကြတယ်။ အဲဒီနေ့မှာ ပစ်သံတွေကြားတယ်။ ကျမတို့က အိမ်ထဲမှာဖြစ်လို့ မမြင်ရဘူး။ အဲဒီနေ့မှာ ယောကျ်ားတွေကိုလည်း မမြင်ရတော့ဘူး။ ပထမနေ့မှာ ရိုက်နှက်တာတွေ၊ သေနတ်နဲ့ ပစ်တာတွေကိုလည်း မြင်ရတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ မသိရဘူး။ ကြောက်လို့ အကုန်လုံးက ငြိမ်နေကြတယ်။ အဲဒီနေ့မှာ သေနတ်ပစ်သံတွေ တအားကြားရတယ်။ အော်သံတွေလည်း ကြားရတယ်။ နေ့ခင်းပစ်၊ ညပစ်နဲ့ ပစ်နေတော့ သေဆုံးသူတွေ များမယ်ထင်တယ်။

မေး။ ။ နောက်နေ့ရော ဘာတွေဆက်ဖြစ်လဲ။

ဖြေ။ ။ သုံးရက်မြောက်နေ့ (မေလ ၃၁ ရက်) မှာ ရဲသားတွေကိုခေါ်ပြီး ရွာမှာထားခဲ့တယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက အသက်ကြီးပိုင်းယောကျ်ား ၂၀၊ ၃၀ လောက်ကို ပြန်လွှတ်လိုက်တယ်။ ကျန်ယောကျ်ား ၁၆ နှစ်အရွယ်ကနေ အသက် ၅၀၊ ၆၀ အထိ တစ်ယောက်မှ မထားခဲ့ဘူး။ အားလုံး ခေါ်ထုတ်သွားခဲ့တယ်။ ဘယ်မှာထားလဲမသိဘူး။ သေနတ်ပစ်သံတွေ တအားကြားရတယ်။ ရွာကယောကျ်ားတွေကို သူတို့အဲဒီနေ့မှာပဲ သတ်ပစ်လိုက်ကြတာဖြစ်မယ်။

မေး။ ။ ဖမ်းဆီးခံထားရတဲ့ မိန်းကလေးသုံးယောက် အဓမ္မကျင့်ခံရတယ်လို့ သိရတယ်။ အဲဒီအကြောင်းကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ မိန်းကလေးသုံးယောက်ကို ထမင်းချက်ခိုင်းဖို့ဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ မုဒိမ်းကျင့်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ တစ်ယောက်ကိုတော့ သတ်ပစ်လိုက်ကြတယ်။ သေသွားတဲ့မိန်းကလေးက အိမ်ထောင်သည်၊ ကလေးတစ်ယောက်ရှိတယ်လို့ သိရတယ်။ ပြန်လွှတ်လာတဲ့နှစ်ယောက်ကတော့ အပျိုတွေ၊ သူတို့နှစ်ယောက်က စကားတစ်ခွန်းမှ မပြောဘူး။ သူတို့အရမ်းရှက်ပြီး ကြောက်နေကြလို့ဖြစ်မယ်။ လူတွေက ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်နေကြတော့ အဲဒီကိစ္စတွေကိုလည်း သိပ်မပြောဖြစ်ကြဘူး။

မေး။ ။ အစ်မတို့က ဘယ်လိုမျိုး ပြန်လွတ်လာခဲ့တာပါလဲ။

ဖြေ။ ။ အဲဒီနေ့မှာပဲ (မေလ ၃၁ ရက်) ကျမတို့ကို ရွာကထုတ်တယ်။ မိန်းမ၊ ကလေးအားလုံးကို ကားနဲ့ခေါ်ထုတ်တယ်။ ပြီးတော့ စစ်တွေမြို့ ဝင်္ကဘာကွင်းကိုပို့တယ်။ အဲဒီမှာပဲ စုပြီးထားခဲ့တယ်။ ကိုယ်သွားချင်တဲ့နေရာကိုသွားကြဆိုတဲ့သဘောနဲ့ထားခဲ့တာ။ သူတို့ (စစ်ကောင်စီ) က စာရင်းကောက်တယ်။ ဘယ်နေရာသွားမှာလဲ။ ဘယ်ရွာသွားမှာလဲဆိုပြီး မှတ်တမ်းကောက်တယ်။ ဝင်္ကဘာကွင်းမှာ သက်ကြီးပိုင်း၊ မိန်းမ၊ ကလေး အားလုံး လူသုံးရာကျော်လောက်ရှိတယ်။

မေး။ ။ မြို့ထဲမပို့ခင် ရွာထဲကိုဝင်ခွင့်ရခဲ့တယ်လို့ သိရတယ်။ ရွာအခြေအနေကို ဘယ်လိုမြင်တွေ့ခဲ့ကြရလဲ။

ဖြေ။ ။ ကျမတို့ကို ရွာကမထုတ်ခင် ရွာမှာထဲမှာရှိနေတဲ့ ရဲတွေက အန်တီတို့၊ ညီမလေးတို့ကို ရွာမှာ မထားတော့ဘူး။ ဒါကြောင့် ယူစရာရှိတာတွေယူဆိုပြီး ခိုင်းတယ်။ ကျမတော့ မသွားခဲ့ဘူး။ ကျန်တဲ့သူတွေက သွားကြတယ်။ သွားတဲ့သူတွေ ပြောတာတော့ အိမ်မှာ ဘာမှမရှိတော့ဘူး။ ပိုက်ဆံ၊ ရွှေ၊ လက်ဝတ်လက်စား ဘာတခုမှ မရှိတော့ဘူးလို့ ပြောကြတယ်။ အဝတ်အစားနည်းနည်းပဲ ရခဲ့ကြတယ်။

အိမ်တွေလည်း အကုန်လုံး မွှေနှောက်ခံထားရတယ်လို့ သိရတယ်။ အိမ်ကပစ္စည်းအားလုံးကို စစ်ကောင်စီတပ်သားတွေက ပထမနေ့မှာပဲ ယူသွားကြတာ။ အဲဒီနေ့က ရွာသားတွေကို အပြင်ထုတ်ပြီး အိမ်ထဲဝင်ပြီး ဖုန်းရှိရင်ဖုန်းယူတယ်။ ရွှေ၊ ပိုက်ဆံ အားလုံးယူသွားကြတာ။ နောက်ပြီး ရွာထဲက လမ်းတွေ၊ နေအိမ်တွေမှာ သွေးတွေချည်းပဲ တွေ့ရတယ်လို့ ရွာသားတွေက ပြောကြတယ်။ ပြီးတော့ အပုတ်နံတွေလည်း နံတယ်တဲ့။ စစ်သားတွေက ရွာက ယောကျ်ားတွေကိုသတ်ပြီး ဘယ်လိုမျိုး လုပ်ခဲ့လဲမသိဘူး။

မေး။ ။ လွတ်မြောက်လာတဲ့ အမျိုးသားတွေကရော ဘာတွေပြောကြတာရှိလဲ။

ဖြေ။ ။ ရွာကယောကျ်ားတွေကို ဖမ်းဆီးပြီး ရိုက်နှက်တဲ့အချိန်မှာ စစ်ကောင်စီ အရာရှိတစ်ယောက်က “မင်းတို့ကို သတ်ချင်အားကြီးလို့ အဝေးကြီးကနေ လေယာဉ်စီးပြီးလာတာ” ဆိုပြီး ပြောတယ်လို့ ပြန်လွတ်လာတဲ့ အသက်ကြီးပိုင်းလူတွေက ကျမတို့မေးလို့ ပြောပြတယ်။

မေး။ ။ ဘာများ နောက်ထပ်ဖြည့်ပြောချင်တာ ရှိပါလဲ။

ဖြေ။ ။ အခု ရွာကလူတွေအားလုံး စစ်ကောင်စီသတ်ပစ်လိုက်လို့ သေသွားပြီ။ ရွာက မိန်းမတွေမှာ မုဆိုးမဖြစ်သူဖြစ်၊ သားဆုံးသူဆုံး။ တစ်အိမ်က ယောကျ်ားနှစ်ယောက်သေ၊ သုံးယောက်သေ သေသွားကြပြီ။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြီးနေ့ကို ကျမတို့ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here