ထီးချိုင့်တွင် တိုက်ပွဲပြန်ဖြစ်မည့် သတင်းထွက်ပေါ်နေခြင်းကြောင့် စစ်ဘေးရှောင်များ မြို့မှ ထပ်မံတိမ်းရှောင်နေ

0
37

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့ပေါ်မှနေ မြို့တဖက်ကမ်းရှိ ကျေးရွာများ၌ စစ်ဘေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲပြန်ဖြစ်ပွားမည့်ဆိုသည့် သတင်းများကြောင့် မန္တလေး၊ မုံရွာနှင့် ပြင်ဦးလွင်မြို့နယ်များအထိ စစ်ဘေးတိမ်းရှောင်မှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။

လတ်တလော ရရှိထားသည့် သတင်းများအရ စစ်ဘေးရှောင်များရှိနေသည့် သပြေလှ၊ အုတ်ဆုံ၊ မြတောင်၊ တောရ ကျေးရွာများမှ ဒေသခံများကို တပတ်အတွင်း ပြောင်းရွေ့ထားကြရန်အတွက် တော်လှန်ရေးအင်အားစုများက နှိုးဆော်မှုများ ရှိနေကြောင်း သိရသည်။

အလားတူ ထီးချိုင့်မြို့ခံ စစ်ဘေးရှောင်များရှိနေသည့် မောင်းကုန်းကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများတွင် ယခုကြံရိတ်သိမ်း ရာသီပြီးလျှင်တော်လှန်ရေးအင်အားစုများက တိုက်ပွဲပြန်ဖော်ဆောင်မည်ဖြစ်သောကြောင့် စိုးရိမ်ပြီး စစ်ဘေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း မန္တလးမြို့တွင် စစ်ဘေးရှောင်လာသူတစ်ဦးက ပြောဆိုသည်။

“၆ လပိုင်း ၁၆ ရက်နေ့လား မသိဘူး ဂရိတ်ဝေါ အပြီးပိတ်မယ်။ အပိတ်နဲ့ တိုက်ပွဲ စမှာနဲ့ ချိန်ထားတယ်။ အဲ့နားက အုတ်ဆုံ၊ သပြေလှတောရ အဲ့တာတွေ အကုန်သိမ်းခိုင်းထားတာ။ မြတောင်နဲ့ ထီးချိုင့်ကို တချိန်တည်း ချမှာ (တိုက်ခိုက်မှာ) တဲ့။ ဒီက သောကတွေနဲ့ အဲ့စကားကတော့။ တစ်မြို့လုံးပြောနေတာ စိတ်ဆင်းရဲစရာကြီးပဲ။ ဘာမှ မလုပ်ချင်တော့ဘူး” ဟု တိုက်ပွဲသတင်းကြောင့် မန္တလေးမြို့တွင် တိမ်းရှောင်နေသည့် ထီးချိုင့်မြို့ခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် တကောင်းနီကယ် စီမံကိန်းနှင့် ဂရိတ်ဝေါ သကြားစက်ရုံ ရှိသည့် မောင်းကုန်းကျေးရွာကိုတော့ ရွေ့ပြောင်းခိုင်းခြင်း မရှိကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်များသည် စစ်ရှောင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရမှုများ၊ ကုန်စျေးနှုန်း ကြီးမြင့်မှုများနှင့် စစ်ဆေးရေးကြမ်းတမ်းမှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်လာသူများက ပြောဆိုသည်။

ထီးချိုင့်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှစ၍ KIA ၊ PDF၊ ABSDF နှင့် AA တပ်တို့ ပူးပေါင်းပြီး ဖော်ဆောင်ခဲ့သည့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲသည် ယခုအချိန်ထိ အပြီးသတ် မသိမ်းပိုက်နိုင်သေးဘဲ လအနည်းငယ် ပြန်လည်ငြိမ်သက်လာခဲ့ရာမှ အခုအခါ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်နေခြင်းလည်း ဖြစ်သည်။

ယခင်ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း မြို့တွင်း၌ အကြောင်းမျိုးမျိုးကြောင့် ထွက်ခွာခွင့် မရခဲ့ခြင်း၊ တိမ်းရှောင်ရန် နောက်ကျကျန်ရစ်ခဲ့သည့် ထီးချိုင့်မြို့ခံ ပြည်သူတချို့ မြို့တွင်း၌ ပိတ်မိနေခဲ့ကြပြီး အသက်ဆုံးရှုံး ခဲ့ကြရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

မောင်းကုန်းကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက “ထီးချိုင့်လို ဖြစ်မှာစိုးလို့ ထီးချိုင့်တုန်းက ပြေးကြပြေးကြလို့ ပြောရဲ့သားနဲ့ မဖြစ်လောက်ဘူးဆိုပြီး မပြေးကြဘူးလေ။ တချို့ဆို ရွာထဲနေနေရတာ၊ မပြောင်းနဲ့လို့ ပြောကြတာ ဖြစ်လာရင်တောင်မှ တခြားနေရာရွေ့လို့ ရတယ်ပေါ့လေ။ တော်ကြာ ကလေးတွေက တွဲလောင်းတွေနဲ့ ပြေးလွှားရ ရှုပ်လို့ မဖြစ်ခင်ကတည်းက ကြိုတင်ပြေးထားတော့အေးရော” ဟု ပြောသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကြောင့် ထီးချိုင့်မြို့ပေါ်ဒေသခံ တစ်သောင်းကျော်သည် မောင်းကုန်း၊ ဆန်ကျည်တောင်၊ ရေရှင်၊ လေသာ၊ အလယ်တော၊ ပေါက်ကုန်း၊ ကျက်သရေချောင်းရွာ၊ တကောင်းမြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့တွေမှာ စစ်ဘေးရှောင် နေကြရသည်။

မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည့်သတင်း ထွက်ပေါ်ချိန်တွင် စစ်ကောင်စီတပ်က စစ်ရှောင်များကို နေရပ်ပြန်ဝင်ခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင် ၈၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ လနှင့်ချီ ကြာမြင့်ခဲ့ပေမယ့် ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here