ထားဝယ် အရှေ့တောဒေသရှိ နေအိမ် ၅၀၀ ကျော် ဖောက်ထွင်းခံရ

0
53
ပုံစာ - ထားဝယ် အရှေ့တောဒေသရှိ နေအိမ်တချို့ (Photo – CJ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-မေတ္တာ-ထီးခီး ကားလမ်းပေါ်က တောင်သုံးလုံးကျေးရွာရှိ နေအိမ်အလုံး ၅၀၀ ကျော် ဖောက်ထွင်းခံလိုက်ရသည်ဟု ဒေသခံများက ပြောပါသည်။

တောင်သုံးလုံးကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက နှစ်ဖက်တပ်ကြား တိုက်ပွဲများ ပြင်းထန်ခဲ့တာကြောင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ကြရသည်။

ယင်းနောက် နှစ်ဖက်တပ်ကြား တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားပြီး ၃ လ အကြာ မေလ တတိယအပတ်အတွင်း၌ ဒေသခံပြည်သူတချို့ နေရပ်ပြန်လာစဉ် နေအိမ်အားလုံးနီးပါး ဖောက်ထွင်းခံထားရတာကို သိရှိရခြင်းဖြစ်သည်ဟု ပြောပါသည်။

ဖောက်ထွင်းခံရသော ဒေသခံနေအိမ်များရှိ စားသောက်ကုန်၊ အိမ်ထောင်ပရိဘောဂ၊ တန်ဖိုးကြီး အိမ်အသုံး အဆောင် ပစ္စည်းများအပြင် အိုးခွက်ပုဂံများကအစ ပျောက်ဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင် တိုက်ပွဲအတွင်း ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်တာ၊ လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးမှုများရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် တောင်သုံးလုံးရွာကို စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များလည်း ဝင်ရောက်တပ်စွဲနေထိုင်တာရှိခဲ့သည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ထားဝယ်အရှေ့တောဒေသ၌ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်ကြား တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကျေးရွာ ၁၀ ရွာနီးပါးမှ ဒေသခံပြည်သူ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားခုနစ်ဦးထက်မနည်း သေဆုံးပြီး လူနေအိမ်၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ အမြောက်အများ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်။

လွတ်လပ်သည့်သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ ပြီးခဲ့သည့် ဧပြီလအစီရင်ခံစာရ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည့် တနင်္သာရီတိုင်းတွင် အရပ်သားပြည်သူ ၆၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here