ကျိုက်ထိုတွင် စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီတပ်က အိမ်တိုင်ရာရောက် ဆင့်ခေါ်နေ

0
76
Photo – Social Media

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်တချို့တွင် စစ်မှုထမ်းဥပဒေအရ စစ်မှူးထမ်းဆောင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က ဆင့်ခေါ်စာနှင့်တကွ အိမ်တိုင်ရာရောက် ဆင့်ခေါ်နေသည်ဟု ကျိုက်ထိုမြို့ခံများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးအဖွဲ့များ မကြာခဏ သတ်ဖြတ်ခံနေရမှုကြောင့် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံ ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့ခံများက ပြောသည်။

လာမည့် စစ်မှုထမ်းအပတ်စဉ် (၃) စစ်သင်တန်းအတွက် သင်တန်းသားများကို ဇွန်လအတွင်း စုဆောင်းရန် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြီးခဲ့သည့်မေလ ၂၀ ရက်နေ့တွင် ညွှန်ကြားခဲ့ ခြင်းကြောင့် ကျိုက်ထိုမြို့အတွင်းရှိ လူငယ်များကို စတင်စုဆောင်းနေသည်ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

“မြောက်ပိုင်းရပ်ကွက်မှာ ၂၆ ရက်နေ့လောက်က စစ်ကားနှစ်စီးနဲ့ တစ်ရပ်ကွက်ကို လေးငါးယောက် စာလာပို့ တယ်။ ၆ ရပ်ကွက်ထိ ရှိတယ်ဆိုတော့ စာပို့ခံရသူတွေ များမယ်။ အရင်တုန်းကတော့ မနီးစပ်လို့လားမသိ ဆင့်ခေါ်စာ ပို့တာက မကြားမိဘူး။ စာပို့ခံထားရတဲ့လူတွေ နောက်နေ့ကျ ထွေးအုပ်ရုံးကို သွားခိုင်းတယ်” အဆိုပါ ကျိုက်ထိုမြို့ခံက ပြောသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်း ကျိုက်ထိုမြို့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ကံ့ကော်ရပ်ကွက်တို့အပြင် ကျန်ရှိသည့် ၃ ရပ်ကွက်ကိုလည်း ဆင့်ခေါ်စာ ပို့ဆောင်ထားသည်ဟု မြို့ခံများက ပြောဆိုသည်။

ယင်းအပြင် ကျိုက်ထိုမြို့ပေါ်တွင် ပြီးခဲ့သည့် အပတ်စဉ် ၂ စစ်သင်တန်းအတွက် စစ်မှူးထမ်းဆောင်ရန် လူငယ်များကို လာရောက်ခေါ်ယူသော်လည်း မည်သည့်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ကို မသိရကြောင်း အထက်ပါမြို့ခံက ဆက်ပြောသည်။

ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တို့တွင် ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ သတင်းပေးများကို ကျိုက်ထို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းပစ်ခတ်နေသော်လည်း စစ်မှုထမ်းကိစ္စ ဆောင်ရွက်သူများ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ယောက်မှ အဲ့ကိစ္စ မလုပ်ရဲဘူး။ နှုတ်ထွက်စာ တင်ထားကြတယ်၊ ဒါပေမဲ့ သန်းခေါင်စာရင်း အရတော့ ၃၅ နှစ်အောက်ဆို လာခေါ်တာပဲ။ ကိုယ့်သားအလှည့် ဘယ်တော့ရောက်မလဲဆိုတာ မိဘတွေက တွေးပူနေရတယ်။ ထိုင်းပို့/ နိုင်ငံခြားပို့ဖို့က မလွယ်ဘူး။ ကုန်ကျစရိတ်တွေကလည်း နည်းတာ မဟုတ်ဘူး” ဟု အဆိုပါကျိုက်ထိုမြို့ခံက ဆက်ပြောသည်။

စစ်မှုထမ်းရန် ရွေးချယ်ခံရပြီး ငွေကြေးဖြင့် မညှိနှိုင်းနိုင်သူတို့က ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့မှာ ကျန်းမာရေးချို့တဲ့သည့် အကြောင်းပြချက်ဖြင့် ညှိနှိုင်းနေကြရသည်ဟု သိရသည်။

ဗမာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီး၊ လက်ရှိ အပတ်စဉ် (၂) တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ခံထားရကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here