ရေဖြူဒေသတွင် စစ်ရေးလှုပ်ရှားမှု ခေတ္တရုတ်သိမ်းကြောင်း MSRF ကြေညာ

0
46
Photo - MSRF

မွန်လူမျိုးအခြေပြု လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) က လတ်တလော၌ အကြောင်းအမျိုးမျိုးကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် ရေဖြူဒေသတွင် စစ်ရေးလှုပ်ရှားမှုကို ခေတ္တခဏ ရုတ်သိမ်းလိုက်သည်ဟု မေလ ၃၀ ရက်နေ့က အသိပေးထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော မွန်ပြည်တော်လှန်ရေးတပ်သည် မွန်ပြည်နယ်၊ ရေးမြို့ နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်တို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေဖြင့် ယခုလို ရေဖြူဒေသ၌ စစ်ရေးလှုပ်ရှားမှုများကို ခေတ္တရုတ်သိမ်းခြင်း နှင့်ပတ်သက်ပြီး အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ယခုလို ပြောဆိုသည်။

“ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အခြားသော မဟာမိတ်တပ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ ABSDF နဲ့ ကံပေါက်ဒေသ PDF တို့နဲ့အတူ ရေဖြူမြို့နယ်မှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာ ကြာပါပြီ။ လွန်ခဲ့တဲ့ တပတ်နှစ်ပတ်လောက်က တခြားတပ်တွေလည်း ရောက်ရှိလာပြီးတော့ လှုပ်ရှားမှုတွေ အတူလုပ်ဆောင်တာတွေ ရှိတယ်။ အဲဒီအပေါ်မှာ မလိုလားအပ်တဲ့ (ဆိုရှယ်မီဒီယာ) Post တွေ တက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးတည်ချက် ရည်မှန်းချက်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေကိုလည်း သံသယရှင်းစေလိုတဲ့ ဆန္ဒနဲ့ တပ်တွေကို ရုတ်သိမ်းလိုက်တာ ဖြစ်တယ်” ဟု နိုင်နဂါးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မွန်ပြည်သစ်ပါတီ AD နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပူးပေါင်းပြီး ရေဖြူဒေသတွင် လှုပ်ရှားနေသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သည့် မွန်တပ်ကို အနိုင်ကျင့်တိုက်ခိုက်ခဲ့သည်ဟု လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ AD နှင့် မွန်တပ်ဘက်က တာဝန်ရှိသူများက နှစ်ဘက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာများကို ဖြေကြားထားသည်။

MSRF အနေနှင့် စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်ရာတွင် မွန်လက်နက်ကိုင်တပ်များနှင့် PDF တပ်များကို ပူးပေါင်းလက်တွဲရန် မူများ ချမှတ်ထားပြီး အင်အားကြီးလက်နက်ကိုင်အဖွဲ့က အင်အားငယ်လက်နက်ကိုင်အဖွဲ့ကို အနိုင်ကျင့်သည်များ လက်မခံဟု ပြောဆိုသည်။

တဘက်တွင်လည်း သံဃာတော်များ အရပ်သားပြည်သူများနှင့် ပညာရှင်များ သဘောဆန္ဒအတိုင်း ရည်ရွယ်ပြီး မွန်လက်နက်ကိုင်တပ်ဖွဲ့များကြား ညီညွတ်ရေးတည်ဆောက်ရန် MSRF အနေနှင့် မွန်လက်နက်ကိုင်အဖွဲ့များကို စကားပြောဆွေးနွေးမှုများရှိကြောင်း MSRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်နဂါးက “မွန်ပြည်တော်လှန်ရေးတပ်က NMSP-AD နောက်ပြီးတော့ အခြားသော မွန်တပ်တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ MSDF မွန်ပြည်ကာကွယ်ရေးတပ်နဲ့ ကျွန်တော်တို့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ အခု ဆိုလို့ရှိရင် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အပြင် အခြားသော ပူးပေါင်းဆောင်ရွက်မှုတွေလည်း စတင်လုပ်ဆောင် နေတာ ရှိပါတယ်။ ဒါပေမယ့် MSDF မွန်အဖွဲ့ကလွဲရင် ကျန်တဲ့မွန်တပ်ဖွဲ့တွေနဲ့ ဘယ်တပ်ဖွဲ့နဲ့မှ မဟာမိတ်အဖြစ် ဖွဲ့စည်းထားခြင်း မရှိသေးဘဲနဲ့ စစ်ရေးပူးတွဲလုပ်ဆောင်မှုတွေလည်း လုံးဝမရှိသေးဘူးဆိုတာ ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုပါတယ် ခင်ဗျ” ဟု ပြောဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF က စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် မွန်လူမျိုးများ အခွင့်အာဏာအပြည့်အဝ ရှိသည့် မွန်ပြည်ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး အာဏာရှင်စစ်ကောင်စီကို တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။

လက်ရှိ၌ ရေဖြူဒေသတွင် စစ်ရေးလှုပ်ရှားမှု ရုတ်သိမ်းလိုက်ပေမယ့် မွန်ပြည်နယ်မှာရှိသည့် ရန်သူ့တပ်စခန်းများ အားလုံးကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF က အသိပေး ထုတ်ပြန်ထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here