“အဓိက ကတော့လေ ဖယ်ရှားတဲ့ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းဖို့လိုတာပေါ့။ ကျနော်တို့ FPNCC အပါအဝင်ပေါ့။ ဒါပေမယ့် ကာယကံရှင်ပလောင်အဖွဲ့က ဖြေရှင်းချက်လည်း လိုတယ်။ ပြီးတော့ ကျနော်တို့ စုဖွဲ့မှုက FPNCC အောက်မှာဆိုတော့ FPNCC မှာလည်း တာဝန်ရှိတာပေါ့” ဗိုလ်မှူးစိုင်းဖုန်းဟန် – SSPP/SSA ပြောရေးဆိုခွင့်ရှိသူ

0
66
Photo – Shan News

SSPP/SSA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့အကြား လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့်ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်၊ နမ့်ခမ်းမြို့နယ် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို အင်အားသုံးဖယ်ရှားကာ ကားတင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ SSPP ပြန်ကြားရေးဌာနက မေလ ၃၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်လာခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP တပ်စွဲထားသည့် ကျေးရွာများသို့ TNLA တပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းလာပြီး ယင်းကျေးရွာများကို ဝိုင်းရံပိတ်ဆို့ကာ SSPP တပ်သားများအား လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်ကာ မူဆယ် သို့မဟုတ် မန်ဟီးရိုးမြို့သို့ ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့သည်။

လတ်တလော အခြေအနေတွင် PSLF/TNLA နှင့် SSPP/SSA အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဘက် တပ်ဖွဲ့အကြား တင်းမာမှုဖြစ်ပေါ်နေပြီး ယင်းပြဿနာနှင့် ပက်သတ်၍ ဧပြီလ ၂၁ ရက်တွင် ဗဟိုအဆင့် ထိပ်သီး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SSPP ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် TNLA တပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသည့် ဆန္ဒမရှိကြောင်း လက်ရှိဖြစ်ပေါ် နေသော ဖြစ်စဉ်များနှင့် မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသာစီးရလိုမှု၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ဘောင်ကျော်ပြုမူပြောဆိုသည့် လုပ်ရပ်မှန်သမျှကို SSPP/SSA က လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် SSPP/SSA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့အကြား နမ့်ခမ်းမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ မေ ၃၁ရက် က SSPP အနေနဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်တယ်လို့ ကြားသိရပါတယ်။ ကြေညာချက်ထုတ်ပြန်ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။

ဖြေ ။ ။ ကျနော်တို့ ထုတ်ပြန်ကြေညာချက်ရဲ့ ရည်ရွယ်ချက်က ဒီ TNLA တပ်ဖွဲ့ကနေ ကျနော်တို့ ထုန့်မောဝ်း ရွှေလီချိုင့်ဝှမ်းမှာရှိနေတဲ့ ကျနော်တို့တပ်ဖွဲ့တွေကို ဖယ်ရှားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့မီဒီယာကနေ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဖယ်ရှားတယ်ဆိုတဲ့ဟာပေါ့နော်၊ အဲ့ဒါ မဟုတ်ဘူးဆိုတာ ကျနော်တို့ ဖြေရှင်းချက် ထုတ်ချင်တာပါ။ တကယ်တမ်း ဒီဟာက ဘယ်လိုဖြစ်ရမလဲ၊ ကွဲလွဲပြီးမှ ထုတ်ပြန်တဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ ပြည်သူလူထုရော၊ တခြားမဟာမိတ် အဖွဲ့အစည်းရော အထင်အမြင်မှား ဖြစ်စေတဲ့အတွက်ကြောင့် ဒါကိုပြန်ပြီးမှ ဖြေရှင်းချက်ပြုတဲ့သဘော ဖြစ်ပါတယ်ခင်ဗျ။

မေး ။ ။ တဘက်ကလည်း နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ SSPP တပ်တွေကို TNLA ကနေပြီးတော့မှ အင်အားသုံးပြီး ကားနဲ့ဖယ်ရှားလိုက်တာကို ဆိုရှယ်မီဒီယာမှာ တက်လာတာတွေ့ရတယ်။ အဲ့လိုဖြစ်ပေါ်တဲ့ အကြောင်းရင်းကရော ဘာကြောင့်လဲခင်ဗျ။ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထောက်ပြတာလည်းမရှိတော့ အဲဒီကိစ္စကို ပြောပြပေးပါဦး။

ဖြေ ။ ။ သူတို့ဖယ်ရှားခဲ့တဲ့ အကြောင်းရင်းက နမ့်ခမ်းအုပ်ချုပ်ရေးကို သူတို့ပလောင်တစ်ဖွဲ့တည်း အုပ်ချုပ်ချင်တာ သူတို့ရည်ရွယ်ချက်က အဲ့လိုသဘောပေါ့။ ဒါပေမယ့် နမ့်ခမ်းမြို့နယ်ထဲမှာ ကျနော်တို့ SSPP/SSA အခြေချလာတာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းက SSPP က ရှိနေပြီးသား ဖြစ်တယ်။ ဆိုတော့ ဒီဟာက လွယ်လွယ်လေးနဲ့ ဒါမျိုးလာပြောရင် အဆင်မပြေဘူးလေ။ ကျနော်တို့လည်း သျှမ်းပြည်အတွင်းမှာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကို အခြေခံပြီးမှ သူတို့ကို အကြောင်းပြန် ထားတာရှိတယ်။ နမ့်ခမ်းနဲ့ ပတ်သက်တဲ့ဟာတွေပေါ့လေ။ ကျနော်တို့ စာပြန်ပြီးတဲ့နောက်ပိုင်းမှာ မပြောမဆိုနဲ့ အလစ်အငိုက်ပေါ့ သာလွန်အင်အားသုံးပြီးမှ ဖယ်ရှားတယ်။

ဆိုတော့ ဒီဟာက ညှိနှိုင်းပြီးမှ ဖြစ်ပေါ်လာတဲ့ ကိစ္စမဟုတ်ဘူးဆိုတာကို မိဘပြည်သူများ သိရှိဖို့ပေါ့လေ၊ ရည်ရွယ်ချက်က ဒါကိုပြန်ပြီးမှ တုံ့ပြန်ဖို့ဖြစ်တယ်။ လွေးယေဦးက ပြောထားတာက ကျနော်တို့ ညှိနှိုင်းပြီးမှ ဖယ်ရှားတယ်လို့ ပြောတာကလေ အဲ့တာမဟုတ်ဘူး။ နယ်မြေအငြင်းပွားမှု ပြဿနာက ခဏတွင်းချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာလည်း မဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ သျှမ်းနဲ့ ပလောင်က အတူတကွ နှစ်ပေါင်း ထောင်ချီရာချီ အတူနေလာတဲ့ သျှမ်းပြည်သားအချင်းချင်းပဲ ဖြစ်တယ်။ ညီအစ်ကို အရင်းလို ဖြစ်နေတာပေါ့ဗျာ။ ဒီဟာတော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်ဆိုပြီးမှ ကျနော်တို့ ရပ်တည်ချက်က ဒီလိုမျိုး ရှိပါတယ်။

မေး ။ ။ လက်ရှိအနေအထားအရ တပ်အင်အားတွေ ဖယ်ရှားခံရတဲ့အပေါ် SSPP အနေနဲ့ ဘာဆက်လုပ်ဖို့ ပြင်ဆင်နေပါလဲ။

ဖြေ ။ ။ အဓိက ကတော့လေ ဖယ်ရှားတဲ့ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းဖို့လိုတာပေါ့။ ကျနော်တို့ FPNCC အပါအဝင်ပေါ့။ ဒါပေမယ့် ကာယကံရှင်ပလောင်အဖွဲ့က ဖြေရှင်းချက်လည်း လိုတယ်။ ပြီးတော့ ကျနော်တို့ စုဖွဲ့မှုက FPNCC အောက်မှာဆိုတော့ FPNCC မှာလည်း တာဝန်ရှိတာပေါ့။ FPNCC အဖွဲ့ဝင် အချင်းချင်း အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်။ အဓိကကတော့ ပလောင်အဖွဲ့နဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ FPNCC အနေနဲ့ပေါ့။

မေး ။ ။ လက်ရှိအနေအထားအရ နမ့်ခမ်းမြို့နယ်တစ်ခုလုံးက SSPP တပ်အင်အား မရှိတော့ဘူးဆိုတဲ့ သဘောပဲလား။

ဖြေ ။ ။ အုပ်ချုပ်ရေးပိုင်းနဲ့ အခွန်ဌာနတွေပေါ့ သူတို့(TNLA) ဖယ်ရှားတဲ့ဟာတွေက၊ အဲ့လိုမျိုး မူဆယ်မြို့နယ် ထဲကို ပြန်ပို့တယ်ဆိုတဲ့ သဘောပါ။ လုံးဝမရှိတော့ဘူးလို့တော့ ပြောလို့မရဘူးပေါ့။

မေး ။ ။ လက်ရှိအနေအထားအရ အမျိုးသားရေးကိစ္စနဲ့ မဟာမိတ်ကိစ္စတို့မှာ SSPP ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ကျနော်တို့က စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံထားတဲ့ နိုင်ငံရေး ရပ်တည်ချက်ရှိတယ်။ ဒါက ဘယ်တိုင်းရင်းသားမဆို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံတယ်။ နောက်ပြီးတော့မှ လက်တွေ့ကျင့်သုံးတယ်ဆိုရင် ဘာပြဿနာမှ မရှိဘူးလေ။ ကျနော်တို့ သျှမ်းအချင်းချင်း ညီညွတ်လို့ အခြားတိုင်းရင်းသားတွေ မညီညွတ်လို့လည်း မရပါဘူး။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေ ညီညွတ်လို့ သျှမ်းတိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်မှု မပြုလုပ်နိုင်ဘူးဆိုရင်လည်း ဒါက ပြေလည်မှာမဟုတ်ဘူးလေ။ ဆိုတော့ မျှမျှတတပေါ့ တိုင်းရင်းသားတွေနဲ့ သဟဇာတ ဖြစ်အောင်လည်း နေရမယ်။ ကျနော်တို့သျှမ်းအချင်းချင်း စုစည်းညီညွတ်မှုလည်း လိုအပ်တယ်ပေါ့။ ဒါက ကျနော်တို့စဉ်ဆက်မပြတ် လက်ကိုင်စွဲထားတဲ့ပေါ်လစီ ဖြစ်ပါတယ်။

မေး ။ ။ တဘက်မှာလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာကတော့ ဝါဒဖြန့်ပုတ်ခတ်တဲ့ သတင်းတွေကတော့ အများကြီး ထွက်ပေါ်နေတယ်။ အဓိက ကတော့ SSPP က RCSS ကိုဆိုရင် ညှာတာမပေးဘူး၊ အမြဲတမ်း အင်အားသုံးပြီးမှ ပြန်တိုက်ခိုက်တယ်လို့ပြောတယ်။ ဒါပေမယ့် မဟာမိတ်နဲ့ ပတ်သက်လာရင် အမြဲတမ်း အလျော့ ပေးနေတယ်။ တပ်တွေလည်း မဆုတ်သင့်တဲ့နေရာ ဆုတ်ပေးနေတဲ့အပိုင်းက ဒေသခံသျှမ်းလူထုအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အပေါ် SSPP အနေနဲ့ ဘယ်လိုပြောလိုပါလဲ။

ဖြေ ။ ။ အဲ့ဒါက သူ့ဘက်ကိုယ့်ဘက်အမြင်က ဘယ်လိုမှမတူနိုင်ဘူးလေ။ ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ RCSS က အမြဲအင်အားသုံးပြီး တိုက်ခိုက်တယ်ဆိုတာတော့ အနိုင်ကျင့်တယ်ဆိုတဲ့ သဘောကတော့ မဟုတ်ပါဘူး။ အရင်တုန်းက ဒီတိုက်ခိုက်မှုပြဿနာ မဖြစ်ခင်တုန်းက RCSS ရှိတဲ့ နယ်မြေထဲမှာ နယ်မြေကျွံပြီးမှ ရောက်သွား တာလည်း မရှိပါဘူး။ ဝင်ရောက်ပြီးမှ စွက်ဖက်မှုလည်း မရှိဘူးလေ။ ဆိုတော့ ပြဿနာအရင်းခံက RCSS တက်လာပြီးမှ ဒီဘက်က ပြဿနာတက်တာလေ။ ပြဿနာအရင်းအမြစ်ကို ကျနော်တို့ ကောင်းကောင်းလေ့လာ ထားမှ ဒါကပိုပြီးတော့ သိသာထင်ရှားနိုင်တယ်။ ဆိုတော့ ဒါက မဟုတ်ပါဘူးပေါ့။

နောက်ပြီး ကျနော်တို့ တပ်ဆုတ်တယ်ဆိုတာက တချို့နေရာတွေမှာ အခုဖြစ်နေတဲ့ကိစ္စက ကျနော်တို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဖယ်ရှားတာ မဟုတ်ဘူးလေ။ ဒါက မီဒီယာဝါဒဖြန့်တဲ့ ကိစ္စလည်းဖြစ်တယ်။ ဘယ်တော့မဆို ကျနော်တို့က တပ်ပေါင်းစုရယ်၊ ပါတီရယ်၊ တပ်ရယ်ဆိုတာ အဓိက မဏ္ဍိုင် (၃) ရပ် အနေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ မဟာမိတ်မရှိလို့လည်း မဖြစ်ပါဘူး။ ကျနော်တို့တပ်က အင်အား မတောင့်တင်း မခိုင်မာလို့လည်း မရဘူး ဆိုတာပေါ့။ လူတွေက SSPP ဂုဏ်သိက္ခာကျအောင် ပြောကြမှာပဲလေ။ ဆိုတော့ ပြဿနာအရင်းအမြစ်က ကျနော်တို့က စတာမဟုတ်ဘူးဆိုတာ ဖော်ပြလိုပါတယ်။

မေး ။ ။ တဘက်ကလည်း PSLF/TNLA ပြောတာကတော့ SSPP ရဲ့ သဘောတူညီချက်နဲ့ တပ်ဆုတ်တယ်လို့ ပြောတယ်။ ဒါပေမယ့် SSPP ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒါက တိုက်ပွဲခေါ်သံ ခေါ်နေတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတော့ နောက်ဆုံး ဒီအခြေအနေအရက ကျနော်တို့လည်း ကြားနေတယ်၊ ရွှေလီမြစ်ဝှမ်းမှာရှိနေတဲ့ SSPP တပ်အားလုံးကဖယ်ဖို့ TNLA နဲ့ တခြားပူးပေါင်းအဖွဲ့တွေက စီစဉ်နေတယ်လို့ ကြားတယ်။ အဲ့တော့ တကယ်တမ်း အင်အားသုံးပြီး ထပ်ဖိအားပေးလာရင် စစ်ရေးအရဖြေရှင်းတဲ့အထိ ရောက်သွားမလား၊ ဒီကိစ္စက ဘယ်လိုဖြစ်သွားမလဲ။

ဖြေ ။ ။ အဲ့ဒါက အခြေအနေအပေါ် မူတည်ပြီးမှ ကျနော်တို့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။ ကြိုတင် ပြောထားတာမျိုး၊ အခြေအနေကလည်း ကျနော်တို့ဖန်တီးတာမျိုး မဟုတ်တဲ့အတွက် ပြောဖို့က အဆင်မပြေဘူးဗျ။ ဘာလို့လဲဆိုရင် ဘယ်လိုအခြေအနေ ဖြစ်လာမလဲဆိုရင် ကျနော်တို့ ပြောလို့မရဘူးလေ။

မေး ။ ။ တဘက်ကလည်း နမ့်ခမ်းလူထုက အရင်တုန်းကတော့ SSPP ရှိနေတော့ ဘာပဲဖြစ်ဖြစ် လူထုအတွက် က ခွန်အားတမျိုးတဖုံ ရှိကောင်းရှိပါလိမ့်မယ်။ အခုက SSPP တပ်ဖွဲ့အနေနဲ့ နမ့်ခမ်းလူထုကို အကာအကွယ် မပေးနိုင်ဘဲနဲ့ တပ်ဖယ်ရှားခံလိုက်ရတယ်။ သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်ဘူး။ တဘက်ကလည်း နမ့်ခမ်းလူထုကလည်း စိတ်ပိုင်းဆိုင်ရာပေါ့၊ ငါတို့ကို အကာအကွယ်ပေးမယ့် တပ်မတော်က မရှိတော့ဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက တနည်းတဖုံ ခံစားနေရတဲ့အပေါ်မှာရော SSPP အနေနဲ့ ဘယ်လိုမျိုး ခွန်အား ပေးလိုလဲ၊ ဘယ်လိုမျိုး ပြောကြားလိုပါလဲ။

ဖြေ ။ ။ ကျနော်တို့ မိဘမရှိတဲ့မိသားစုကတော့ ခနတဖြုတ် အားငယ်ကြမှာပဲလေ။ ဒါပေမယ့် ဘယ်ကိစ္စမဆို ကျနော်တို့က ပြဿနာရှိရင် ဖြေရှင်းချက်လည်း ရှိလိမ့်မယ်။ ရောဂါရှိရင်ဆေးရှိမယ် ဆိုတာပေါ့လေ။ ဒါက ကျနော်တို့ အချင်းချင်းကြားထဲမှာလည်း ပြန်ပြီးတော့မှ ပြောရမယ့်ကိစ္စ ဖြစ်တယ်။ တခြားတွေးပူစရာရှိတာလည်း တွေးပူတာ ကောင်းတာပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လိုကုစားနိုင်မလဲ။ ကျနော်တို့က ဘယ်လိုပြန်ပြီးမှ ရပ်တည်မလဲ စတာတွေကတော့ ရှေ့လျှောက်ပြန်ပြီးတော့မှ ပြောရမယ့်ကိစ္စ ဖြစ်တယ်။ နမ့်ခမ်းပြည်သူလူထု တွေက ဘာလုပ်ချင်ကြမလဲ စသဖြင့်ပေါ့။ ဒါက အတွင်းရေးကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီနေရာမှာက ပြောရင်လည်း ကျနော်တို့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့ ကြိုပြောရင်တော့လည်း မကောင်းဘူးပေါ့လေ။ ဒါကတော့ အနာဂတ်အတွက် ပြန်ပြီးတော့ တည်ထောင်ရမှာပေါ့။ နမ့်ခမ်းတင် မကပါဘူ၊ ပန်ဆိုင်း၊ မူဆယ် စတာ တွေလည်း ဒီဘက်က သျှမ်းကြီးဒေသတွေလိုပဲ သဘောထားပါတယ်။ ဘယ်နေရာမဆို အဓိက ဦးစားပေးတယ်၊ ဦးစားမပေးဘူး ဆိုတာက မဟုတ်ပါဘူး။ ဒါပေမယ့် ပြဿနာကို ဘယ်လိုပူးပေါင်းပြီးမှ ဖြေရှင်းကြမလဲဆိုတာကို ဝိုင်းဆွေးနွေးရမှာ၊ ဝိုင်းပြီးမှ စဉ်းစားရမှာပေါ့။

မေး ။ ။ ဖြေကြားပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here