“တော်လှန်ရေးမပြီးသရွေ့ ကျနော်တို့ ဆက်လုပ်ရဦးမယ်။ ကျေနပ်အားရတဲ့ အချိန်တွေရှိသလို စိတ်ဓာတ်ကျခဲ့တဲ့ အချိန်တွေလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ကြိုးစားသွားမယ်” KNDF ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ် ပြည့်စကားသံများ

0
57

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် KNDF တပ်ဖွဲ့ဝင်များ၏ ရင်တွင်းမျှော်လင့်ချက်စကားသံစုစည်းမှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းခံရပြီးနောက် ကရင်နီပြည်နယ်အတွင်း အာဏာရှင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ခိုက်ခဲ့သည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင် စတင် တည်ထောင်ခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် “၃” နှစ် ပြည့်မြောက်ပြီဖြစ်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအနေနှင့် မေလ ၃၁ ရက်နေ့မှာ ကျရောက်သည့် KNDF တပ်ဖွဲ့တည်ထောင်မှု “၃ နှစ်” ပြည့်နှင့်အတူ KNDF ၏ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးအနေနှင့် ၎င်းတို့၏ ရင်တွင်းဆုတောင်းစကားသံများ၊ မျှော်လင့်ချက်များကို မေမြန်ပြီး စုစည်းတင်ပြပေးလိုက်ပါသည်။

မိထော် (ထောက်ပို့ရဲမေ / KNDF အမှတ် (၄) ဗျူဟာ)

KNDF က ဖွဲ့စည်းလာခဲ့တာ ၃ နှစ် ပြည့်သွားပြီပေါ့နော။ ဆက်လက်ပြီးတော့ ရှေ့ဆက်မှာလည်း ပြည်သူကချစ်တဲ့၊ ပြည်သူက လေးစားရတဲ့၊ ပြည်သူရဲ့ ကောင်းစားရေးကိုသာ ဦးစားပေးပြီးလုပ်ဆောင်တဲ့ တပ်တစ်ခုအနေနဲ့ တည်ရှိ စေချင်ပါတယ်။ မျှော်လင့်ချက်ကတော့ ဒီတပ်ဖွဲ့ထဲကို စဝင်လာသလိုပဲပေါ့နော၊ ဒီစစ်အာဏာရှင် ကျဆုံးပြီးတော့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်တဲ့ထိတော့ တိုက်ပွဲဝင်သွားမယ်ပေါ့နော။ ဒီနေ့ဒီအချိန်အထိ KNDF ဆိုတာ ၃ နှစ်ပြည့်တဲ့အထိ ရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်ပေါ့နော။ ဒါဟာ ပြည်သူတွေရဲ့ support (ထောက်ပံ) ပေးမှုကြောင့် ဖြစ်တယ်ပေါ့နော။ ဒီလိုပဲ ရှေ့ဆက်ရပ်တည်နိုင်ဖို့လည်း ပြည်သူတွေရဲ့ support (ထောက်ပံ) ပေးမှု ဆိုတာ လိုတယ်ပေါ့နော။ ဒါကြောင့်မို့လို့ ရှေ့ဆက်မှာလည်း ကျနော်တို့နဲ့ ဆက်အားတင်းထားပေးပါ။ ဒီအရေးအခင်းကြီး ပြီးသွားတဲ့အချိန်ထိ အတူရှိကြပြီး အတူတိုက်ပွဲဝင် သွားကြမယ်ပေါ့နော။

အင်ဒရူး (ဒု-တပ်ခွဲမှူး / KNDF တပ်ရင်း (၇))

ကျနော်တို့ တော်လှန်ရေးလုပ်လာတာလည်း ၃ နှစ် ရှိခဲ့ပြီဆိုတော့ တော်လှန်ရေးကာလလည်း အဓွန့်ရှည် သွားပြီပေါ့နော။ ကျနော်တို့ စလုပ်တုန်းကဆို လက်လုပ်သေနတ်တွေနဲ့ပဲ လုပ်နေကြတယ်။ အခုတော့ တော်တော်တော့ အားရစရာတွေတော့ ရှိခဲ့ပြီပေါ့နော။ လူတိုင်း တစ်ယောက်တစ်လက် သေနတ်တွေလည်း ကိုင်နိုင် ကြတယ်။ လက်နက်ဆိုလည်း အကြီးအငယ် အများကြီး ရှိလာပြီပေါ့နော။ တော်တော်တော့ အားတက်စရာ ဖြစ်တာပေါ့နော။ ကျနော်တို့ KNDF မှာပေါ့နော၊ ဒီ ၃ နှစ်တာကာလအတွင်းမှာ ပေးဆပ်မှု တွေတော့ အများကြီး ရှိခဲ့ပါတယ်။ ဒီထက်လည်း ပေးဆပ်ရဦးမှာပဲ။ တော်လှန်ရေး မပြီးသ၍ ကျနော်တို့ ဆက်လုပ်ရဦးမယ်။ ကျေနပ်အားရတဲ့ အချိန်တွေရှိသလို စိတ်ဓာတ်ကျခဲ့တဲ့ အချိန်တွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ကြိုးစားသွားမယ်။ ကျနော်တို့လူငယ်တွေမှာတော့ မျှော်လင့်ချက်ဆိုတာတော့ အကုန်လုံးနီးနီး တသားထဲ သွားတာပဲလေ။

တော်လှန်ရေးကာလမှာ ဘာလို့ဒီတော်လှန်ရေး လုပ်လဲဆိုတော့ ကျနော်တို့ လူငယ်တွေရဲ့အဖြေက တစ်ခွန်းထဲပဲ ထွက်မှာပဲ။ ဒီစစ်အာဏာရှင်စနစ်ကို မကြိုက်လို့ပေါ့နော။ ဒီကာလမှာ ကျနော်တို့ခေတ်လည်း ရောက်နေပြီ၊ ကျနော်တို့ မလုပ်လို့မဖြစ်တဲ့ အခြေအနေမို့လို့ ကျနော်တို့ လုပ်ခဲ့တယ်။ ကျနော်တို့ ရှေ့ဆက်ပြီးလည်း ဒီအလုပ်ကို ကျနော်တို့ ဆက်လုပ်သွားမယ်ပေါ့နော။ ကျနော်တို့အနေနဲ့ ဒီတော်လှန်ရေး စလုပ်ကတည်းက ပြည်သူကိုပဲ အားကိုးတယ်။ ပြည်သူကိုပဲ အားထားတယ်ပေါ့နော။ ကျနော်တို့ စားတဲ့ ထမင်းတလုပ်ကအစ ကျနော်တို့ ပြည်သူတွေကို အားကိုးတယ်။ ကျနော်တို့ အလှူခံတယ်။ ရတဲ့ပိုက်ဆံတွေကို ကျနော်တို့ လက်နက်စုဆောင်း တယ်၊ ကျည်တွေ ဝယ်တယ်။ စားနပ်ရိက္ခာကအစ ပြည်သူဆီကပဲ စီးဆင်းတာဆိုတော့ ပြည်သူတွေကို လေးစားတယ် ကျနော်တို့အနေနဲ့ပေါ့နော။ ပြည်သူတွေလည်း ကျနော်တို့ကို ဆက်လက်ပြီးတော့ ထောက်ပံ့ပေးပါ။ နားလည်မှု အပြည့်နဲ့ ကျနော်တို့ဘက်ကနေ အမြဲတမ်း ရပ်တည်ပေးပါလို့ ပြောချင်ပါတယ်။

ပလဲဖော (ဒု-ရုံးဦးစီးမှူး / KNDF ဗျုဟာအမှတ် (၄))

ကျမတို့ စစ်အာဏာရှင်ကိုတိုက်ခဲ့တာ အချိန်အတိုင်းအတာတစ်ခု ၃ နှစ်ဆိုတဲ့ အချိန်အတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်။ ကျမတို့က ကိုယ်စရွေးခဲ့တဲ့လမ်း၊ ကိုယ်စလျှောက်ခဲ့တဲ့လမ်းကနေ စပြီးတော့ အခု ဒီအချိန်အထိ ရပ်တည်ပြီးတော့ တိုက်ခိုက်နေကြတယ်။ လာမယ့်အနာဂတ်တွေ ရှေ့ဆက်လျှောက်လှမ်းရမယ့် အချိန်မှာလည်း ကျမတို့အတူတကွ ထပ်ပြီးတော့ စစ်အာဏာရှင်ကို တွန်းလှန်သွားကြမယ်ပေါ့နော။ ကျမတို့ ဒီ ၃ နှစ် အတွင်းမှာ အများကြီးတော့ ပေးဆပ်လိုက်ရပြီပေါ့နော။ ကျမတို့ လူအားဖြင့်သော်လည်းကောင်း၊ ငွေအားဖြင့် သော်လည်းကောင်း၊ ပြည်သူတွေနဲ့ သော်လည်းကောင်း၊ ကျမတို့ အများကြီးပေးဆပ်ခဲ့ရပြီ ဖြစ်တယ်။ ကျမတို့ရှေ့ဆက်ပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီ သွားတဲ့လမ်းပေါ်မှာ အများကြီး ပေးဆပ်ရဦးမှာပဲဆိုတာ ကျမတို့က အများကြီး မျှော်လည်းမျှော်လင့်ထားတယ်။ တိုးတက်မှုပိုင်း၊ ဆုတ်ယုတ်မှုပိုင်းကော ကျမတို့ အများကြီး ပြင်ဆင်ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရရောပေါ့။ ပြည်သူလူထုနဲ့ ကျမတို့က တသားထဲပေါ့နော။ ကျမတို့ ပြည်သူလူထုပါမှပဲ တော်လှန်ရေးကို ဆက်ပြီးတော့မှ တိုက်ခိုက်တွန်းလှန် နိုင်မှာပေါ့နော။ အဲ့တော့ ကျမတို့က ပြည်သူလူထုကို ပြောချင်တာက ကျမတို့နဲ့အတူ ရပ်တည်ပေးပါ။ ကျမတို့ကို ထောက်ပံ့ပေးပါ။ ကျမတို့အတွက် ဆုတောင်းပေးပါလို့ပဲ အဓိက ပြောချင်ပါတယ်။

မိုက်ကယ် (ရုံးအုပ် / KNDF တပ်ရင်း (၇))

ကျနော့်တစ်ယောက်အနေနဲ့ဆို KNDF က အရင်တုန်းကနေ အခုအထိ အတိုင်းအတာတစ်ခုထိ တိုးတက်လာတယ် ပေါ့နော။ သက်ဆိုင်ရာလူကြီးတွေ၊ ရဲဘော်အားလုံးရဲ့ ကြိုးစားမှု၊ ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် ကျနော်တို့ ယနေ့ထိ ရပ်တည်နိုင်တယ်ပေါ့။ အရင်ကထက်စာရင်လည်း ပိုတိုးတက်လာတယ်။ အဲ့လိုပဲ မြင်တယ်ပေါ့နော။ မျှော်လင့်ထားတာကတော့ ထွေထွေထူးထူး မရှိပါဘူး။ အများရဲ့ မျှော်လင့်ချက်နည်းတူပါဘဲ။ ကျနော်တို့ ဒီအရေးအခင်းကြီး အမြန်ဆုံး ပြီးစေချင်တယ်။ ကျနော်တို့လည်း ကျနော်တို့မိသားစုနဲ့ ကျနော်တို့ နေချင်တယ် ဒီလောက်ပါဘဲ။ ပြည်သူလူထုတွေကို ဘာပြောချင်လဲဆိုတော့ သည်းခံလက်စနဲ့ ဆက်လက် သည်းခံပေးကြပါ တောင့်ခံပေးကြပါ။ သက်ဆိုင်ရာဘက်ကနေ နိုင်ရာဝန်ကိုပဲ ဝိုင်းဝန်းကူညီ အားဖြည့်ကြပါ။ ဒီလောက်ပဲ ပြောချင်ပါတယ်။

ဆာဗင်းရီယို (တပ်ဖွဲ့ဝင် / KNDF တပ်ရင်း (၄))

“၃ နှစ်” ပြည့်လာပြီဆိုတော့ ပြောချင်တာက အစကနေ ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်သူလူထုတွေရော၊ အဘက်ဘက်ကနေ တတ်နိုင်သမျှ ပါဝင်ကြတဲ့ လူထုတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အစကနေ အခုချိန် ၃ နှစ် ပြည့်တဲ့အထိ ပါဝင်ကြတဲ့ ရဲဘော်ရဲမေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားရမယ့် အရာတွေကိုလည်း ကျနော်တို့ဘက်ကနေ တတ်နိုင်သမျှ ဆက်လုပ်သွားဖို့ ပြောချင် ပါတယ်။ ပြည်သူလူထုတွေကိုတော့ ကျနော်တို့နဲ့အတူ ကြိုးစားကြမယ်။ ရုန်းကန်ကြမယ်။ ဒီတော်လှန်ရေး ပြီးတော့မှာမလို့ပေါ့နော။ တူတူ ရုန်းကန်ကြမယ်။ ကြိုးစားကြမယ်။ အားထုတ် ကြမယ်ပေါ့နော။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here